Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 9 April 2012

ပေါင်မုန့်ဆိုင်က ကောင်မလေး

အယ်လ်ဒိုရာဒို ဆိုတာက စပိန်ဘာသာစကားဖြစ်ပြီး ပျောက်ဆုံးသွားသောရွှေမြို့တော် လို့ အဓိပ္ပါယ်ရသည်။
 တကယ်တော့ စပိန်တွေ နယ်မြေသစ်ရှာဖွေခဲ့သော ဟိုးနှစ်ပေါင်းမြောက်များစွာအချိန်ကတည်းက လူတွေ
လောဘတကြီး လိုက်လံရှာဖွေပြီး အစအနပင် ရှာဖွေမရခဲ့သော ဒဏ္ဍာရီထဲမှ စိတ်ကူးယဉ်မြို့တော် တစ်ခု
သာဖြစ်သည်။

---

လမ်းလျှောက်နေရတာကိုက ပျင်းရိငြီးငွေ့ဖွယ်ကောင်းသည်။ လမ်းချိုးလေးအတိုင်းလျှောက်လာလျှင်
ဘေးတစ်ဖက် တစ်ချက်ဆီမှာ ဆိုင်ခန်းများ ။ တောက်ပသော တနည်းအားဖြင့် ပြောင်စပ်စပ်နိုင်သော
ဆိုင်းဘုတ်များက စီစီရီရီ။

ကျွန်တော် သိပ်ကိုငြီးငွေ့လွန်းပါသည်။ တစ်ထောင်ဖိုးသုံးခွေရသော ဗီစီဒီ၊ ဒီဗီဒီခွေဆိုင်။ အညှော်နံ့ တ
ထောင်းထောင်းနှင့် အကင်ဆိုင်။ ထိုဆိုင်နှင့် ဆီလျော်မှုမရှိလှစွာ ကပ်လျက်ရှိနေသည်က အလှပြင်ဆိုင်။
အရာရာသည် ကိုးလိုးကန့်လန့်နှင့် အခြေတကျမရှိနေ။


ထိုကမောက်ကမနိုင်လှသော လမ်းကြားထဲမှ ဖြတ်ကာ ကျွန်တော်နေ့စဉ် အလုပ်သွားလေ့ရှိသည်။
ထိုနေ့ကတော့ ကျွန်တော်ကားဂိတ်ကို ကျော်ကာလျှောက်မိသွားသည်။မှန်တံခါးအကြီးကြီးနောက်ကွယ်မှ
 ရောင်စုံကိတ်မုန့်လေးများ၊ ပေါင်မုန့်အရွယ်အစားမျိုးစုံတို့ကို မြင်လိုက်ရသဖြင့် ထိုဆိုင်သို့ ကျွန်တော်
သွားလိုက်မိသည်။ တကယ်က ကျွန်တော် ပေါင်မုန့်ကြိုက်တတ်သူလည်းမဟုတ်ပါ။

ထိုနေ့က မည်သည့်အတွက် ထိုမှန်တံခါးနောက်သို့ ၀င်လိုက်မိမှန်းလည်း မသိပါ။ အရာရာသည် မတော်တ
ဆသာဖြစ်ဟန်ရှိပါသည်။မှန်ကောင်တာထဲမှ ရောင်စုံ ကိတ်မုန့်လေးများ၊ ပေါင်မုန့်လေးများကို လိုက်ကြည့်
နေမိသည်။ ဘယ်အမျိုးအစားက စားကောင်းသလဲ ကျွန်တော်မသိပါ။ အပြင်ပန်းအဆင်းကို ကြည့်ရုံဖြင့်
 အတွင်းမှ အရသာကို ကျွန်တော်မခန့်မှန်းတတ်ပါ။

