Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 7 April 2012

ဥပေက္ခာ.....လူ

(၁)
ဘုရား... ဘုရား...
ဆောင်းဆိုတာ ဒါမှ တကယ့်ဆောင်း စစ်စစ်ပါလား။

အဝေးပြေးကားကြီးပေါ်မှာပင် မဆင်းရသေး၊ ခရီးသည်ဆင်းတံခါးပေါက် ဖွင့်လိုက်သည်နှင့် ပြင်ဦးလွင်ဆောင်းက လှိုက်ခနဲ လှိမ့်ဝင်လာသည်။

အေးနေသော ကုတ်ပိုးကို ခံနိုင်အောင် ဂျာကင်ကော်လံကို ထောင်လိုက်ပြီး လာကြိုမည် ပြောထားသည့် ကိုရဲထိုက်ကို ကားပြတင်းပေါက်မှ တစ်ဆင့် ရှာကြည့်မိသည်။ သိပ်တော့မလွယ်... နေက နှင်းကိုကွဲအောင် မခွဲနိုင်သေးသဖြင့် လူတွေ ရပ်နေတာ မြင်ရသော်လည်း မျက်နှာတွေက ခပ်ဝါးဝါး။

အားလုံးကလည်း အနွေးထည် အထပ်ထပ်နှင့် သိုးမွှေားခေါင်းဆောင်းနှင့် မာဖလာ လည်ပင်းပတ်လို့။

"ဟေ့ကောင်ကြီး"
ဖုန်းခနဲ ပခုံးကို ပုတ်လိုက်သူကို မော့ကြည့်တော့....သူ။ ကားပေါ်တက်ပြီး သူ့ဘေးရောက်နေပြီ။

"အစ်ကိုထိုက်.....နေကောင်းရဲ့လား"

"ဒေါင်ဒေါင်မြည်ပဲ"
သူ့ထုံးစံအတိုင်း အားပါးတရရယ်၍ အမိုးနားကစင်မှ သူ့အိတ်ကို ဆွဲချသည်။

"ဟာ....အစ်ကို မလုပ်နဲ့"

"ဟေ....မင်းအိတ် မဟုတ်ဘူးလား"

"ဟုတ်တယ်....လေးလို့...အစ်ကို့ခါးထိသွားမှာ စိုးလို့"
ကိုရဲထိုက် ခါးရိုးဆစ်ကျွံထွက်သော ရောဂါဖြင့် အိပ်ရာပေါ်မှာ သုံးလလောက် အိပ်နေခဲ့ရသည်မှာ မကြာသေး။

"ဘာမှ ပြဿနာ မရှိဘူး၊ ကောင်းသွားပြီ"
မျက်မှောင်ကြုတ်၍.....

"ဆရာဝန်စကား နားမထောင်လို့ ကောင်းသွားတာပေါ့ကွ၊ သူတို့က သုံးလ နားခိုင်းတယ်။  ငါက နှစ်လပဲ နားပြီး လျှောက်သွားနေတော့ ကောင်းသွားရော.....ဟား...ဟား.....ဟား"
အပြောင်အပြက်ပြောရင်း ရယ်မောရင်းက သူ့အိတ်ကို ဆွဲ၍ ကိုရဲထိုက် ကားပေါ်မှ ဆင်းသွားပါသည်။
(၂)
"ဘယ်သူမှလဲ မတွေ့ပါလား၊ အစ်မနဲ့ သမီးရော"
အိမ်ကိုချာလည်လှည့်ကြည့်ရင်းမေးတော့ ကိုရဲထိုက်က ပခုံးတွန့်ပြသည်။

"ဘယ်သူမှ မရှိကြဘူး ငါ့ကောင်...လွတ်လွတ်လပ်လပ်သာနေ"

"ရန်ကုန် သွားကြတာလား"

"ဟုတ်ပါ့"

"ကြာမှာလား"

"တော်တော်ကြာမှာ၊ ငါ ပြောထားတယ်။ နွယ်မောင် အေးအေးဆေးဆေး လာလည်မှာ၊ တော်တော်နဲ့ ပြန်မလာကြနဲ့လို့"

"လုပ်ပြီ အစ်ကိုထိုက်ကတော့...."

"ဟား....ဟား.....ဟား"
နွယ်မောင်က ပခုံးမှ အိတ်ကို ကြမ်းပြင်သို့ချသည်။ ကိုရဲထိုက်က အံ့သြဟန်ဖြင့်.....

