Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 6 April 2012

ကောင်းရာသုဂတိလားပါစေ


စိတ်မချမ်းမြေ့ဖွယ် ဖြစ်ရပ်တွေ၊ ကြေကွဲဖွယ်အကြောင်းအရာတွေကို မခံစားနိုင်တော့ဘူး။ တစ်ခါတစ်ရံ ကြုံတွေ့လိုက်
ရတဲ့ အတွေ့အကြုံ၊ ကြားသိလိုက်ရတဲ့ အဖြစ်အပျက်တွေက နှလုံးသားကို ရိုက်ခတ်သွား တတ်တယ်။ အခုရက်ပိုင်းမှာ
ကြုံတွေ့ ကြားသိ နေရတာတွေက ရင်ထဲမှာ အပြင်းအထန် ခံစားရတယ်။ နှလုံးသားကို ရိုက်ခတ်တယ်။ ကြုံတွေ့ကြား
သိရပြီး ဘာကိုမှ ဆက်မလုပ်ချင်လောက်အောင် ငေးငေးငူငူ ငိုင်တိုင်တိုင် ဖြစ်ရတယ်။ အလုပ်သဘောအရ အယ်ဒီတာ
စားပွဲကို ရောက်လာတဲ့ စာမူ၊ ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ ဓာတ်ပုံ အမျိုးစုံကို ဖတ်ရ၊ ကြည့်ရ၊ တည်းဖြတ်ရတာတွေက
စိတ်မချမ်းမြေ့ဖွယ် ဖြစ်ရပ်တွေ များလွန်းနေတယ်။


ပြီးခဲ့တဲ့ ၃ ရက်နေ့က သရုပ်ဖော်ပန်းချီဆရာတစ်ဦးဖြစ်တဲ့ ဆရာဖေညွန့်ဝေ မဂ္ဂဇင်းတိုက်ကို ရောက်လာပါတယ်။ သူနဲ့
အတူဧည့်သည်တစ်ယောက် ပါလာတယ်။ အသားညိုညို တုတ်တုတ်ခိုင်ခိုင်ပါ။ ဆရာ ဖေညွန့်ဝေက မိတ်ဆက်ပေးလို့
ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးအဖြစ် သိရတယ်။ လက်ဆွဲနှုတ်ဆက်ပြီးမှာ စာရွက်ခေါက်ကလေး တစ်ခု လက်ထဲထိုးထည့်
ပေးတယ်။ ကျွန်တော့်သားအတွက်ပါဆိုပြီး စကားကို ဆုံးအောင်မပြောနိုင်ဘဲ ဗလုံးပထွေးနဲ့ ရပ်သွားတယ်။ မျက်ဝန်းမှာ
မျက်ရည်စတွေ မြင်လိုက်ရတယ်။ ပြီးတော့ ရှိုက်ငိုလိုက်တာ မြင်လိုက်ရတယ်။ ဆရာဖေညွန့်ဝေကို လှမ်းကြည့်လိုက်
တော့ ၀မ်းနည်းကြေကွဲစွာနဲ့ သူ့မိတ်ဆွေကို ကြည့်နေတယ်။ ကျွန်တော် အခြေအနေကို ရိပ်မိလိုက်တယ်။

လှမ်းပေးလာတဲ့ စာရွက်ခေါက်ကို ဖွင့်ကြည့်လိုက်တော့ ကဗျာပုံစံ ရေးဖွဲ့ထားတဲ့ စာစုတစ်ခုပါ။ သူ့စာစုကို ဖတ်ရင်းမှာပဲ
အခြေအနေကို သဘောပေါက်သွားပါတယ်။ ဆုံးအောင်ဖတ်ဖို့ ကြိုးစားရင်း သူ့မျက်နှာလှမ်းကြည့်တော့ မိတ်ဆွေက
ရှိုက်ကြီးတငင် ငိုချလိုက်ပါတယ်။ သူ့စာစုကို လက်ထဲမှာ ကိုင်ရင်း ဘာဆက်လုပ်ရမယ်၊ ဘာ ပြောရမယ်
စကားလုံးရှာနေမိတယ်။


