Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 6 April 2012

"လူညံ့

တစ်နေ့တုန်းကမိဘတစ်ယောက်ဟာသူ့သမီးကိုစာမေးပွဲအမှတ်နည်းလို့ဆိုပြီး ကြိမ်ဖြင့်ရိုက်ပြီးဆုံးမနေသည်။ ကျောင်းသူလေးဟာ ရှက်လည်း ရှက်သည်။ ကြောက်လည်း ကြောက်သွားသည်။ အဲဒီလို ဆူလိုက်၊ရိုက်လိုက်လို့ ပိုပြီးညံ့သွားတာတွေကို ကျွန်တော်ခဏခဏ တွေ့နေရသည်။  
                 အဲ့ဒီ ကျောင်းသူလေးရဲ့ ဖြစ်ရပ်ကိုကြည့်ပြီး '' ညြံ့ခင်း'' ''တော်ခြင်း '' အကြောင်းကို စဉ်းစားနေမိသည်။
တကယ်တော့ ဒီနေ့ လူငယ်တွေ တော်ကြပါသည်။ဗဟုသုတလည်း ကြွယ်ဝကြပါသည်။ ဒါပေမယ့် လူငယ်တွေတော်နေတာကို လူကြီးတွေ သတိမပြုမိကြ။ လူငယ်တွေ
တော်နေကြတာဟာ လူကြီးတွေ တော်စေချင်သလို တော်နေကြတာ မဟုတ်ကြ။ ဒါကြောင့် လူငယ်နဲ့ လူကြီးတွေရဲ့အကြားမှာ ပဋိပက္ခတွေ အမြဲဖြစ်နေကြရသည်။
ချားလ်ဒါဝင်ရဲ့ အကြောင်း ပြောပြချင်သည်။
                                      ချားလ်ဒါဝင်ကိုလူတိုင်းသိကြသည်။လူကို မျောက်ကဆင်းသက်တယ်လို့ရဲရဲဝံ့ဝံ့တင်ပြပြောဆိုသွားခဲ့တဲ့ ပညာရှင်တစ်ယောက်ဖြစ်တယ်။သူ့ရဲ့ ငယ်ဘ၀မှာ ထင်ရှားတဲ့ အဖြစ်အပျက်တစ်ခု ရှိခဲ့ဘူးသည်။ သူဟာ ငယ်စဉ်တုန်းက ခရစ်ယာန် ဘုန်းတော်ကြီးကျောင်းမှာ နေရတယ်။
ကျောင်းနေပြီး (၂)နှစ်လောက်ကြာတဲ့အခါ ကျောင်းရုံးခန်းထဲမှာ သူတို့ကျောင်းအုပ်ကြီးနဲ့ သူ့ရဲ့ ဖခင်က ဆူသည်။ရိုက်သည်။သူ့ကိုရိုက်ပြီးတဲ့အခါသူကဆရာနဲ့အဖေကို မေးတဲ့ ပြောတဲ့ စကားများသည် ကျွန်တော်တို့ အားလုံး အတွက် တွေးစရာလေးတွေ ရှိနေသည်။
သူက မေးသည်။
''ဆရာကြီးနဲ့ အဖေခင်ဗျာ၊ ကျွန်တော့်ကို ဘာကြောင့် ရိုက်နေရတာတုံး''
သူ့အဖေက ပြန်ပြောသည်။
''ဘာလို့ အရိုက်ခံရမှန်း မသိလောက်အောင် ညံ့လှချည်လား ငါ့သားရာ''
ဆရာက ပြောသည်။
''မင်း....ဒီကျောင်းမှာနေတာ (၂)နှစ်ရှိပြီ။ ဒီစာ (၂)မျက်နှာရအောင် မင်းမကျက်နိုင်ဘူး။ ဒါကြောင့် မင်းကိုငါတို့ ဆူနေရတာ။ ရိုက်နေရတာ။ မင်းတော်တော်ညံ့တဲ့ အကောင်ပဲ။ တုံးတဲ့ အကောင်ပဲ''