"ဟေ့ကောင်....မင်းသုံးချောင်းထောက်ကြီးရော"
ဟုမေးသည်။

"ကင်မရာပဲ ပါတယ် အစ်ကိုထိုက်ရာ...ထောက်... ထားပစ်ခဲ့တယ်၊ လိုမှ ငှားသုံးတော့မယ်၊ လာကတည်းက ဓာတ်ပုံရိုက်ဖို့ အဓိကမှ မဟုတ်တာ"
ဟုဖြေတော့ မျက်လုံး ပြူးပြသည်။

"ဟ...နိုင်ငံကျော် ဓာတ်ပုံဆရာက ပြင်ဦးလွင်ကို ဓာတ်ပုံရိုက်ဖို့လာတာ မဟုတ်တော့ ဘာလာလုပ်တာတုန်း"

ပခုံးတွန့်ပြ၍....
"အနားယူ သက်သက်ပါပဲ"
ဟု ပြောတော့ ကိုရဲထိုက်က ဇဝေဇဝါဟန် လုပ်ပြသည်။
(၃)

နေ့လယ်စာကို အမျိုးသား ကန်တော်ကြီးဥယျာဉ်မှာ ဓာတ်ပုံသွားရိုက်ရင်း စားခဲ့မည်ဟု ပြောတော့ ကိုရဲထိုက် လက်ခံသော်လည်း ညစာမစောင့်နဲ့ဟု ပြောတာတော့ လက်မခံ။

"ငါ့အိမ်မှာ ဝိုင်အကောင်းစား ရထားတယ်။ ငါနဲ့ပဲ ပြန်လာစား"

"အစ်ကို မသောက်တော့ဘူးဆို"

"မသောက်ပါဘူး၊ မင်းအတွက် ချန်ထားတာ၊ မင်းပြန်လာစား...မစားလို့ မရဘူးနော်"
ရယ်ကျဲကျဲနှင့် ကျွန်တော်က ဝိုင်လောက်နှင့် မရဘူးဟု ဝန်ခံလိုက်ရသည်။

"ဟေ့ကောင်...အသည်းကွဲတာက ဝိုင်နဲ့လည်း ကွဲလို့ရတယ်၊ ဝီစကီနဲ့လည်း ကွဲလို့ရတယ်၊ ဘာမှမရှိရင် ရေနွေးကြမ်းသောက်ပြီးတောင် ကွဲလို့ရတယ်။ ဒုက္ခရောက်ပြီးသား အသည်းကို အရက်နဲ့တော့ ထပ်ပြီး မနှိပ်စက်နဲ့။ ငါသနားလို့ ဝိုင်ပေးသောက်တာ၊ မရှည်နဲ့ ပြန်လာသောက် ဒါပဲ"

နွယ်မောင် မျက်လုံးပြူးပြ၍.....
"ကျွန်တော်က ဘယ်မှာ အသည်းကွဲလို့လဲ..."
ဟု ပြန်ဆင်ခြေတက်လိုက်သည်။

"....ဘယ်မှာ အသည်းကွဲလို့လဲဆိုတော့ ရန်ကုန်မှာပဲ ဖြစ်မှာပေါ့ကွာ၊ လုပ်မနေနဲ့၊ ငါ မင်းအကို.... နှစ်ဝမ်းတည်းကွဲတာ၊ မင်း မျက်နှာကိုကြည့်ရင် အကုန်ရိပ်မိတယ်၊ ညနေကျ ဝအောင်ပြော"

ဟု အစ်ကိုထိုက်က ဟောက်သည်။ နွယ်မောင် ရယ်ကျဲကျဲနှင့်သာ အသံတိတ်နေသည်။
(၄)


ညနေကျတော့လည်း ကိုရဲထိုက်အလိုကျ ဝိုင်ပဲ သောက်ဖြစ်ပါသည်။

'ဆိုပါဦး...မင်းမော်ဒယ်လ်မလေး ဘယ်သူနဲ့ပါသွားတာလဲ၊ ဒါရိုက်တာနဲ့လား၊ ကုမ္ပဏီပိုင်ရှင်သူဌေးနဲ့လား'


နွယ်မောင် မျက်လုံးပြူးသွားသည်။

'အစ်ကိုထိုက် ဘာတွေကြားထားလို့လဲ'

