Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 6 April 2012

လုပ်ဆောင်မူစွမ်းအား (ကိစ္စ)အရ ကံလေးမျိုး

ကံ၏ ပြုလုပ်နိုင်မူ စွမ်းရည်သတ္တိ ကိစ္စကိုလိုက်၍ ဇနကကံ၊ ဥပတ္ထမ္ဘာကကံ၊ ဥပပီဠကကံ၊ ဥပဃာတကကံ ဟူ၍ လေးမျိုးကွဲပြားသည်။

ဇနက ကံ
ဘ၀သစ်တစ်ခု ဖြစ်ပေါ်အောင်(ပဋိသန္ဓေကိစ္စ) ပြုလုပ်နိုင်စွမ်းသော ကံသည် ဇနကကံမည်၏။ ပ၀တ္တိကျိုး (ဆက်လက်ဖြစ်ပွားမူ)ကိုမူ မပြုလုပ်နိုင်။ ပ၀တ္တိအခါ၌ အခြားကံတစ်ခုက အကျိုးကို ဖြစ်စေတတ်၏။ မိခင်သည် သားငယ်ကို မွေးဖွားပေးသည်။ နို့ထိန်းတို့က ကျွေးမွေးသုတ်သင်ကြသည်။ ထို့အတူပင် ဇနကကံသည် မိခင်ကဲ့သို့ ပဋိသန္ဓေမူ ဘ၀သစ်မွေးဖွားမူကို ဖြစ်စေ၍ ပ၀တ္တိအခါ၌ အခြားကံတို့က နို့ထိန်းကဲ့သို့ သတ္တ၀ါကို ထိန်းသိမ်းကြသည်။

တနည်းအားဖြင့် ဇနကကံသည် ကုသိုလ် အကုသိုလ် နှစ်မျိုးလုံးနှင့် သက်ဆိုင်၍ ပဋိသန္ဓေကျိုး ပ၀တ္တိကျိုး နှစ်မျိုးလုံးကို ပေးနိုင်၏ဟူ၍လည်း မိန့်ဆိုတော်မူကြ၏။

ဥပတ္တ မ္ဘက ကံ
အထောက်အပံ့ပေးတတ်သော ကံသည် ဥပတ္ထမ္ဘကကံ မည်၏။ ဤကံသည် ပဋိသန္ဓေကျိုး (ဘ၀သစ်တစ်ခု ဖြစ်ထွန်းမူ)ကို မပေးနိုင်ပေ။ ပ၀တ္တိအခါ၌ ကုသိုလ် - အကုသိုလ်ကံတို့ ဖြစ်ပွားစေရန် အထောက်အပံ့ပေးသည်။ ကုသိုလ် အကုသိုလ် အရာဌာန နှစ်ခုလုံး၌ ဤကံ က ထောက်ပံ့ပေးနိုင်သည်။ သတ္တ၀ါတစ်ဦးသည် ကုသိုလ်ကံများကို ပြုလုပ်ခဲ့သဖြင့် သုဂတိဘ၀၌ ဖြစ်လာရသည် (ဇနကကံ)။ ထိုသူသည် ထိုဘ၀၌ပင် ကုသိုလ်တရားများကို ထပ်ခါ ထပ်ခါ အဖန်တလဲလဲ ပြုလုပ်သည်(ဥပတ္ထ မ္ဘက ကံ) ထို့နောက် ပြုကုသိုလ်ကံများက အထောက်အပံ့ပေးကြသဖြင့် သုဂတိဘ၀၌ ချမ်းသာသုခကို နှစ်ပေါင်းများစွာ ခံစားရသည်။ ဤသည်မှာ ကုသိုလ် ဥပတ္ထမ္ဘက ကံက အထောက်အပံ့ပေးပုံ ဖြစ်သည်။

