Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 7 April 2012

ဒိုင်ယာရီ ၊ ရေစက် နှင့် ခွဲခွာမှုတို့ အကြောင်း

ဒိုင်ယာရီ
ကျွန်တော့် ဘ၀၏ တစ်ဦးတည်းသော သူမအကြောင်းကို ဒိုင်ယာရီတွင် မှတ်သား ထားခဲ့ဖူးသည်။ လူတော်တော်များများက ဒိုင်ယာရီကို မည်သို့ အသုံးပြုပြီး မည်သို့ သဘောထားသည်ကို ကျွန်တော် မလေ့လာ၍ မသိခဲ့ပါ။ ကျွန်တော်ကတော့ အသွေးအသားနှင့် ရင်းပြီး ရလာသည့် လျှို့ ဝှက်ခံစားချက်များ သိုဝှက် သိမ်းဆည်းရာ အဖြစ် ဒိုင်ယာရီကို အသုံးပြုခဲ့ပါသည်။ ထို့အတွက် ကျွန်တော့် နှလုံးသားကလည်း ခုန်သံပြင်းပြင်းပြုရင်း လိုလိုလားလား သဘောတူ လက်ခံခဲ့သည်။ အကြောင်းက ကျွန်တော် အသုံးပြုခဲ့သော ဒိုင်ယာရီမှာမွေးရာပါ သန်မာခဲ့သော နှလုံးသား ကိုယ်တိုင် ဖြစ်နေသောကြောင့်ပင်။ ထိုဒိုင်ယာရီကြီးထဲတွင် ကျွန်တော့်ဘ၀၊ ကျွန်တော့်ဇာတိမြို့၊ ကျွန်တော့် မိတ်ဆွေ၊ ကျွန်တော့် မိသား စု၊ ကျွန်တော့် ...။ ပြီးတော့ ကျွန်တော့် ချစ်ခြင်း အားလုံးကို သိုဝှက်သိမ်းဆည်း ထားခဲ့သည်။ ထို့ကြောင့် နှလုံးသား ဒိုင်ယာရီကြီးထဲတွင် သိုဝှက် သိမ်းဆည်းမှု ပေါင်းများစွာ၊ လျှို့ဝှက်ချက်ပေါင်း များစွာ နှင့် စာရွက်ရေ ပေါင်းများ စွာ...။

သူမ...။
သူမကို သတိရ လွမ်းဆွတ်တိုင်း ကျွန်တော် ဒိုင်ယာရီကြီးကို အစ အဆုံး ပြန်လှန်လေ့ရှိသည်။ ထိုအခါ စာရွက် တော်တော်များများပေါ်မှ သူမ နာမည်များကို တစ်ဖန်မြင် တွေ့ရစမြဲ။ အချို့ စာမျက်နှာများတွင် သူမ ပြုံးနေခဲ့သည်။ အချို့စာမျက်နှာများတွင် သူမ စိတ်ကောက်နေခဲ့သည်။ အချို့စာမျက်နှာများတွင် သူမ ရယ်မောနေခဲ့သည်။ အချို့စာ မျက်နှာများတွင် သူမငိုကြွေး နေခဲ့သည်။ စိတ်လိုလက်ရ ရှိ၍ ဒိုင်ယာရီ၏ ခေါက်ရိုးကျိုး စာမျက်နှာကို လှန်ကြည့် မည်ဆိုလျှင်တော့ တရွေ့ရွေ့ အဝေးသို့ ထွက်ခွာသွားသော သူမခြေရာလေးများ ထင် ကျန်နေသည်ကို တွေ့ရပေလိမ့်မည်။

တစ်ချိန်က ထိုခြေရာ လေးများ ဝေးကွာသွား၊ သေးငယ်သွား၊ မှုန်မှိုင်းသွားသည် အထိ မတားမြစ်ဘဲ ထိုင်ကြည့် နေခဲ့သူမှာ ကျွန်တော်ကိုယ် တိုင်ပင် ဖြစ်သည်။
ထို့ကြောင့် ခေါက်ရိုး ကျိုးစာမျက်နှာ၏ ဟိုမှာဘက် စာရွက် အမြောက် အမြားကို ကျွန်တော် မျက်ရည် သုတ်ဖို့ အသုံးပြုခဲ့ရ သည်။ စာရွက်များ အပေါ် သူမနာမည် ရေးခြစ်ရင်း၊ အလွမ်းဆိုသော ဝေါဟာရကို ပုံဖော်ရင်း၊ နွမ်းလျစွာပါးအပ် လိုက်ရင်း၊ မျက်ရည်သုတ် လိုက်ရင်းနှင့်...။