'ငါ့ဟာငါ ပြင်ဦးလွင်မှာ အေးအေးဆေးဆေးနေနေတာ ဘာကြားရမှာလဲ'

'ကျွန်တော် ဓာတ်ပုံရိုက်ပေးတဲ့ မော်ဒယ်လ်မလေးကို ကြွေနေတယ်ဆိုတာ ဟိုတစ်ခါဖုန်းဆက်တုန်းက အစ်ကိုထိုက်ကို ပြောပြဖူးတယ်လေ။ နောက်ပိုင်းအခြေအနေ တိုးတက်တာလာတော့ မပြောပြရသေးဘူး။ မန္တလေးနဲ့ ပုဂံကို အတူတူလာတော့လည်း ကိုထိုက်ဆူမှာစိုးလို့ ကျွန်တော် ပြင်ဦးလွင်ကို မလာဘူး။ ကျန်တာတွေ အားလုံး ကိုထိုက်သိနေတာ သတင်းပေးတဲ့လူ ရှိလို့ပဲပေါ့။ မဟုတ်ဘူးလား'


ကိုရဲထိုက်က အမြည်းတစ်လုတ်ကို ဝါးရင်းက ခေါင်းခါပြသည်။

'နွေကျ တိမ်ထွန်းမယ်၊ မိုးတွင်းကျ ရွာချမယ်ပေါ့ကွာ။ ဒီဘဒ္ဒကမ္ဘာမှာ မဖြစ်ဘူးသေးတဲ့ အရာမှ မရှိတာ။ အားလုံးတွက်ကြည့်လို့ရပါတယ်။ မင်းကောင်မလေးက လှတယ်။ မော်ဒယ်လ်လည်း ဖြစ်ချင်တယ်။ အဆက်အသွယ်တော့ မရှိဘူး။ မင်းက ရှာပေးရတယ်။ ဒီအထိ ငါသိပြီးသား။ သူ့ဆန္ဒတွေက ဒီလောက်နဲ့ ရပ်သွားမှာမှ မဟုတ်တာ။ ဒီထက်ပိုပြီး ဆန္ဒတွေပြည့်ဖို့ ဖန်တီးပေးနိုင်တဲ့သူ တွေ့ရင်ပါသွားမယ်ဆိုတာ အစကတည်းက အသိသာကြီးပဲ ထားလိုက်စမ်းပါ'

နွယ်မောင် ဝိုင်တစ်ကျိုက်ကျိုက်ရင်းက ကုလားထိုင်တွင် ကျောမှီချလိုက်သည်။

ု'ကျွန်တော် အရမ်းခံစားနေရတာ၊ အစ်ကိုထိုက် ပြောလိုက်တာများ ပေါ့ပျက်ပျက်နဲ့'

ကိုရဲထိုက်က ခွက်ထိုးခွက်လန်ရယ်၍

'ပထမတစ်ယောက်တုန်းကလည်း မင်းအရမ်းခံစားပြီးသားလေ။ ပြင်ဦးလွင် တက်လာတာနဲ့ တက်မလာတာနဲ့ ဒါပဲကွာတာပဲ' ဟု ဆိုသည်။

'မတူဘူးဗျ၊ ဒီတစ်ယောက်က တကယ့်အဖြူထည် အရိုးခံလေး။ ကျွန်တော်နဲ့ လက်ထပ်ပြီးရင် ကျွန်တော့်ပါရမီဖြည့်ဖက် ဘဝနဲ့ပဲ နေတော့မှာတဲ့''

ကိုရဲထိုက်က မဲ့ပြုံးပြုံးသည်။

'အဲဒီလို လုပ်ပြီးမှ ထားမသွားတာ တော်သေးတာပေါ့ကွာ'


'ဟာ အစ်ကိုထိုက်ကလည်း ကျွန်တော်ဒီလောက်ခံစားနေရတာကို ဘာမှမဟုတ်အောင် ပြောပစ်နေ ဒီမှာ ဖီးလ်ငုပ်လိုက်တာ'

ကိုရဲထိုက်က တဟားဟား ရယ်ပြန်သည်။

(၅)

"မင်းမှာ တကယ်လို့....."

ပြောရင်းက စကားရပ်ထားသော ကိုရဲထိုက်ကို နွယ်မောင်က စိတ်မရှည်စွာ မော့ကြည့်၍....