ထို့ကြောင့် ကျွန်တော်ဝယ်ကြည့်မှ သိပါလိမ့်မည်။ အတွေ့အကြုံရှိသွားလျှင် နောက်တခါ ကျွန်တော်ရွေး
ချယ်တတ်သွားပါလိမ့်မည် ထင်ပါသည်။ ကောင်းမည်ဟုထင်ရသော သုံးလေးထုပ်ကို ဆွဲယူကာ ငွေရှင်း
ကောင်တာသို့ တင်လိုက်မိသည်။


ပထမဆုံး သတိထားမိသည်က ကျွန်တော်တင်လိုက်သော မုန့်ထုပ်လေးများကို ဆွဲယူသွားသည့် လက်ချောင်း
လေးများ။ လက်ဖမိုးဖြူဖြူပေါ်မှ မွှေးညှင်းစိမ်းစိမ်းလေးများကို ကျွန်တော် အမှတ်မထင် ငေးကြည့်နေမိသည်။
သေသပ်စွာညှပ်ထားသောလက်သည်း ၊ လက်ချောင်းလေးများက နုနယ်သိမ်မွေ့မနေပါ။ ထိုလက်ချောင်းလေး
များသည် ကြံ့ကြံ့ခိုင်ခိုင်နှင့် အလုပ်ကြမ်းလည်းလုပ်ရပုံပေါ်ပါသည်။

ကွန်ပြူတာခလုတ်ခုံပေါ် တတောက်တောက်နှိပ်လိုက် နောက်မုန့်တစ်ထုပ်ကို ဆွဲယူလိုက်နှင့် အလုပ်ရှုပ်နေသော
 လက်ချောင်းလေးများကို ကျွန်တော်ငေးနေမိသည်။ အားလုံး လေးထောင့်ရှစ်ရာကျပါတယ်ရှင်ဆိုသော အသံ
အဆုံးတွင် ကျွန်တော်မော့ကြည့်မိသည်။

မျက်လုံး ... တကယ်တော့ မျက်လုံးထက် အကြည့်က ပိုလှသည်ဟု ကျွန်တော်ဆိုချင်ပါသည်။ ကျယ်ပြန့်သော
 ကြည်လင်သော ရိုးရှင်းသောအကြည့်... ။ သူမသည် ကျွန်တော့်ထက်အရပ်နိမ့်သောကြောင့် ထို့ပြင် ငွေစာရင်း
ကို ငုံ့တွက်နေရာမှ မျက်လုံးကို ၀င့်၍ကြည့်သလိုဖြစ်နေရာ ထိုအကြည့်က အလွန်လှပါသည်။ ထိုနေ့မှစ၍
ကျွန်တော် ငှားရန် အဆင်သင့်ရှိနေသောကားများစွာရှိသည့်တိုင် ကားဂိတ်ကို ကျော်ကျော်၍ လမ်းလျှောက်
တတ်လာပါတော့သည်။


----

အိပ်မက် တစွန်းတစမှမမက်မိပါ။ ထို့အတူ စိတ်ကူးလည်း တစိုးတစိမျှ မကူးမိ။ ထိုအကြည့်သည် သိပ်မကြာခင်
မှာပင် ပျောက်ကွယ်သွားလေ့ရှိသည်။သို့သော် ထိုလမ်းလေးထိပ်သို့ရောက်တိုင်း ထိုမုန့်ဆိုင်နားရောက်တိုင်း
အလိုလို ကျွန်တော့်စိတ်ကူးတွင် ထင်လာသည်။ ကျွန်တော် ထိုအကြည့်ကို ခံယူချင်လာသည်။ ထိုအခါ ကျွန်တော်
မှန်တံခါးလေးကို တွန်းဖွင့်ကာ ၀င်သွားရပြန်ပါသည်။.

ကိတ်မုန့်ဘူးများသာ ရှိပြီး။ သူမနှင့် ကျွန်တော်ဆက်သွယ်သော ဘာသာစကားမှာ ဘယ်လောက်ကျသလဲနှင့်
ဒီလောက်ကျပါတယ်ရှင်ဆိုသော စကားနှစ်ခွန်းကလွဲလျှင်မရှိပါ။ ထို့ပြင် တစုံတရာဆက်သွယ်သော သင်္ကေတဟူ၍
ပင့်၍ကြည့်သော အကြည့်လေးတချက်သာရှိပါသည်။.