''ကျွန်တော်မသိလို့ မေးပါရစေခင်ဗျ။ ညံ့တယ်၊ တုံးတယ်ဆိုတာ ဘာလဲဗျာ။ ကျွန်တော့်ကို ရှင်းပြစမ်းပါ ''
အဲဒီအချိန်မှာ သူ့အဖေဟာ အလွန်ကို ဒေါသထွက်သွားသည်။ သူ့သားကို ကြည့်ပြီးတော့လည်း တော်တော် စိတ်ဓာတ်ကျသွားသည်။ ဒေါနဲ့ မောနဲ့ ပြန်ဖြေလိုက်သည်။
''မင်းဒီစာ(၂)မျက်နှာကို ဒီလောက်အကြာကြီး သင်ပေးတာတောင် အလွတ်မရဘူး။ အဲဒါ ညံ့တာပေါ့ကွ ''
ချားလ်ဒါဝင်ဟာ သူ့အဖေ မျက်နှာကို ပြန်ပြီးကြည့်လိုက်သည်။ ဆရာ့ကိုလည်း ရဲရဲကြီးကြည့်လိုက်သည်။ ပြီးတော့...သူ့ပါးစပ်ကနေပြီး စကားတစ်ခွန်း ဆိုလိုက်သည်။
'' လက်စသတ်တော့...ညံ့တယ်ဆိုတာ အဖေတို့၊ ဆရာတို့ ဖြစ်စေချင်တာ လုပ်မပေးနိုင်လို့ ပြောတာကိုး ''
သူ့အဖေဟာ ဒေါသတကြီးနဲ့ ပြန်အော်လိုက်သည်။
'' ဟုတ်တယ်ကွ၊ မင်း...တော်တော်ညံ့တဲ့ တုံးတဲ့အကောင်ပဲ ''
ချားလ်ဒါဝင်ဟာ ချက်ခြင်းဆိုသလို အဖေနဲ့ ဆရာကို ပြန်ပြောလိုက်တော့သည်။
'' ဒါဆိုရင် အဖေနဲ့ဆရာလည်း ညံ့တာပဲဗျ။ ဘာကြောင့်လည်းဆိုတော့ကျွန်တော်ဖြစ်ချင်တာကို လုပ်မပေးနိုင်ကြဘူး။ ကျွန်တော့်ကို နားလည်ဖို့လည်းမစဉ်းစားဘူး။ကျွန်တော့်ကိုနားလည်းမလည်ကြဘူး။ညံ့တယ်ဆိုတာ...အဖေတို့
ဆရာတို့်အကြိုက်ကို မလိုက်လို့ ကျွန်တော့်ကိုစွပ်စွဲတဲ့စကားပဲ။ဒီလိုဆိုရင်အဖေတို့ဆရာတို့က ကျွန်တော့်အကြိုက်ကိုမလိုက်တဲ့အတွက် ကျွန်တော့်အတွက်တော့ အဖေနဲ့ ဆရာဟာ လူညံ့ပဲ ''
ဒီလိုနဲ့ချားလ်ဒါဝင်တစ်ယောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထုတ်ခံခဲ့ရပါသည်။ ကျောင်းထွက်ခဲ့ရပါသည်။
ချားလ်ဒါဝင် တော်သလား ညံ့သလားဆိုတာ စဉ်းစားကြည့်ကြရအောင်။
ဒီကနေ့ လူတိုင်းနီးပါး ချားလ်ဒါဝင်ကို သိကြသည်။
ချားလ်ဒါဝင်ကို ညံ့တယ်လို့ ပြောခဲ့တဲ့ သူ့ရဲ့ ဖခင်နဲ့ သူ့ရဲ့ ဆရာကို ဒီကနေ့ ဘယ်သူမှ မသိကြ။
တကယ်တော့.... လူတစ်ယောက်က အခြားသူတစ်ယောက်ကို ညံ့တယ်လို့ပြောတိုင်း အပြောခံရသူဟာ စိတ်ဓာတ်မကျသင့်ပါ။ ညံ့တယ်ဆိုတာ.... သူ့အကြိုက်မလိုက်လို့ စွပ်စွဲပြောဆိုတဲ့ စကားလုံးမျှသာ ဖြစ်သည်။