တကယ်တမ်းတော့ ဒိုင်ယာရီ၏ သူမနှင့် ပတ်သက်သော အခန်း ကဏ္ဍတစ်ခုလုံးတွင် (ဖေဖော်ဝါရီ ၁၄ ရက် စွဲတပ်ထားသော ဗလာစာရွက်မှ လွဲပြီး) ကြေကွဲ ဆို့နင့်ခြင်း အက္ခရာတို့သာ ပြည့်သိပ်လျက်ရှိပါသည်။ သို့သော် ဒိုင်ယာရီ၏ ထိုအခန်း ကဏ္ဍလေးကိုတော့ ဖျက်ပစ်ဖို့ ကျွန်တော် ဘယ်တော့မှ မကြိုးစားမိခဲ့။ ည အိပ်ရာဝင် ပုံပြင် တစ်ပုဒ်အဖြစ် ညစဉ် ဖတ်ရှုပြီးမှ အိပ်တတ်သော အကျင့်ကြောင့် ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။

ရေစက်
သူမက ကျွန်တော့် ချစ်သူဖြစ်ခဲ့ပါသည်။ ထို့ကြောင့် သူမနှင့် ကျွန်တော် ဖူးစာဆုံသည်ဟု (တစ်ချိန်က)ထင်ခဲ့ မိသေးသည်။ တကယ်တမ်းတော့ ကြည်နူးစွာ ပေါင်းဖက်ရခြင်း အနက်ဆောင်သော ဖူးစာသည် ကျွန်တော်နှင့် မထိုက်တန်ခဲ့ပါ။ အမှန်က သူမနှင့် ကျွန်တော် တဒင်္ဂ ရေစက်ဆုံကြ ခြင်းဖြစ်သည်။ ဆန်းကြယ် စွာ ရေစက်ဆုံပြီး မလှပစွာ ရေစက် ကုန်ခဲ့ရပါသည်။ အနော်ရထာပြည့်ရှင် မင်းကြီးက သူမနှင့် ကျွန်တော့်အတွက် ပုဂံပြည် စည်ပင် ၀ပြောအောင် ထူထောင်ခဲ့ခြင်း မဟုတ်ပါ။ သို့သော် ကျွန်တော်တို့ နှစ်ယောက် ပုဂံမြို့မှာ ရေစက် ဆုံ ကြရပါသည်။

ပုဂံကောင်းကင်က မိုးသီးမိုးပေါက်များနှင့် ပုဂံ တစ်ခွင်လုံးကို အုပ်မိုးထားသည့် နှောင်းအတိတ် ကာလ နေ့တစ်နေ့။ ထိုနေ့က သူမကို ကျွန်တော် စတွေ့ခဲ့ရသည်။ လက်ညှိုးထိုး မလွဲသော ပုဂံ ဘုရား အများကြီးထဲမှာမှ သူမက မနူဟာ ဘုရားကြီးဆီ မိုးဖွဲဖွဲထဲက ရောက်လာပါသည်။ ကံကြမ္မာကို ယိုးမယ် မဖွဲ့လိုပါ။ သို့သော် ထိုနေ့၊ ထိုအချိန်၊ ထိုမနူဟာဘုရား ပရ၀ဏ် အတွင်းတွင် ဘုရား ဝေယျာဝစ္စပြုလုပ်ရန် ရောက်နေသော တောင်ကြီးမှ ရွှေရွက် ၀ါဝတ် အဖွဲ့ဝင် ကျွန်တော်က တိုက်ဆိုင်စွာ ရှိနေခဲ့သည်။