သူ ရေးထားတဲ့ စာစုက သည်လိုပါ။

ခေါင်းစဉ်တပ်ပေးပါ…

 ၂.၅.၀၈ (၀၆း၀၀)

ဖေကြီး… သား ကျူရှင်သွားပြီ
မေကြီး… သားသွားပြီ
အေး… သား
ကောင်းကောင်းသွားနော်


(၁၂း၀၀)

သားရေ… ထမင်းစားမယ်
ဟုတ်ကဲ့…
မြကန်သာကဗျာ
ကျက်နေတာ…
၉တန်းစာတွေက
ခက်တယ်ဗျ
သား…
တော်တော်ကြိုးစားရမယ်
အေးပါ… သားရယ်
ကြိုးစားပေါ့…


(၁၄း၀၀)

ဖေကြီး… ဘယ်သွားမှာလဲ
မုန်တိုင်းရှိတယ်လို့…
သား သတင်းကြည့်ရတယ်
ခဏလေးပါ သားရယ်…
ဖေဖေက
တာဝန်တွေရှိတယ်လေ
မေမေ့ကို ဂရုစိုက် ကူညီလိုက်
ဟုတ်ကဲ့…
သား အိမ်ရှေ့မှာ
ဘောလုံးကန်ရင်း
ဖေဖေ့ကို စောင့်နေမယ်နော်…


(၁၉း၃၀)

ဖေကြီး… ထမင်းစားကြမယ်
မေမေ… ထမင်းခူးဗျာ…
သားတို့ဆာပြီဗျ…
ဖေကြီး…
ချန်ပီယံလိဂ်နီးပြီနော်…
မီးစက်ထဲ…
ဓာတ်ဆီထည့်ဖို့ မမေ့နဲ့
သား လီဗာပူးရှုံးပေမယ့်
ဖေကြီး… ချယ်ဆီးကို
အားပေးမယ်နော်
အေးပါ… သားရယ်…
ထမင်းစား…


(၂၂း၃၀)

ဖေကြီး…
လေတွေတိုက်လာပြီ…
သားကြောက်တယ်
အေး သား… မေမေနဲ့
နောက်ဖေးမှာနေ…
မကြောက်နဲ့
ဖေဖေရှိတယ်…
အမေကြီး… သားကို ဂရုစိုက်
နာဂစ်ရယ်… မြန်မြန်သွားကွာ
ငါတို့ တီဗွီကြည့်ရဦးမယ်…
ဟာ… ဖေဖေ…
မီးပြတ်သွားပြီဗျ…


၃.၅.၀၈

(၀၀း၀၃)

ဖေကြီး…
သွပ်မိုးတွေ လန်ကုန်ပြီဗျ
သားကြီး… မကြောက်နဲ့…
မေမေ့လက်ကိုကိုင်ထား
မေကြီး… သားကိုဂရုစိုက်
ဟာ…
နောက်ဖေးက အခန်းထဲမှာ…
ရေတွေပြည့်လာပြီ
အမေကြီး သားကို
ခုံပေါ်ထိုင်ခိုင်းလိုက်…
သား… မကြောက်နဲ့နော်။


(၀၂း၀၀)

အဖေကြီး…
ရေတွေအိမ်ထဲဝင်လာပြီ
အကုန်လုံး
ဒုက္ခရောက်လိမ့်မယ်…
တံခါးတွေဖွင့်ကြည့်ပါဦး။
အမေကြီး… မကြောက်နဲ့
အိမ်ထဲက ထွက်ရင်
ပိုဆိုးလိမ့်မယ်။
ဟာ….. မရဘူး…..
ဟော….. အိမ်ရှေ့က
မီးရောင်လက်လက် မြင်တယ်
ကယ်ဆယ်ရေးတွေလား
မသိဘူး…..
သားရေ မကြောက်နဲ့
မေမေတို့ ထွက်မှ….. ဖြစ်မယ်။


(၀၃း၀၀)

အမေကြီး….. မထွက်နဲ့…..
ရေစီးသန်တယ်
မရဘူး….. ထွက်မယ်…..
မေကြီး….. ဖေကြီးပြောစကား
နားထောင်ပါ….. သား
ရေမကူးတတ်ဘူး…..
ကြောက်တယ်ဗျ…..