"လျှာလေးချင် အာလေးချင်ရင်လည်း သောက် အစ်ကိုထိုက်ရာ၊ အရက်မသောက်ပဲနဲ့တော့ လေးမနေနဲ့"
ဟု ဘုတောသည်။ ကိုရဲထိုက်က ရယ်၍.....

"ငါ့အစာအိမ် အနာပေါက်သွားမှ မင်းဆေးရုံထမ်းပို့နေရမယ်" ဟု ဆိုသည်။

"မင်းမှာ တကယ်လို့ မလွဲမသွေ သေကိုသေရမယ့် ရောဂါရှိနေပြီ....."

"လုပ်ပြန်ပြီ မဦးမချွတ်"

"ဟ.. ငါပြောတာ ဆုံးအောင် နားထောင်ဦး၊ မလွဲမသွေ သေကိုသေရမယ့် ရောဂါက ရှိနေပြီး အဲဒီလို ရှိနေတိာကု မင်းဟာမင်း သိပြီးသား ဆိုပါတော့။ အဲဒါဆို မင်းကောင်မလေး မင်းကို ပစ်သွားတာ စိတ်ဝင်စားနိုင်ပါဦးမလား"

Good Question ဟု တိုးတိုးရေရွတ်၍ နွယ်မောင် စဉ်းစားသည်။

"ခုလောက်တော့ စိတ်ဝင်စားမယ် မထင်ဘူး။ ဒါပေမဲ့ ကျွန်တော် ခုနေကောင်းနေတာပဲ"
ကိုရဲထိုက်က ဖြည်းညင်းစွာ ခေါင်းခါသည်။

"မကောင်းဘူး၊ မင်းသေမှာ...."

"ဘာလဲဗျာ၊ အစ်ကိုထိုက်ရ....."

"ဟုတ်တယ်လေ၊ မင်းက မသေမျိုးမို့လား၊ သေမှာပဲဟာ.... ဘယ်တော့ သေမယ်ဆိုတာသာ မသိတာ။ အသက်အရ၊ ကျန်းမာရေးအရတွက်ရင် ငါ့ထက် နည်းနည်း နောက်ကျ၊ မင်းကောင်မလေးထက် နည်းနည်းစောပြီး သေမှာ။ ဒါပေမဲ့ ဒါလည်း အပိုင်ပြောလို့ ရတဲ့ ကိစ္စ မဟုတ်ဘူး။ မနက်ဖြန် သေချင်လည်း သေမှာ။ အဲဒါကို ဘာလို့ ပြုပြင်လို့ မရတဲ့ကိစ္စတွေ လိုက်စိတ်ဝင်စားနေရတာလဲ"

နွယ်မောင် ပါးစပ်အဟောင်းသား ဖြစ်သွားပြန်သည်။
(၆)

သက်ပြင်းတစ်ချက်ချ၍......

"အစ်ကိုထိုက်က တရားသူကြီး လုပ်ဖို့မကောင်းဘူး၊ အဲဒီလောက် နှလုံးသွင်းတတ်ရင် ဘုန်းကြီးပဲ ဖြစ်သင့်တာ"
ုဟု ခပ်တိုးတိုး ပြောမိသည်။

"ပါရမီနည်းလို့ပေါ့ ငါ့ညီရယ်၊ ဟဲ...ဟဲ....ဟဲ၊ ငါက ပါရမီ နည်းနည်း နည်းလို့ တရားသူကြီးဖြစ်တာ။ မင်းက တော်တော်နည်းလို့ ကောင်မလေး လှလှလေးတွေကို ဓာတ်ပုံရိုက်ပေးရတဲ့ ဓာတ်ပုံဆရာ ဖြစ်တာ"

"ဘာဆိုင်လို့လဲ"

"ဆိုင်တာပေါ့လေ၊ သံသရာနဲ့ မကင်းတဲ့ ကြိုးတဲ့ များများလာမယ့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေလေ။ မင်းနဲ့ ငါနဲ့ လုပ်ရမယ့် အလုပ်မျိုးတွေ မလုပ်ချင်လို့ တေမိမင်း စကားမပြောဘဲနေတာ မဟုတ်လား။ တို့က အဲဒါ အကောင်းမှတ်ပြီး ကျင်လည်နေ၊ ပျော်နေကြတယ်"