သတ္တ၀ါတစ်ဦးသည် အကုသိုလ်ကံများကို ပြုလုပ်ခဲ့သည်၊ ထိုအကုသိုလ် ဇနကကံကြောင့် ဒုဂ္ဂတိဘ၀၌ ဖြစ်ရသည်၊ ထိုဘ၀၌ အကုသိုလ်များကို အဖန်တတလဲလဲ ပြုလုပ်သည်။ ထိုအကုသိုလ်ကံများက အထောက်အပံ့ပေးကြသဖြင့် နှစ်ပေါင်းများစွာ ဒုဂ္ဂတိဘ၀၌ ဆင်းရဲဒုက္ခခံစားရသည်။ ဤသည်မှာ အကုသိုလ် ဥပတ္ထမ္ဘက ကံက အထောက်အပံ့ပေးပုံ ဖြစ်သည်။

ဥပတ္ထမ္ဘကကံသည် ကုသိုလ်ပြုသူအား ကုသိုလ်အကျိုး ခံစားရအောင် အကုသိုလ်ပြုသူအား အကုသိုလ်အကျိုး ခံစားရအောင် အဓွန့်ရှည်ကြာ တည်တံ့အောင် ထောက်ပံ့ပေးသည်။

ဥပပီဠက ကံ
ဇနက ကံကြောင့် ပဋိသန္ဓေတည်နေလာသူတစ်ဦးသည် ချမ်းသာမူ ဆင်းရဲမူများကို ခံစားရသောအခါ အချိန်ကြာကြာ ခံစားခွင့်မရအောင် ဥပပီဠကကံက တားမြစ်ပိတ်ပင်တတ်၏။ ညှဉ်းဆဲတတ်၏။ အဓွန့်ရှည်ကြာစွာ ဖြစ်ပွားဖို့ရန် အခွင့်အရေး မပေး၊ ကုသိုလ်ကံများ အကျိုးပေးနေ၍ ချမ်းသာသုခ ခံစားနေရစဉ် အကုသိုလ်ကံသည် ဥပပီဠက ကံ အနေဖြင့် ပေါ်ပေါက်လာ၍ ကုသိုလ်အကျိုးပေးခွင့်ကို ပိတ်ပင်တားဆီးလိုက်သည်။ ထို့အတူပင် အကုသိုလ်အကျိုးပေးနေ၍ ဆင်းရဲဒုက္ခရောက်နေရစဉ် ကုသိုလ်ကံသည် ဥပပီဠက ကံအနေဖြင့် ပေါ်ပေါက်လာ၍ ထိုအကုသိုလ်ကံ၏ အကျိုးပေးမူကို ပိတ်ပင်တားမြစ်လေသည်။

ကြီးထွားနေသော သစ်ပင် ခြုံနွယ်ကို တစုံတယောက်က တုန်ဓားလက်နက်ဖြင့် ထိုးခုတ်လိုက်ပါက ထိုအပင် ခြုံနွယ်သည် ကြီးထွားရန် မဖြစ်နိုင်တော့သကဲ့သို့ ထို့အတူပင် ကုသိုလ်ကံအကျိုးပေးနေစဉ် အကုသိုလ်ကံက ၀င်ရောက်နှိပ်စက်လိုလျှင် အကုသိုလ်ကံ အကျိုးပေးနေစဉ် ကုသိုလ်ကံက ၀င်ရောက်နှိပ်စက် နှောင့်ယှက်ပိတ်ပင်လျှင် အကျိုးပေးခြင်း ဆက်လက်မဖြစ်ပွားနိုင်တော့ပေ။

သုနက္ခတ္တရဟန်း၏ အကုသိုလ်ကံသည် ကုသိုလ်ကံကို တားမြစ်ပိတ်ပင်ခဲ့သည်။ သုနက္ခတ္တရဟန်း၏ ဒိဗ္ဗစက္ခုအဘိညာဉ် ကုသိုလ်ကံကို မြတ်စွာဘုရားအား စွပ်စွဲပြစ်မှားမူ အကုသိုလ်ကံက တားမြစ်လိုက်သဖြင့် ဒိဗ္ဗစက္ခုအဘိညာဉ် ကွယ်ပျောက်သွားခဲ့ရသည်။