(၀၄း၀၀)

မရတော့ဘူး… ထွက်မယ်…
သား မေမေ့လက်ကိုတွဲ…
မေကြီး… ဖေကြီး…
သား ကြောက်တယ်…
သား… မေမေလက်ကိုတွဲ…
ဝုန်း… အား…


ဤစာစုလေးဖြင့် ၃.၅.၀၈ ရက်နေ့က ကွမ်းခြံကုန်းမြို့နယ်၌ ကွယ်လွန်သွားခဲ့သော တစ်ဦးတည်းသော သားလေး
မောင်အေးမင်းဟန်(ခ)မောင်ထက်ဝေလင်းသို့…


ဟန်၊ စိတ်ပညာ

သူ့ဇနီးသည်က မြန်မာပြည်မြေလတ်ပိုင်း မကွေးမြို့သူပါ။ ဧရာဝတီကမ်းပါးမှာ နေခဲ့ဖူးသူမို့ မြစ်ရေကြီးတာကို အတွေ့
အကြုံရှိပါတယ်။ ရေကြီးလာတော့ အိမ်တံခါးပိတ်ပြီး ကြံ့ကြံ့ခံနေကြတယ်။ ရေက အိမ်ထဲတဖြည်းဖြည်း တိုးတိုးဝင်လာ
တော့ ပိုပိုပြီး မြင့်တဲ့နေရာကို ရွှေ့ကြတယ်။ တစ်ယောက်တည်းသောသားက ရေမကူးတတ်ပါ။ သားကို မိခင်က ပွေ့
ဖက်ပြီး ဖခင်က ပိုပြီးမြင့်တဲ့နေရာကို ရောက်အောင် စီစဉ်ပေးတယ်။ တဖြည်းဖြည်း အိမ်ခေါင်မိုးနားထိရောက်လာတယ်။
အိမ်ခေါင်ကို ဖွင့်ပြီး ထွက်ဖို့ကြိုးစားတယ်။ အိမ်တံခါးပွင့်ပြီး မိသားစုတစ်ခုလုံး ရေထဲမျောပါသွားတယ်။ မိခင်နှင့်အတူ
သားငယ်ပါသွားပြီး ဖခင်က အုန်းပင်တစ်ပင်ကို ဖက်တွယ်ကျန်ရစ်တယ်။ မိခင်က တစ်နေရာမျောပါသွားပြီး လက်ထဲ
တွဲရက်ပါသွားတဲ့သား ဘယ်အချိန် ဘယ်မှာ ကျန်ခဲ့သလဲ မသိတော့ပါ။ ရေကျချိန် ဖခင်နဲ့ မိခင် ပြန်ဆုံကြတော့မှ သား
မရှိတော့တာ သူတို့ သိလိုက် ရပါတယ်။ နှစ်ရက်ကြာတော့မှ နေအိမ်နဲ့ နှစ်အိမ်ကျော်လောက်မှာ အသက်မရှိတော့တဲ့
သားကို ပြန်တွေ့ရတော့တယ်။