မနေနိုင်ဘဲ အသံထွက်အောင် ရယ်မိသည်။

"မရယ်နဲ့...င့ါကောင်ရဲ့။ ပါရမီနည်းလို့ ဒီဘဝ တရားမရတောင် ပါရမီက မွေးယူရတယ်။ ပါရမီ တစ်နေ့တစ်နေ့ ငါတို့ ခံစားရတာတွေ၊ ပူဆွေးနေတာတွေ၊ ပျော်ရွှင်နေတာတွေ ဘယ်လောက်တောင် အဓိပ္ပာယ်မဲ့တယ်ဆိုတာ မင်းသိမယ်"

"လက်စသတ်တော့ အစ်ကိုထိုက်က ကျွန်တော့်ကို တရားပြနေတာကိုး"

"မပြရဲပေါင်ကွာ၊ အဲဒီလောက် သူများကို တရားပြလောက်အောင် တရားရှိရင် ငါတောင် ဒီအလုပ် ဆက်မလုပ်ဘူး"

ကိုရဲထိုက် သူ့ဘာသာစကားနှင့် သူဖွင့်ဆိုသော အဘိဓမ္မာများကို နားထောင်ရင်း နွယ်မောင့်ရင်ထဲက အပူများ အနည်းငယ် ငြိမ်းချမ်းသွားသယောင် ရှိသည်။

လက်ထဲက ဖန်ခွက်လွတ်ကို စားပွဲပေါ်ချ၍ ဝိုင်အနည်းငယ် ထပ်ငှဲ့ရင်း....

"ကဲ လုပ်ပါဦး၊ ဘာပါရမီတွေ မွေးရမှာတုန်း"
ဟု မေးကြည့်သည်။

"ခက်တာက စလုပ်ကြည့်ကွာ"

"လုပ်ပြန်ပြီ အစ်ကိုထိုက်က လွယ်တာက စလုပ်ပြောစမ်းပါ"

"မသိဘူးလေကွာ၊ ငါကတော့ ခက်တာကို နောက်မှာ ချိန်ထားခဲ့ရင် ဘယ်တော့မှ မထိဖြစ်တော့မှာ စိုးလို့ဟေ့"

"ဘာလဲ"

"ဥပေက္ခာလေ"

နွယ်မောင်က ဥပေက္ခာဟု တိုးတိုး ဆိုကြည့်သည်။

"ဟုတ်တယ်၊ ဥပေက္ခာ၊ လူတွေက မေတ္တာနဲ့ ကရုဏာကျ ထားတတ်ကြတယ်။ မုဒိတာနဲ့ ဥပေက္ခာကျမှ ခက်ခက်နေတာ။ မင်းပဲကြည့် မင်းကောင်မလေး နယ်မြို့ကနေ မလည်မဝယ်နဲ့ တက်လာတုန်းက မင်း သူ့အပေါ် မရိုးမသားစိတ်တွေ မထားခင်ကတည်းက မေတ္တာလည်း ရှိတယ်။ ကရုဏာလည်း ရှိတယ်။ ဒါကြောင့်လည်း ကူညီခဲ့တာပေါ့။ အခု အောင်မြင်တော့မယ်၊ သူဖြစ်ချင်တာတွေ ဖြစ်ခွင့်ရတော့မယ် ဆိုတော့ မုဒိတာမထားနိုင်တော့ဘူး။ မင်းကို လက်တစ်လုံးခြား အသုံးချသွားတာလည်း ဥပေက္ခာ မထားနိုင်တော့ဘူး။ အဲတော့ သူက ဘာဖြစ်သွားသေးလဲ။ ဘာမှမဖြစ်ဘူး။ မင်းပဲ ပူလောင်နေတာ"

"ဘုရား...ဘုရား"
ဒီတစ်ခါတော့ ဘုရားကို အဓိပ္ပာယ်ပြည့်ဝစွာ တမိသည်။ လက်ထဲက ဝိုင်ခွက်ကိုလည်း ယောင်ယမ်း၍ ချသည်။

