နေ လ နက္ခတ် ဂြိုလ်တာရာ စကြ၀ဠာဟူသော သက်မဲ့သဘောဝ သြကာသလောကကြီးသည် လည်းကောင်း၊ တော တောင် ရေမြေ အမျိုးမျိုးသော နွယ် မြက် သစ်ပင်တို့သည် လည်းကောင်း အချင်းချင်း အားပြိုင်၍ အနိုင်ယူကြသကဲ့သို့ ကံတရားတို့၏ အားပြိုင်မူ(ပါကဒါန)ကိုလည်း သိနိုင်ကြ၏။
မိမိတို့၏ သဘာဝသတ္တိ၊ ဗီဇသတ္တိအလျောက်သာ ရပ်တည်လူပ်ရှားနိုင်ပုံ၊ ရှင်သန်ကြီးထွားရပုံ၊ ဖြစ်ပေါ်ပျောက်ကွယ် ပုံများကိုလည်း တွေ့မြင်နိုင်ကြသည်။
ဆောင်း နွေ မိုး နေ့ ည ဟူသော သဘာဝပတ်ဝန်းကျင်နှင့် သစ်ပင် ရေမြေတို့၏ ဖြစ်ပေါ်မူ ရပ်တည်ရှင်သန်မူ ပျောက်ကွယ်မူတို့သည်လည်း စည်းစနစ်မကျ ကမောက်ကမ မဟုတ်၊ သူ့သဘာဝသတ္တိ ဗီဇသတ္တိအားလျော်စွာ အစီအစဉ်တကျ အချိန်ကိုက် ပုံမှန်ဖြစ်ပေါ် ရှင်သန်ပျောက်ကွယ်နေကြသည်။ ယင်းကိုပင် ဥတုနိယာမ၊ ဗီဇနိယာမဟု ခေါ်၏။
သက်မဲ့လောကကြီး၏ ထိုမျှ တိကျလွန်းသော ဖြစ်စဉ်များကို လူသားတို့ ဉာဏ်မမီနိုင်ကြသဖြင့် တန်ခိုးရှင် အပေါ် ပုံချလိုက်ကြသည်။ တန်ခိုးရှင်ဆိုသူက လူသားတို့ကို မဖန်ဆင်းမီ လူသားတို့၏ စိတ်က တန်ခိုးရှင်တစ်ဦး ပထမဆုံး ဖန်ဆင်းယူလိုက်ကြခြင်းပင်တည်း။
နေ လ နက္ခတ် ဂြိုလ်တာရာ စကြ၀ဠာ သစ်ပင် တောတောင်တို့သည် အချင်းချင်း အားပြိုင်၍ နေရာယူ ရပ်တည်ပုံ(အကျိုးပေးပုံ)ကို မြင်နိုင်သကဲ့သို့ ကမ္မနိယာမခေါ် ကံတရားတို့၏ အားပြိုင်အကျိုးပေးပုံကိုလည်း သိရမည်။ ဆောင်း နွေ မိုး နေ့ ည အချိန်အခါ အပူအအေး သဘာဝနှင့် ပေါက်ရောက် သီးပွင့်သော သက်မဲ့သစ်ပင်တို့၏ အချိန်အခါ ရာသီအလိုက် ဖြစ်ပေါ်အကျိုးပြုပုံ အချိန်ကိုက်သကဲ့သို့ ကံတရားတို့၏ အကျိုးဖြစ်ထွန်းမူ အချိန်အခါနှင့် စပ်၍လည်း အစီအစဉ်မဲ့ အလိုလို ဖြစ်ချင်ရာ ဖြစ်လာကြသည် မဟုတ်၊ အကျိုးပေးရမည် အချိန်အခါ(ပါလကာလ)လည်း တိကျလှပေသည်။
တဖန် စကြ၀ဠာ သက်မဲ့လောကကြီးတခုလုံး အင်အားအလိုက် သူ့နေရာနှင့်သူ ရပ်တည်နေကြရသကဲ့သို့ သတ္တ၀ါတို့သည်လည်း မိမိတို့ ပြုလုပ်ခဲ့သော ကမ္မနိယာမ အင်အားအလိုက် ၃၁-ဘုံအတွင်း ဆင်းတက်ရပ်တည် ကျင်လည်နေကြရ၏။ သွားချင်ရာသွား နေချင်ရာနေ၍ မရ၊ ကမ္မသတ္တိ၏ လုပ်ဆောင်ချက်မှာ အချိန်အခါရော နေရာဒေသပါ တိကျလွန်းလှ၏။ မည်သည့်အခါ မည်သည့်နေရာ၌မျှ ချွတ်လွဲမှားယွင်းသွားသည်ဟူ၍ မရှိ၊ ဤကား ကံနှင့်စပ်၍ ဗုဒ္ဓအဘိဓမ္မာ၏ နက်ရိုင်းမူ တစိတ်တဒေသ အမြွက်မျှဖြစ်သည်။

No comments:
Post a Comment