“ကျွန်တော့် သားလေးကို စောင်နဲ့ပတ် ၀ါးလုံးနဲ့လျှိုထမ်းပြီး သုဿန်မှာ မြေမြုပ်ခဲ့ရတယ်။ သားလေးကို သစ်သား ခေါင်း
နဲ့တောင် ထည့်ပြီး မမြုပ်နိုင်ခဲ့ပါဘူး”တဲ့။ မိခင်ဖြစ်သူကတော့ စိတ်ထိခိုက်နေရှာပါတယ်။ “သည်နေ့ သုံးရက်နေ့ဆိုတော့
ကျောင်းတွေပြန်ဖွင့်ပြီ၊ သားအမေက ကျောင်းသားတွေ ကျောင်းစိမ်းတွေနဲ့ ကျောင်းသွားနေတာမြင်တော့ သားလေး
အတွက် ထမင်းချက်တယ်။ အခု သူ့ကို အိပ်ဆေးတိုက်ပြီး သိပ်ထားခဲ့တယ်။ ဒါ သားလေးအတွက် ရည်ရွယ်ပြီး ရေးထား
တဲ့ ကဗျာတစ်ပုဒ်ပါ”လို့ ပြောရင်း နောက်ထပ် ကဗျာတစ်ပုဒ်ပေးပါတယ်။ ဖတ်ကြည့်ပါဦး။


ခေါင်းလောင်းသံတွေ
မြည်နေပြီ
ကျောင်းတွေ
ပြန်ဖွင့်ပြီပေါ့… သား
မိုးရေထဲမှာ…
ပေါက်ဖော်တို့ စုပုံတို့တောင်
ကျောင်းတက်နေကြပြီ…
သားရယ်
သားဝတ်ခဲ့တဲ့
ကျောင်းအကျီဖြူ
လုံချည်စိမ်းလေးတွေကို
မေမေ့ရင်ခွင်ထဲထားပြီး
သားမေမေ ငိုနေတယ်လေ…
ဖေဖေကတော့…
သားလွယ်ခဲ့တဲ့…
ကျောပိုးအိတ်အစိမ်းလေးကို
လွယ်ပြီး
ကွမ်းခြံကုန်းမှာ…
တာဝန်ထမ်းဆောင်ဆဲပေါ့…
တစ်လပြည့်ပြီ…
သားလေးရယ်

ဟန်၊ စိတ်ပညာ


အယ်ဒီတာစားပွဲမှာ စာမူရွေးချယ်တည်းဖြတ်ရာမှာ အယ်ဒီတာတစ်ယောက်အနေနဲ့ စောင့်ထိန်းရတဲ့ မူတွေ၊ ကျင့်ဝတ်တွေ
ရှိရပါတယ်။ လူကို မကြည့်ရပါ။ စာကိုသာ ကြည့်ရပါတယ်။ အခုဖော်ပြပေးလိုက်တဲ့ မောင်အေးမင်းဟန်ရဲ့ ဖခင် ရေးသား
ပေးတဲ့ ကဗျာ(သို့မဟုတ်)စာစုကို ကျွန်တော် အယ်ဒီတာတစ်ယောက်ရဲ့ မူ၊ အယ်ဒီတာတစ်ယောက်ရဲ့ ကျင့်ဝတ်၊ စာမူ
တစ်ပုဒ်ရဲ့ စံများနှင့်မတိုင်းတာဘဲ ဆိုးဝါးရက်စက်စွာ ပြုမူတိုက်ခတ်သွားခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း နာဂစ်ဒဏ်ခံလိုက်ရတဲ့
မိသားစုများထဲက မိသားစုတစ်ခုရဲ့ ဘ၀ကို နှလုံးသားဖြင့် စာနာစွာဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။


စာဖတ်သူများ စာနာစွာ ခံစားနိုင်ကြမယ်ထင်ပါတယ်။ မောင်အေးမင်ဟန် ကောင်းရာသုဂတိလားပါစေ။ နာဂစ်မုန်တိုင်း
ဒဏ်ကြောင့် ကွယ်လွန်သွားကြသူအပေါင်း ကောင်းရာမွန်ရာရောက်ကြပါစေကြောင်း ဆုမွန်ကောင်း
တောင်းလိုက်ပါတယ်။


(၉.၆.၂၀၀၈ နေ့ထုတ်၊ အလင်းတန်း ဂျာနယ်)ပါ စာမူလေးအား မုန်တိုင်းနှင့်လူ
(နာဂစ်မုန်တိုင်း ခံစားမှုစာစုများ) စာအုပ်ထဲမှ ကူးယူဖော်ပြပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့