"တကယ်တော့ ဒါတွေက မင်းချည်းပဲ ရွေးဖြစ်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ အကြောင်းမရှိပဲ ဖြစ်လာတဲ့ အကျိုးတွေလည်း မဟုတ်ဘူး။ ဒီလိုပဲ ဖြစ်လာတယ်ဆိုတာ ဘေးက ထိုင်ကြည့်နေတဲ့ တို့တစ်တွေတောင် မြင်ထားပြီးသား။ မင်းသာ ကြိုတင်လက်ခံထားရင် အစောကြီးကတည်းက မင်းရင်ထဲ အေးချမ်းနေမှာ။ ဘယ်သူကမှ ဘယ်လောကဓံကမှလည်း ပျက်လိုက်မှာနော်... ပျက်ထည့်လိုက်မှာနော်လို့ ခြိမ်းခြောက်လို့ မရဘူး။ လူတွေကို လောကဓံကို ကြောက်နေစရာ မလိုဘူးကွာ။ စင်ပေါ်ကပဲ။ နောက်ဆုံးတစ်နေ့ ပျက်သွားပြီ ဆိုတော့လည်း သြော်... အချိန်တန်သွားပြီကိုး ဆိုပြီး ဥပေက္ခာ ပြုလိုက်ရုံပဲ"

နွယ်မောင် ဘာပြန်ပြောရမှန်းမသိပဲ အာစေးမိနေဆဲ။ တယ်လီဖုန်းသံက ပေါ်လာသည်။ ကိုရဲထိုက်က နေရာမှ ထ၍ ဖုန်းသွားပြောသည်။ ဟိုဘက်က ဘာပြောသည်ကိုတော့ မကြားရ။

"အေး....ပြော၊ ပြောပါ... ရပါတယ်။ ပြော....ပြော.."
စသဖြင့် ကိုရဲထိုက် ပြောနေသံတွေသာ ကြားနေရသည်။

"သမီးပါ ခေါ်သွားမှာလား"

"........"

"အေးရပါတယ်"

".........."

"ဘာမှ ပြဿာနာမရှိဘူး၊ ထိုးပေးမယ်''

".........."

"ပို့မနေနဲ့လေ၊ သွားခါနီးတော့ တစ်ခေါက်လာခဲ့မယ်၊ သမီးလေး မလာပါနဲ့၊ ကလေးတစ်ယောက်ထည်း စိတ်မချဘူး။ ကိုယ် လာခဲ့မယ်။ သမီးကို ဖေဖေ့ကို ရန်ကုန်မှာပဲ ကန်တော့လို့ ပြောလိုက်။ အဲဒီကျမှ လက်မှတ်ထိုးပေးမယ်"

"............"

"ရပါတယ်၊ ဘာမှပြဿနာ မရှိဘူး"

ကိုရဲထိုက် ဖုန်းကိုချပြီး နွယ်မောင်ရှိရာ ပြန်လာထိုင်သည်။ မျက်နှာက စောစောကလောက် မတက်ကြွ၊ မလန်းဆန်း။

"အစ်မလား.........အစ်ကိုထိုက်"

"အေး"

"ဘယ်သွားကြမလို့လဲ"

"စင်ကာပူ...........၊သူလုပ်နေတဲ့ကုမ္ပဏီက ဟိုက ရာထူးပေးနေတယ်"

"သမီးပါ လိုက်သွားမှာလား"

"အေး..........ဟိုမှာ ကျောင်းဆက်ထားမလို့တဲ့"

"ဘာ လက်မှက်ထိုးခိုင်းနေတာလဲ"

ကိုရဲထိုက်က မော့ကြည့်၍ မဲ့ပြုံးပြုံးပြသည်။

"ကွာရှင်းစာချုပ်လေ"

နွယ်မောင် ပါးစပ်အဟောင်းသား ဖြစ်သွားပါသည်။
(၇)

ကားထွက်ဖို့ အချိန်နည်းနည်းစောနေသေးသဖြင့် ကားဂိတ်နားက လက်ဖက်ရည်ဆိုင်မှာ ထိုင်နေဖြစ်ကြသည်။

"အစ်ကိုထိုက် ဘာလို့ ကျွန်တော့်ကို ပြောမပြတာလဲ"

နွယ်မောင်က ကားဂိတ်ဘက်သို့ ငေးမောကြည့်ရင်းက တိုးတိုးမေးသည်။

"ငါက မင်းကို ဘယ်လို အားပေးရမလဲ စဉ်းစားနေတာလေကွာ"

ကိုရဲထိုက်က ပြုံးပြုံးပင်ဖြေသည်။

"ကိုရဲထိုက် ဘာမှ မခံစားရဘူးလား"

သူက ရယ်၍........


