Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 9 April 2012

ထာဝရ ၀ိညာဉ်နှင့် တမလွန်ဘဝ

ဗုဒ္ဓအဘိဓမ္မာအရ ဤကဲသို့ “မွေးသေ - မွေးသေ” မရပ် မနားရ၊ ဘ၀အထွေထွေ ဖြစ်ပျက်နေရသည်ကို “သံသရာ” ဟု ခေါ်သည်။ ဤသို့ ဘ၀တစ်ခုမှ ဘ၀တစ်ခုသို့ ကူးပြောင်းရာ၌လည်း ပကတူပနိဿယ - အနန္တရကမ္မသတ္တိ စွမ်းအားမှတပါး ဘ၀ဟောင်းက ရုပ်နာမ်တစုံတရာမျှ ဘ၀သစ်သို့ ကူးပြောင်းလိုက်ပါလာခြင်းမရှိ၊ ဤသဘောကိုကြည်လျှင် အတ္တ လိပ်ပြာ အသက် ၀ိညာဉ်ကောင်သည် ဘ၀ဟောင်းခန္ဓာဟောင်းမှ ဖဲခွာ၍ ဘ၀သစ်ခန္ဓာသစ်၌ ဖြစ်သည်။ ထိုအတ္တ၀ိညာဉ် အသက် လိပ်ပြာကောင်သည် မည်သည်အခါမျှ မသေမပျောက်၊ အမြဲထာဝရ တည်ရှိသည်။ သန့်ရှင်းသော ၀ိညာဉ်တော်၊ သို့မဟုတ် မဟာအတ္တမ၏ အစိတ်အပိုင်း တစ်ခုအဖြစ် တည်ရှိ၍ အမြဲဆက်သွယ်မူရှိသည်- စသည်ဖြင်ယူဆလက်ခံ ယုံကြည်နေကြသော အယူဝါဒများသည် ဗုဒ္ဓအဘိဓမ္မာ၌ ထောက်တည်ရန် နေရာမရှိပေ။ ယုတ္တိမရှိကြောင်း ထင်ရှားလေတောသည်။

မြတ်စွာဘုရားလက်ထက်တော်အခါက ပါယာသိ အမည်ရှိသော စော်ဘွားကြီးကား ဥစ္ဆေဒအယူရှိသူဖြစ်၍ အများယုံကြည်နေသော အတ္တ၀ိညာဉ်ရှိသည် ဟူသော(သဿတ ၀ါဒ)ကို လက်မခံ၊ ရာဇ၀တ်သားများကို လုံခြုံအောင် ချုပ်နှောင်ပိတ်ဆို့၍ ကွပ်မျက်ကာ ခန္ဓာကိုယ်မှ အတ္တ၀ိညာဉ် မည်သို့ ထွက်ခွာသွားကြောင်း အကြိမ်ကြိမ် လက်တွေ့စမ်းသပ်ကြည်ဖူး၏။ အတ္တ၀ိညာဉ်သည် အလောင်းကောင်မှ ထွက်ခွာသွားသည်ကို တစ်ခါမျှ မမြင်ရဖူးကြောင်း ၀န်ခံပြောဆိုခဲဖူးသည်။

သာသနာပ၀ါဒတို့၌ ထိုအတ္တ၀ိညာဉ်ကိုပင် ရှိ မရှိ အမျိုးမျိုးယူဆကြရာ တစ်ဘ၀ သေပြီးလျှင်ပင် နောက်ထပ်ဘ၀တစ်ခု မရှိ၊ ထိုဝိညာဉ်သည်ပင်လျှင် တစ်စုံတစ်ယောက်သော တန်ခိုးရှင်၏ အဆုံးအဖြတ်ကို ခံယူ၍ ကောင်းဆိုးဝနှစ်ခု၌ ထာဝရတည်ရှိနေသည်ဟုလည်း ယူဆကြပြန်၏။

ထိုအယူဝါဒများအရ သေပြီးနောက် ဘ၀သစ်တစ်ခု ဖြစ်ရန် သံသရာလည်ရန် မလို၊ တမလွန်ဘ၀ကို မယုံကြည်လိုကြပေ။ သို့ရာတွင် တမလွန်ဘ၀ မရှိဟု ယူဆနေကြသူတို့ ပတ်ဝန်းကျင်၌ပင် အမျိုးမျိုးသော လူဝင်စားများအကြောင်းကို သုတေသနပြု ထုတ်ဖော်လျက်ရှိကြရာ စုတိ ပဋိသန္ဓေပိုင်း ဆိုင်ရာ ဗုဒ္ဓ အဘိဓမ္မာသည် ယခုအခါ အယူအစွဲ မကြီးသော သုတေသီ အခြားဘာသာဝင် ပညာရှင်များအားလည်း များစွာ အထောက်အကူ ပေးလျက်ရှိနေပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့