ထို့ကြောင့်လည်း သူမ၏ နှစ်လိုဖွယ် အပြုံးအပါ အ၀င် ဖြူစင်သော မျက်လုံး အစုံ၊ သိမ်မွေ့သော အမူအရာနှင့် ငြိမ်းချမ်းခြင်းတို့ကို တွယ်ငြိဖို့ အကြောင်းဖြစ်လာပါ သည်။ အဓိကကတော့ သူမတွင် ကျွန်တော့် နှလုံးသားနှင့် ထပ်တူ ကျမည့် နှလုံးသားရှိ နေခဲ့ခြင်းပင်။ ထို့ကြောင့် ထို အကြောင်းပြချက်တစ်ခုတည်း နှင့်ပင် သူမကို ကျွန်တော် နူးညံ့စွာ ချစ်မိသွားခဲ့သည်။ သူမကတော့ (ကာလ ခပ်ငယ်ငယ် တစ်ခု အတွင်း ချစ်သူ ဖြစ်သွားကြချိန်တွင်) ကျွန်တော့်ကို ကျွန်တော်ဖြစ်၍သာ ချစ်မိကြောင်း ရိုးရိုး သားသား ပြောပြဖူးပါသည်။

ဖြစ်တောင့် ဖြစ်ခဲ တွေ့ဆုံမှုမျိုးဖြင့် မန္တလေးမှ အပေါင်း အသင်းများနှင့် ပုဂံ ဘုရားဖူးလာသော သူမနှင့် တောင်ကြီးမှ ကျွန်တော်ရေစက် ဆုံကြခြင်းပင်။ ထို့ကြောင့် လည်း ဖြစ်တောင့် ဖြစ်ခဲ ချစ်ခြင်းမျိုးနှင့် ကျွန်တော်တို့ နှစ်ယောက် သိပ်ချစ်ခဲ့ကြခြင်း ဖြစ်မည်။ ချစ်ခြင်း၊ အသက် အရွယ်၊ စရိုက်၊ ပျော်ရွှင် တတ်မှုမှအစ တူညီနေခြင်း ကြောင့် သူမက ကျွန်တော့် အပေါ် လူကြီးဆန်ချင်ဟန် စတိုင်လ်ဖမ်းတတ်ပြီး ကျွန်တော်က အမြဲတမ်း သူမရှေ့ သူရဲကောင်းကြီးအဖြစ် ရပ်တည်ချင်ခဲ့သည်။
သို့သော် သူမဘယ်လို ပင် လူကြီးဆန်ချင်ဟန် စတိုင်လ်ဖမ်းဖမ်း အခါအား လျော်စွာဖြင့်တော့ လွတ်လပ်စွာ ကလေးဆန် နေတတ် သေးသည်။ ပုဂံပြတိုက်ကြီး ကို သမားရိုးကျ ချစ်သူနယ် မြေအဖြစ် သဘောထားကာ သူမနှင့် ကျွန်တော် လည်ပတ်စဉ် အခါက ပြတိုက် တစ်နေရာရှိ သံဗျင်မင်းသမီးကြေး ရုပ်တုရှေ့ အရောက် ကျွန်တော် အတန်ကြာ ငေးကြည့်ခဲ့ဖူး သည်။ (ထိုစဉ်အခါက) ထို အချင်းအရာသည် သူမ သတ်မှတ်ထားသော ရာဇ၀တ်ပုဒ် နှင့်ငြိစွန်းနေကြောင်း ကျွန်တော် မသိခဲ့ရိုးအမှန်ပါ။

ဒါပေမယ့် သူမကတော့ ကျွန်တော့် လက်ကို လွှတ်ပြီး ပြတိုက် အပြင်ထွက်ကာ စိတ်ကောက် နေခဲ့ပါသည်။ ထို့ကြောင့် နှလုံးသားနဲ့ ပတ်သက်လာလျှင် ပကတိ ကလေးငယ် သာသာ သူမကို တော်တော် ကြာကြာ ချော့ယူရသည်။ ပြီးတော့ သူရဲကောင်း မဆန်လှသော ကျွန်တော်ကလည်း ပြတိုက် အ၀င်ပေါက်ရှိ ကျန် စစ်မင်းကြေး ရုပ်တုအား ငေးမောကြည့်ဖူးသော သူမကို စကားနာ ထိုးရင်း တစ်ဖန် စိတ်ဆိုးဟန်ပြသေးသည်။ ထိုသို့ သေးသေးမွှားမွှားမှ အစ အူတိုတတ်သော ကျွန်တော်တို့ နှစ်ဦးသည် ကြီးကြီးမားမား တွယ်နှောင်ရင်း အရာရာအားလုံးကို မေ့လျော့ထားကြမြဲ။ အချိန်၊ ပတ်ဝန်းကျင်၊ အခြေအနေ စသည်ဖြင့်...။
သို့သော် ပုဂံမိုးက ထာဝရ ရွာမနေခဲ့ပါ။ ဖယ်ကြဉ် လိုက်သော လေနှင့် အတူ အဝေးတစ်နေရာသို့ လွင့်ပါ သွားကြသည်။ ထို့အတူ သူမနှင့် ကျွန်တော်သည်လည်း...။ ပုဂံကို မျက်ကွယ် ပြုလိုက်ပြီးနောက်...။

