Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 6 April 2012

အကျိုးပေးချိန်(ပါကကာလ)အရ ကံလေးမျိုး

အကျိုးပေးချိန်ကို လိုက်၍ ကံတရားသည် ဒိဋ္ဌဓမ္မဝေဒနီယကံ၊ ဥပပဇ္ဇဝေဒနီယကံ၊ အပရာပရိယဝေဒနီယကံ၊ အဟောသိကံ လေးမျိုးကွဲပြားသည်။

ဒိဋ္ဌဓမ္မဝေဒနီယကံ

ယခုဘ၀၌ပင် ချက်ချင်း အကျိုးပေးသောကံကို ဓိဋ္ဌဓမ္မဝေဒနီယကံဟု ခေါ်၏။

ဒိဋ္ဌဓမ္မဝေဒနီယကံ ဟူသည် ကုသိုလ်၊ အကုသိုလ်မူကို ပြုသည့်အခါ ကုသိုလ် အကုသိုလ်ဇော ၇-ကြိမ်ဖြစ်သည့်အနက် ပဋ္ဌမဇော စေတနာပင် ဖြစ်သည်။ ထိုပဋ္ဌမဇော စေတနာကြောင့် ယခုဘ၀၌ပင် အကျိုးပေးလာရသည်။ ၇-ရက်အတွင်း အကျိုးပေးလျှင် ပရိပက္က(ရင့်ကျက်သော) ဒိဋ္ဌဓမ္မဝေဒနီယကံ မည်၏။

ပထမဇော စေတနာသည် မိမိရှေ့၌ ဇောစိတ်များမရှိ၊ မိမိသာလျှင် ပထမဆုံးဖြစ်၍ ရှေ့သွားထောက်ပံ့မူမရသဖြင့် အားမကောင်းချေ။ ထို့ကြောင့် အခြားဇောစိတ်များကံသို့ ပဋိသန္ဓေကျိုးကို မပေးနိုင်၊ ဘ၀သစ်တစ်ခု ဖြစ်ပေါ်လာအောင် မထူထောင်နိုင်ဘဲ ယခုဘ၀ ယခုရနေသည် ခန္ဓာကိုယ် အတ္တကာ၌ပင် ပ၀တ္တိကျိုးအဖြစ် အကျိုးပေးရသည်။ ထိုပဋ္ဌမဇော စေတနာသည် ပ၀တ္တိကျိုးကို ပေးရာ၌လည်း အကြောင်းအင်္ဂါလေးမျိုး ပြည့်စုံညီညွတ်မှ ပေးနိုင်သည်။

(၁) အနာဂါမ်(သို့မဟုတ်) ရဟန္တာအလှူခံပုဂ္ဂိုလ်တို့ကို ပေးလှူရခြင်း၊

(၂) အလှူရှင်ကလည်း စေတနာသုံးတန် ထက်သန်အားရှိရခြင်း၊

(၃) လှူဖွယ်ဝတ္ထုကလည်း တရားသဖြင့် ရှာဖွေရရှိသော ၀တ္ထုပစ္စည်း ဖြစ်ရခြင်း၊

(၄) အနာဂါမ်ရဟန္တာ အလှူခံပုဂ္ဂိုလ်မြတ်များသည်လည်း ထိုအလှူခံချိန်တွင် နိရောသေမာပတ်မှ ထပြီးခါစဖြစ်ရခြင်း။

ဤအင်္ဂါလေးချက်နှင့် ညီညွတ်သော ကုသိုလ်သည် ချက်ချင်း အကျိုးပေးသည်။ ကုသိုလ်အရာတွင် မဟာဒုက်ဆင်းရဲသား ကဿပ ဘုရားရှင်အား ဆွမ်းကပ်လှူရခြင်းကြောင့် ချက်ချင်းပင် သူဌေး ဖြစ်သွားသည်။

အကုသိုလ်အရာတွင်လည်း နန္ဒနွားသတ်သမားသည် ထမင်းဝိုင်းတွင် ဟင်းမပါ၍ နွားအရှင်လတ်လတ်၏ လျှာကို လှီးဖြတ်ကင်စားခိုက်မှာပင် လျှာပြတ်ကျ၍ အ၀ီစိသို့ ရောက်ရသည်။ စိဉ္စမာဏ၀ိကာမိန်းယုတ် မြတ်စွာဘုရားအား မတရားစွပ်စွဲ၍ အ၀ီစိသို့ ရောက်ရသည်။

ဥပပဇ္ဇဝေဒနီယ ကံ
သေပြီးသည့် နောက်ဘ၀(ဒုတိယဘ၀)၌ အကျိုးခံစားရသော ကံသည် ဥပပဇ္ဇဝေဒနီယကံမည်၏။ ဇောစိတ်အစဉ်အရ သတ္တမဇောစေတနာ ဖြစ်သည်။ ဒါန သီလ စသော ကုသိုလ်မူများနှင့် ပါဏာတိပါတစသော အကုသိုလ်များကို ပြုလုပ်ရာတွင် ဇောစိတ်အစဉ်များ ဖြစ်ရာ သတ္တမဇောခေါ် နောက်ဆုံး ဇောအခိုက်ရောက်မှသာ ကံအဖြစ် ကမ္မပထမြောက်ကြသည်။ ရှေးရှေးဇောတို့သည် နောက်ဆုံးသတ္တမဇော အင်အားရှိအောင် အဆင့်ဆင့် ထောက်ပံ့ကူညီကြ၍ သတ္တမဇောရောက်မှသာ ကံအထမြောက် ပြီးစီးသည်။