မိဘတစ်ယောက်ဟာ... ကိုယ့်သားသမီးကို ညံ့တယ်လို့ ခဏခဏ မပြောသင့်ပါ။ ညံ့တယ်လို့ အပြောခံရတဲ့
ကလေးတစ်ယောက်ဟာ သူ့ကိုယ်သူ တကယ်ညံ့တယ် ထင်သွားပြီး လူဆိုးတစ်ယောက်ဖြစ်သွားနိုင်သည်။ တကယ်တော့...မိဘအကြိုက်ကို မလိုက်တဲ့အတွက် ညံ့တယ်လို့ ပြောဆိုခံနေရတဲ့ သားသမီးတွေ လောကမှာ
အများကြီးရှိပါသည်။ ဒီလိုပါပဲ ဆရာတစ်ယောက်ဟာ ကိုယ့်တပည့်ကို ညံ့တယ်လို့မမြင်သင့်ပါ။ မပြောသင့်ပါ။ ကျွန်တော်တို့ကိုယ်တိုင်လည်း သူတို့အရွယ်တုန်းက ဘယ်လောက်များ တော်ခဲ့ကြလို့လဲဗျာ။ ကျောင်းသားတစ်ယောက်ဟာ... အမှတ်နည်းတိုင်း လူညံ့တစ်ယောက်မဟုတ်ပါ။ အမှတ်များတိုင်းလည်း တကယ်တော်နေတယ်လိုတထစ်ချ သတ်မှတ်လို့မရပါ။ကျွန်တော်တို့ပတ်ဝန်းကျင်မှာမိဘနဲ့သားသမီး၊ဆရာနဲ့တပည့်အပေးအယူမတည့်ကြလို့ တစ်ယောက်ကိုတစ်ယောက်အပြန်အလှန် ညံ့တယ်လို့ စွပ်စွဲနေတက်ကြသည်။ အဲဒီလို စွပ်စွဲနေရုံနဲ့ နှစ်ဖက်စလုံးတော်မလာနိုင်ပါ။တစ်ယောက်ကိုတစ်ယောက်နားလည်အောင်ကြိုးစားဖို့က ပိုပြီး အဓိကကျပါသည်။ နားလည်မှုလွဲကြရင်းနဲ့ သူ့ကြောင့် ကိုယ့်ဘ၀ပျက်စီး ကိုယ့်ကြောင့် သူ့ဘ၀နစ်မွန်း။ ကြည့်တက်ရင် မြင်တွေ့နိုင်ပါသည်။
ဘာပဲပြောပြော လူတစ်ယောက်ဟာ ငယ်ငယ်တုန်းက ညံ့တာ သိပ်ပြီးအရေးမကြီး။ သူ့ကို တော်လာအောင် ပြုပြင်ပေးနိုင်တဲ့မိဘ ရှိသည်။ ဆရာ ရှိသည်။ သူကိုယ်တိုင်ကလည်း လူညံ့တစ်ယောက် မဖြစ်ချင်တဲ့ မခံချင်စိတ် ရှိသည်။ ဒါကြောင့် တော်အောင်ကြိုးစားရင်းနဲ့ လူ့ဘ၀မှာ လူတော်တစ်ယောက် ဖြစ်လာနိုင်သည်။ငယ်ငယ်က ညံ့တယ်ဆိုတာဖြူစင်တဲ့ ညံ့ဖျင်းခြင်းမျိုးဖြစ်သည်။ ကြီးမှ ညံ့တယ်ဆိုတာတော့ ရှက်စရာကောင်းသည်။
လောကအတွက်လည်း နစ်နာသည်။
(ဘယ်သူတွေပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်မှုမျိုး ရှိကြပြီး ပျော်ရွှင်ညီညွတ်စွာနဲ့ ဖေးမကူညီကြရင်း အောင်မြင်တဲ့ဘ၀ခရီးကို အတူလျှောက်လှန်းနိုင်ကြပါစေဗျာ)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့