ကျွန်တော့်ရင်တွင် တင်းတင်းကျပ်ကျပ် တိုးဝင် ဖက်တွယ်ဖူးသော သူမ၏ ကိုယ်သင်းရနံ့ မွှေးပျံ့နေခဲ့သည်။ ကျွန်တော့်နှုတ်ခမ်းတွင် သူမပါးမှ သနပ်ခါးမှုန်တို့ ရှိနေခဲ့သည်။ ကျွန်တော့် လက်အစုံတို့က သူမ၏ ဆံနွယ်ရှည်လေးများကို အလွတ်ရ နေခဲ့သည်။ တောင်ကြီးပြန် လက်ဆောင်အဖြစ် သူမက ကျွန်တော့်အတွက် အလွမ်းတွေ နင့်နေအောင် ထည့်ပေးလိုက်သည်။ ထပ်တူကျသော အလွမ်းတို့ကို မန္တလေးယူပြန်သွားပါရစေ ဟုလည်း ကျွန်တော့်ထံခွင့် တောင်းသေးသည်။ အသာ အယာ ခေါင်းညိတ်လိုက်ချိန် မှာတော့ သူမကျွန်တော့်အပါး က ပျောက်ကွယ်သွားခဲ့ သည်။ ထိုအခါမှ ဟာတာတာ ရင်ခွင်၏ နှလုံးသားကိုပါ သူ မတိတ်တဆိတ် ယူသွားကြောင်း ကျွန်တော် သိလိုက်ရသည်။

ခွဲခွာမှု
ခွဲခွာမှုတိုင်းတွင် သူမက မျက်ရည်တို့နှင့် နှုတ်ဆက် ပြီး ကျွန်တော်က(ကိုယ်ကိုယ်တိုင် သရုပ်မခွဲတတ်သော) အပြုံးနှင့် နှုတ်ဆက်သည်။
သူမက ၀မ်းနည်းစွာ ငိုကြွေးပြီး ကျွန်တော်က ကြေကွဲစွာ ပြုံးလိုက်ခြင်းမျိုး ဖြစ်မည်လား မသိ။ သို့ဆိုလျှင် ကျွန်တော်တို့ ခွဲခွာတိုင်း မျက်ရည်ကျသော အပြုံးတို့ နှင့် ၀မ်းနည်းကြေကွဲစွာ နှုတ်ဆက်ကြမြဲ။

ချစ်သူတို့အတွက် ခွဲခွာ နှုတ်ဆက်ခြင်းမျိုးသည် မလိုလား အပ်ဆုံးသော ကပ်ဆိုး တစ်ခုသာ ဖြစ်ပါလိမ့်မည်။ သူမနှင့် ကျွန်တော်ကတော့ ထိုခွဲခွာ နှုတ်ဆက်ခြင်းမျိုး များများစားစား မကြုံခဲ့ရပါ။ ထို့အတွက်ကြောင့် ကပ်ဆိုးကို မျက်ကွယ်ပြုရင်း ကျွန်တော်တို့ ချစ်သူ ဘ၀သာယာဖြောင့် ဖြူးခဲ့သည်ဟုလည်း မဆိုလိုပါ။
အကြောင်းက မများလှသော ခွဲခွာမှုတို့၏ အဆုံးသတ်တွင် ထာဝရခွဲခွာခြင်း အဖြစ် သူမနှင့် ကျွန်တော် အပြီးအပိုင် ကျောခိုင်းခဲ့ကြ သည်။ ကျောခိုင်းခဲ့ကြပါ သည်။
နုသစ်စချစ်သူဘ၀ ပုဂံ နေ့ရက်များ အတွင်းက သူမ နှင့် ကျွန်တော် တစ်ညတာ ခွဲခွာခြင်းမျိုးကို စတင် စားသုံးကြည့်ကြရသည်။ ကျွန်တော် ကိန္နရီ ကိန္နရာ ဇာတ်ကို ကြားဖူးစဉ်အခါက အတိသယ၀ုတ္တိ အလင်္ကာ မြောက်သည်ဟု ရယ်သွမ်း သွေးခဲ့ဖူးပါသည်။ သို့သော် သူမနှင့် ဆက်နွယ်သည့် ထိုပုဂံနေ့ရက်များတွင်တော့ ကျွန်တော် ကိုယ်တိုင် ကိန္နရာ ဖြစ်မှန်း မသိ ဖြစ်ခဲ့ရသည်။ သူမကတော့ ကိန္နရီ...။