မြတ်စွာဘုရား လက်ထက်တော်က ရာဇဂြိုလ်မြို့တွင် ၀ါတကာဠက အမည်ရှိသောသူသည် နှစ်(၅၀)ပတ်လုံး ဘုရင့် လူသတ်သမားကြီးအဖြစ် လုပ်ကိုင်ခဲ့သည်။ အသက်ကြီးရင့်သောအခါ လူသတ်မူတာဝန်ကို မထမ်းဆောင်နိုင်တော့သဖြင့် အနားယူခဲ့ရသည်။ လူသတ်တာဝန် ထမ်းဆောင် ရသဖြင့် အ၀တ်သစ် မ၀တ်ရ၊ ပန်းနံ့သာကောင်းများ မသုံးဆောင်ရ ထမင်းကောင်းကောင်း မစားရ၊ ရေကောင်းကောင်းမချိုးရ၊ အချိန်ပြည့် တာဝန်ယူခဲ့ရသည်။ နှစ်ပေါင်းများစွာ ညစ်ညမ်းပေရေစွာ နေထိုင်ခဲ့ရသည်။ အနားယူသော နေ့တွင် ဃနာထမင်း ကောင်းကောင်းချက်ထားရန် မိမိဇနီးအား မှာကြားပြီး ရေချိုးရန် မြစ်ဆိပ်သွား၏။ ခေါင်းလျှော် ရေချိုး အ၀တ်အစားသစ် ၀တ်ပန်းနံ့သာ အမွေးအကြိုင်များချယ်သပြီး အိမ်ပြန်အလာ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကို လမ်းတွင် တွေ့ရသည်။

လွန်စွာ ညစ်ပတ်ပေကျံ၍ ယုတ်ညံ့သော လူသတ်ပါးကွက် အာဏာသားအလုပ်မှ ယခုပင် အနားယူခိုက် တိုက်တိုက် ဆိုင်ဆိုင် မထေင်္ရမြတ်ကို ဖူးတွေ့ရ၍ ၀မ်းသာအားရ ဖြစ်သွား၏။ မထေရ်ကို အိမ်သို့ ပင့်ဆောင်ခဲ့ပြီး ထောပတ် သကြားများဖြင့် ချက်ပြုတ်ထားသော ဃဏာနို့ဆွမ်းကို လှူဒါန်းဆက်ကပ်သည်။ ဆွမ်းဘုဉ်းပေးပြီးနောက် မထေရ်မြတ်က အနုမောဒနာ တရားဟောပြတော် မူသည်။ မထေရ်မြတ် ပြန်ကြွသောအခါ လိုက်ပို့ပြီး မထေရ်၏ တရားကို နှလုံးသွင်းလျက် ပြန်အလာ လမ်းခရီးအကြား၌ သားဖွားပြီးစ နွားမတစ်ကောင်က ဝှေ့သဖြင့် ရုတ်တရက် ကွယ်လွန်ခဲ့ရသည်။ ထိုကုသိုလ်ကံကြောင့် တာဝတိံသာဝယ် နတ်သားဖြစ်ခဲ့သည်။ ဤ၌ လူသတ်မူ အကုသိုလ်ကံ၏ အကျိုးပေးခြင်းကို ဆွမ်းအလှူနှင့် တရားနှလုံးသွင်းမူ ကုသိုလ်ကံက တားမြစ်ပိတ်ပင်လိုက်သဖြင့် လူသတ်သမားကြီး ၀ါတကာဠက သုဂတိဘ၀ကောင်းကို ရခဲ့သည်။