"လူလေကွာ.............မင်းက ငါ့ကို ရဟန္တာမှတ်နေလား၊ ခံစားလည်း ဖြစ်ပြီးသားပဲ။ မခံစားလည်း ဖြစ်ပြီးသားပဲ။ ဖြစ်မယ်ဆိုတာလည်း အစောကြီးကတည်းက နည်းနည်းချင်း ရိပ်မိပြီးသားကိစ္စပဲ။ လျှော့ခံစားရတာပေါ့"

ဟု ဖြေသည်။

"ဘာလို့ ကြိုတွက်ထားမိရတာလဲ။"


"ရှင်းရှင်းလေးပါကွာ၊ လာဘ်မစားတတ်တဲ့ တွဲဖက်မြို့နယ် တရားသူကြီး အဆင့်လောက်ရှိတဲ့ အရာရှိငယ်က အိမ်ထောင်ဦးစီး၊ မိန်းမက မိသားစု လူနေမှုဘဝကို အတတ်နိုင်ဆုံး၊ အမြင့်ဆုံးဖြစ်ချင်တဲံသူ။ လာဘ်စားတာကတော့ သူလည်း မကြိုက်ုပါဘူး။ အလုပ်ထွက်ပြီး စီးပွားရေးလုပ်ဖို့ တစ်ချိန်လုံး တိုက်တွန်းနေတာ။ ငါမှ နားမထောင်ဘဲ"

"အစ်ကိုထိုက်က ဘာလို့ မထွက်တာလဲ"

"ဟကောင်ရေ....အလုပ်လုပ်တယ်ဆိုတာ ပိုက်ဆံတစ်ခုတည်းမှ မဟုတ်တာ။ ကိုယ်ယုံကြည်တာကိုကိုယ်လုပ်ရတဲ့ သဘောလည်း ပါတာလေ"

နွယ်မောင် သက်ပြင်းချ၍

"သမီးလေး သနားပါတယ်ဗျာ"

ဟု တိုးတိုးညည်းသည်။

"မင်းတောင် သနားမှတော့ ငါက ငါ့သမီး ပိုသနားတာပေါ့။ ဒါပေမဲ့ ဒီနေရာကို ငါ့လိုမဟုတ်တဲ့ လူတစ်ယောက် ရောက်လာရင် လူတွေ အများကြီး ငါ့သမီးထက်ပိုပြီး သနားစရာ ကောင်းသွားမယ်။ အဲဒီလို တွေးမိရင် ငါ လုပ်လက်စကို ဘယ်လိုမှ နောက်မဆုတ်နိုင်ဘူး"

နွယ်မောင်က ခေါင်းခါ၍..........

"အစ်ကိုထိုက်လို စိတ်ထားနိုင်ဖို့တော့ မလွယ်ပါဘူးဗျာ။ ကျွန်တော်ဖြင့် အစ်ကိုထိုက်ကို ဘယ်လိုလုပ် ဒီလောက်အေးချမ်းနေသလဲ တွေးကြည့်လို့တောင် မရဘူး"

ဟု ပြောသည်။

"မင်းကလည်း ငါ့ကို လူထူးလူဆန်း စာရင်းသွင်းနေပြန်ပြီ။ ငါက ဘာမှ ထူးဆန်းတာ လုပ်နေတာ မဟုတ်ဘူး။ ဗုဒ္ဓဘာသာဝင်တွေ လုပ်ရမယ့်ဟာကိုပဲ လုပ်ဖို့ ကြိုးစားနေတယ်"

"ဘာလဲ"

"ဥပေက္ခာတရား ထားဖို့လေ။ တတ်နိုင်ရင် ကြိုးစားပြုပြင်၊တိုးတက်အောင် လုပ်၊ မတတ်နိုင်တဲ့ကိစ္စ လျစ်လျူရှုလိုက်ပေါ့။ ရှင်းနေတာပဲ"

ကားဂိတ်ဘက်တွင် လူများ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်ကို တွေ့ရသည်။ ကားပေါ်တက်ဖို့ ခေါ်နေဟန်တူသည်။

ညီအစ်ကိုနှစ်ယောက် လက်ဖက်ရည်ဆိုင်မှ ထကြသည်။
********************************************************************

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့