ရံဖန်ရံခါ သူမခေါင်းငုံ့၍ စာရင်းတွက်နေသည့်အခါ သူမမျက်နှာကို ကျွန်တော်ငေးကြည့်လေ့ရှိသည်။ အနည်းငယ်
ကောက်ဟန်ရှိသော ဆံနွယ်လေးများကို နောက်သို့ သိမ်းထားသောကြောင့် ရှင်းပြန့်နေသော နဖူး၊ နားရွက်ကလေး
နှင့် နှုတ်ခမ်းနီနီ ...။

ထိုအရာအားလုံးကို ကျွန်တော် စက္ကန့်ပိုင်းအတွင်းသာကြည့်ရန်အချိန်ရပါသည်။ ပြီးလျှင် ကျွန်တော့်ထံ ရောက်ရှိလာ
မည့် အကြည့်ကို အမြန်စောင့်နေရလေ့ရှိသည်။အိမ်သို့ပြန်သည့်အခါ ၊ ရုံးသို့သွားသည့်အခါ လက်ထဲတွင် ပေါင်မုန့်
ထုပ်များ ကိတ်မုန့်များ ပါသည့်အကြိမ်များလာရာ အစ်မများ၊ သူငယ်ချင်းများက စနောက်လေ့ရှိသည်။ ကျွန်တော်
လျှို့ဝှက်တတ်သူမဟုတ်ပါ။ လျှို့ဝှက်ချက်တစ်ခုလည်းမဟုတ်ပါ။

ထိုအကြည့်လေးတစ်ချက်သည် ကဗျာတစ်ပုဒ် သို့သော် ဖတ်ပြီးသည်နှင့်ပျောက်သွားသော .. ခေါင်းစဉ်မြင်မိသည်
နှင့် ပြန်ဖတ်ချင်သော ကဗျာတစ်ပုဒ်။ အလိုအလျှောက် ညည်းမိသော တေးသီချင်း အပိုင်းအစတစ်ခု ။ ပန်းချီကား
တစ်ကား ။ ကျွန်တော် ထိုဆိုင်လေးသို့ သတိရသည့်အခါတိုင်း သွားမိပါသည်။


---

"အင်း အဲဒါပါပဲကွာ။ တခြားမရှိပါဘူး။" ...... လို့ ဒီကောင် အဆုံးသတ် ပြောလိုက်ပြီးတော့ ကျွန်တော်တို့ နည်း
နည်းငြိမ်သွားကြတယ်။ ကျွန်တော့်စိတ်ထဲလဲ နည်းနည်းတော့ ထူးဆန်းနေတယ်။ ဒီကောင်က ဒါမျိုးကိစ္စတေ
ွရှင်းတယ်။ ရှင်းဆို တခါမှကို သူ့ဆီက မကြားဘူးတာ။ စကားတွေဖြတ်ပြီး ပြန်လာတော့ အပြန်လမ်းမှာ မုန့်ဆိုင်
ထဲ ၀င်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ မိုးတော့ နည်းနည်းချုပ်နေပြီ။ မထူးပါဘူးဆိုပြီး ကျွန်တော်ဝင်လိုက်တယ်။


မုန့်တစ်ခုကို ကောက်ယူလိုက်ပြီး ကောင်တာဆီသွားလိုက်တယ်။

ကောင်မလေးက မျက်လုံးတစ်ချက်ဝင့်ကြည့်လိုက်တယ်။

ပိုက်ဆံရှင်းပြီးကျွန်တော်ထွက်လာလိုက်တယ်။ ဟိုကောင် ပေါင်မုန့်မကြိုက်တာ ကျွန်တော် သေချာသိတယ်။

ကျွန်တော်လဲ နောက်နေ့ကျရင် အယ်လ်ဒိုရာဒိုဆီ ရောက်မိဦးမလားပဲ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့