ဥပဃာတက ကံ
အားနည်းသောကံကို သုတ်သင်ဖယ်ရှားပြီး ထိုကံ၏အကျိုးပေးခွင့်ကို တားမြစ်ကာ မိမိကံ၏ အကျိုးပေးခွင့်ကိုသာ ဖြစ်ပေါ်စေတတ်သော ကံသည် ဥပဃာတက ကံမည်၏။ ဥပစ္ဆေဒေကကုံလည်း ခေါ်၏။ ကုသိုလ်ကံ အကျိုးပေးး၍ ချမ်းသာသုခ ခံစားနေရသူတစ်ဦးအား အကုသိုလ်ကံဆိုးတစ်ခုပေါ်ထွက်လာပြီး ကုသိုလ်ကံကို ပယ်သတ်ပစ်လိုက်သည်။ ထို့အတူပင် အကုသိုလ်ကံအကျိုးပေး၍ ဒုက္ခရောက်နေသူတစ်ဦးအား ကုသိုလ်ကံကောင်း တစ်ခုပေါ်ထွက်လာ၍ ထိုအကုသိုလ်ကံကို ဖြတ်တောက်ပယ်ရှား ပစ်လိုက်သည်။ ဤသည်မှာ ဥပစ္ဆေဒကကံ၏ သတ္တိ ဖြစ်သည်။

အဇာတသတ်မင်းသားသည် ပိတုဃာတကကံကြောင့် မဟာအ၀ီစိငရဲကြီး၌ ဧကန်ကျရောက်၍ နှစ်ရာပေါင်းများစွာ ဆင်းရဲဒုက္ခကြီးခံစားရမည့် အကုသိုလ်ဂရုဏာကံကြီးထိုက်နေသူ ဖြစ်သည်။ သို့သော်လည်း ဘုရားရှင်ထံ ဥပါသကာခံ၍ တရားတော်ကို နာကြားရသော ကုသိုလ်ကံက ၀င်ရောက် ပေါ်ထွက်လာပြီး အကုသိုလ်ကံကို ပယ်သတ်လိုက်သဖြင့် မဟာအ၀ီစိ ငရဲကြီးသို့ မကျရောက်ရတော့ဘဲ လောဟကုမ္ဘီငရဲငယ်၌သာ ကျရောက်ရသည်။ ကုသိုလ် ဥပဃာတကကံက အကုသိုလ်ကံကိုပယ်သတ်ပုံ ဖြစ်သည်။

အင်္ဂုလိမာလလူဆိုးကြီး လူပေါင်းများစွာ၏ အသက်ကို သတ်ဖြတ်ခဲ့သုဖြစ်၍ ငရဲသို့ ကျရောက်ရမည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော်လည်း မြတ်စွာဘုရားနှင့် တွေ့ပြီး တရားနာ တရားရူမှတ်ခွင့်ရသဖြင့် အမြတ်ဆုံးအား အကောင်းဆုံးသော အရဟတ္တမဂ် ကုသိုလ်ကံကြီးကို ရကာ ရဟန္တာဖြစ်ခဲ့သည်။ အရဟတ္တမဂ်ဉာဏ် လောကုတ္တရာကုသိုလ် ဥပဃာတကကံ ပေါ်ထွက်လာပြီး အပြီးတိုင်ပယ်သတ်လိုက် သဖြင့် ငရဲကျရောက်ရမည့် အကုသိုလ်ကံသည် လုံးဝကင်းပျောက် ချုပ်ငြိမ်းသွားသည်။

ဤသို့လျှင် ဥပဃာတကကံသည် အခြားကံများကို အပြီးတိုင်ပယ်သတ်နိုင်သည်။ ထိုကံတို့၏ အကျိုးကိုလည်း ပယ်သတ်နိုင်သည်။ မိမိတည်းဟူသော ဥပဃာတက ကံ၏ အကျိုးများကိုသာ ဖြစ်ပွားစေနိုင်သော သတ္တိရှိလေသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့