ထို့ကြောင့် ပုဂံမှ အပြန် ကာလ အပိုင်းအခြားမသိ ခွဲခွာ ရသောအခါ တောင်ပံ အစုံ မရှိကြသော ကျွန်တော်တို့ ကိန္နရီကိန္နရာမောင်နှံမှာ စာအပြန်အလှန် ရေးပို့ရင်း တောင်ကြီး၊ မန္တလေးကို တစ်သားတည်း ကျစေခဲ့သည်။ သူမက စာများနှင့် ကျွန်တော့်ကို လွမ်းသည်။ စိတ်ကောက်သည်။ နမ်းသည်။ ကျွန်တော်ကလည်း စာများနှင့် သူမကို စနောက်သည်။ စိတ်တိုသည်။ ထွေးပိုက်သည်။

ထိုစာလေးများကလည်း ကြည်နူး ၀မ်းမြောက်စွာ ငံ့လင့်လေ့ ရှိသော ကျွန်တော့်ဆီ အလိုက်တသိ မြူးထူး ခုန်ပေါက်ကာ တာဝန်မပျက် ရောက်လာတတ်မြဲ။ ထို့ ကြောင့် စာလေးများက ကျွန်တော့် စားဝတ်နေရေး၊ ကျွန်တော့် အိပ်မက်၊ ကျွန်တော့် အသိုက်အ၀န်းတွေ ဖြစ်လာခဲ့သည်။ တစ်ရက်မှာတော့ စာလေးတစ်စောင် ရှိုက်ကြီး တငင်ငိုကြွေးရင်း ကျွန်တော့်ဆီ အပြေးဝင်လာသည်။ မောမော ဟိုက်ဟိုက်နှင့်ပင် စာလေးက သူမအကြောင်းကို ငိုသံစွက်ပြီး ပြောပြသည်။

(ကျွန်တော်တို့ အကြောင်းကို အိမ်က သိသွားသဖြင့် သူမကို ဆရာဝန် တစ်ယောက်နှင့် ပေးစားဖို့ စီစဉ် နေကြောင်း၊ ဆရာဝန်ဆို သူ ကလည်း ရိုးရိုးအေးအေးနှင့် သူမကို တွယ်တာပေမယ့် ကျွန်တော့်ကိုသာ သူမချစ်ကြောင်း၊ ကောင်းစေချင်၍ စီစဉ်ပေးသော မိဘများကို သနားပေမယ့် သူမကို လာရောက် ခေါ်စေလိုကြောင်း၊ ကျွန်တော်နှင့်သာ တောင်ကြီးတွင် ဘ၀တစ်ခုတည်ထောင် ကြမည့်အကြောင်း၊ ... ကြောင်း... ကြောင်း...)