သတ္တမဇောစေတနာသည် အရေးအပါဆုံးဖြစ်သည်။ ထို့ကြောင့် ပဋိသန္ဓေအကျိုးကို ပေးနိုင်သည့် အင်အားရှိသည်။ ပဋ္ဌာန်းဒေသနာတွင် အနန္တရကမ္မသတ္တိဟု ခေါ်သည်။

အပရာပရိယဝေဒနီယ ကံ
ဤဘ၀မှ စတင် ရေတွက်လျှင် တတိယဘ၀မှစ၍ နိဗ္ဗာန်ရသည့် ဘ၀တိုင်အောင် အကျိုးအဆက်ဆက်ကို ပေးတတ်သောကံကို အပရာပရိယ ဝေဒနီယကံဟု ခေါ်သည်။ ကုသိုလ် အကုသိုလ်မူပြုသော စိတ်အစဉ်တွင် ဇော(၇)ကြိမ်စောရာ၌ (ပထမနှင့် သတ္တမဇောမှတပါး) အလယ်ဇော(၅)ချက်တို့၌ ရှိသော စေတနာဖြစ်သည်။

ဤစေတနာအားသည် တတိယဘ၀မှစ၍ ဘ၀မှ မဆုံးမချင်း သံသရာကျင်လည်ရာတွင် အခွင့်သင့်ရာဘ၀၌ အကျိုးပေးနိုင်သည်။ ကုသိုလ် အကုသိုလ်ကံများကို ပြုလုပ်ကြရာတွင် မိမိသတ္တိရှိသမျှ အကျိုးပေးပြီးသည့် အခါမှသာ ကံ၏သတ္တိ ကုန်ဆုံးသွားသည်ဟု ဆိုရသည်။ အကျိုးမပေးရသေးသမျှ ထိုကမ္မသတ္တိမှာ ငုပ်ကွယ်လျက်ရှိနေ၏။

အဟောသိ ကံ
ကုသိုလ် အကုသိုလ်ကံများ အကျိုးပေးရမည့်အချိန်၌ အကြောင်းမပြည့်စုံ၍ အကျိုးမပေးဘဲ အချိန်အခါ လွန်သွားသည်ကိုပင် အဟောသိကံဟု ခေါ်သည်။

ပစ္စုပ္ပန်ဘ၀၌ ဒိဋ္ဌဓမ္မအကျိုးပေးနိုင်သော ကံအများကို အားထုတ်ထားရာတွင် အားကြီး၍ အကြောင်းပြည့်စုံသော ကံတစ်ခုကသာ အကျိုးပေးလျှင် ကြွင်းသောကံများ ဒိဋ္ဌဓမ္မအကျိုးပေးခွင့်မရ၊ အဟောသိကံ ဖြစ်သွား၏။ ဥပပဇ္ဇဝေဒနီယကံအများကို အားထုတ်ထားရာ၌ ကံတစ်ခုခုက ပဋိသန္ဓေ အကျိုးကိုပေးလျှင် အခြားကံများက ပဋိသန္ဓေအကျိုးကို မပေးနိုင်တော့ပေ၊ ပ၀တ္တိကျိုးအနေဖြင့်မူ ပေးနိုင်သေး၏။ ပ၀တ္တိကျိုးကိုမျှ မပေးရလျှင် ထိုကံ အဟောသိကံ ဖြစ်သွားသည်။

ဥပမာ - ပဉ္စာနန္တရိယ ကံငါးပါးလုံးကို ကျူးလွန်သူသည် သတ္တိအထက်ဆုံး အပြစ်အကြီးဆုံးဖြစ်သော သံဃဘေဒကကံကြောင့် နောက်ဘ၀၌ ငရဲကျ၏။ ကြွင်းကံများကား အဟောသိကံများ ဖြစ်သွားကြလေသည်။ ရူပ အရူပကုသိုလ်ကံဖြစ်သော ဈာန်သမာပတ်(၈)ပါးလုံးကို ရသူ၌လည်း သမာပတ်တစ်ပါးသာ ပဋိသန္ဓေကျိုးပေး၏။ ကြွင်းသမာပတ်ကုသိုလ်ကံများ အဟောသိကံ ဖြစ်သွားကြသည်။

အင်္ဂုလိမာလသည် လူသတ်မူအကုသိုလ်ကံ များစွာ ပြုလုပ်ခဲ့သော်လည်း ကုသိုလ်ကံတို့တွင် အင်အားအကြီးဆုံး လောကုတ္တရာကုသိုလ်ကံဖြစ်သော အရဟတ္တမဂ်ဉာဏ်က ကြီးလေးသော အကုသိုလ်သတ္တိမှန်သမျှ အပြီးသတ် ပယ်သတ်လိုက်သဖြင့် အကုသိုလ်များ အကျိုးမပေးနိုင်တော့ဘဲ အဟောသိကံများ ဖြစ်သွားကြလေသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့