ကျွန်တော် အထိတ် တလန့်စာလေးကို လွှတ်ချလိုက်သည်။ အချစ်ကို ခပ်ထည့်ဖို့ အတွက် ခွက်လိုပါသလား။ အချစ်ဆိုသည့် ပန်းပွင့်ဖို့ ရေ၊ မြေတွေ လိုပါသလား၊ အချစ်ကို စာလုံး ပေါင်းပြဖို့အတွက် စာရွက် နှင့် ဖောင်တိန် လိုပါသလား။ အသက်ရှူမရစွာဖြင့် ဘေးဘီ ၀ဲယာ လှည့်ကြည့်မိသည်။ မှောင်မည်း ခြောက်ကပ်နေသော အခန်းကျဉ်းတစ်ခု။ ကျွန်တော် လဲလျောင်းမိနေသည်က အမေ၊ ညီ၊ ညီမ တို့နှင့်အတူ အိပ်စက်လေ့ရှိ သည့် တစ်ခုသော အိပ်ရာ။

အခန်းကျဉ်းလေးတွင် မည်သူမှ မရှိ။ အချစ်ကို ကျော်လွန်၍ ကြည့်လိုက်သောကြောင့် နှလုံးသားတွင်လည်း သူမ မရှိတော့။ အမေ ဈေးထွက် ရောင်းနေလား ကျွန်တော် မသိတော့။ ညီလေး ကျောင်းမအပ်ရသေးမှန်း ကျွန်တော် မသိတော့။ သူမ ပင်လယ်စာ ကြိုက်တတ်မှန်း ကျွန်တော် မသိတော့။ သူမနှုတ်ခမ်းက ရွှေရောင်လွှမ်း စကားလုံး များအကြောင်း ကျွန်တော် မသိတော့။ ညီမလေး...မသိတော့။ သူမ...မသိ တော့။ မသိတော့...။

ကျွန်တော့် ဦးနှောက် ချို့ယွင်းသွားပြီလား။ သို့မဟုတ် ပြန်ကောင်းလာသည်လား။ အချစ်တွင် ဘာတွေ ပေါင်းစပ်ထား သနည်း။ အချစ်ရှိရုံနှင့် အချစ်ဖြစ်မလာတာ တော့ သေချာသည်။ အချို့ ဗီဒီယိုဇာတ် လမ်းများမှာလို သူမမိဘများက ကျွန်တော့်ကို ငွေပုံပေးပြီး ကြမ်းကြမ်းတမ်းတမ်း ပြောဆို နောက်မဆုတ်ခိုင်းမှာတော့ သေချာသည်။ ဆရာဝန်ဆိုသူကလည်း အရှိန်အ၀ါနှင့် ကျွန်တော့် ဘ၀ကို ဖျက်ရင်း လှောင်ရယ်နေမှာ မဟုတ်တာတော့ သေချာသည်။

ကျွန်တော် ချစ်သော သူမ၊ သူမချစ်သော ကျွန်တော်။ တစ်စုံတစ်ခုကို ကျွန်တော် ပြင်းပြင်း ထန်ထန် ဆို့နင့်စွာ သိလိုက်ရသည်။ အချစ်ဆိုသည့် ပြာမှုန်လေးတွေကို ကံကြမ္မာ လေပြင်းပြင်းက တိုက်ထုတ်လိုက်သော အခါ ဘ၀ မီးခဲတွေက ရဲနေအောင် တညီးညီး ထလောင်သည်။ လွတ်ကျသွားသော စာလေးကို ကျွန်တော် ကြည့်လိုက်သည်။ မီးအချို့ဟပ် ပြီး လောင်ကျွမ်းစ ပြုနေပြီ။ ကြည့်နေရင်းမှ အမြင်အာရုံေ၀၀ါး မှုန်မှိုင်းလာသည်။ အံကြိတ်ထားသော်လည်း ထိန်းသိမ်းမရသည့် မျက်ရည်တို့က ယိုစိမ့်ကျလာသည်။ မျက်ရည်တို့သည် မီးကို နိုင်ပါသလား။ စာလေးကတော့ ပြာဖြစ်သွားသည်။ စာပါ အကြောင်းအရာများကို ကျွန်တော် မမှတ်မိတော့။ တကယ်...ကျွန်တော်... မသိတော့...ပါ...။ လုံး...၀...မသိ ...တော့။
အဆိုတော် မျိုးကြီးနှင့် တွေ့လျှင်တော့ ကျွန်တော် တစ်စုံ တစ်ခုပြောချင်သေးသည်။ “ရယူခြင်း မဟုတ်ရင် ___ အချစ်ကဘာလဲ __”ဟု သူ ဆိုဖူးမည် ထင်ပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့