Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 6 April 2012

သူငယ်ချင်းတို့အတွက် ကောင်းနိုင်းရာရာလေးတွေ..........။

ကျော်ကြားမှုနဲ့ ကဲ့ရဲ့မှု

ဘယ်လောက်ကောင်းတဲ့အလုပ်ကိုပဲလုပ်လုပ် ကဲ့ရဲ့ရှုတ်ချမယ့်သူတွေ၊ ဝေဖန်အပြစ်ပြောမယ့်သူတွေဆိုတာကတော့
အဆင်သင့်ရှိနေကြစမြဲပါ။ မဆန်းပါဘူး။ ဘုရားရှင်တောင်မှ ကင်းခဲ့တာမှ မဟုတ်ဘဲ။ သာမန်လူသားတွေကတော့
မပြောနဲ့တော့ပေါ့။


တကယ်တော့ ကျော်ကြားမှုဆိုတာ ကိုယ့်ရဲ့ စိတ်အစဉ်မှာ ရှိတဲ့အရာလည်းမဟုတ်ပါဘူး။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ
ရှိတဲ့အရာလည်း မဟုတ်ပါဘူး။ ကိုယ့်ကို သိတဲ့သူ၊ ကိုယ့်ကို အသိအမှတ်ပြုတဲ့သူရဲ့ စိတ်အစဉ်မှာပဲ ရှိတာပါ။ ဒါလည်း
အမြဲရှိနေတာ မဟုတ်ပါဘူး။ တစ်ခါတစ်ရံ ကိုယ့်ကို သတိရလိုက်တဲ့အခိုက်မှာပဲ ခေတ္တခဏ ရှိတာပါ။


ကဲ့ရဲ့မှုလည်း ဒီအတိုင်းပဲပေါ့။ ကိုယ့်ရဲ့ စိတ်အစဉ်မှာ ရှိတာလည်းမဟုတ်ပါဘူး။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ရှိတာလည်း
မဟုတ်ပါဘူး။ ကိုယ့်ကို မလိုလားတဲ့သူ၊ ကိုယ့်ကို မနှစ်မြို့တဲ့သူရဲ့ စိတ်အစဉ်မှာပဲ ကိုယ့်ကို သတိရတဲ့အခိုက်
ခေတ္တခဏရှိတာပါ။


သူတစ်ပါးရဲ့ စိတ်အစဉ်မှာပဲ တစ်ခါတစ်ရံမှ ခေတ္တခဏ ပေါ်လာတတ်တဲ့ ကျော်ကြားမှု၊ ကဲ့ရဲ့မှုဆိုတဲ့အရာတွေအတွက်
ကိုယ်က ဘာလို့ခံစားနေရမှာလဲ။ ကျော်ကြားမှုကြောင့် စိတ်တက်စရာ မလိုသလို ကဲ့ရဲ့မှု ကြောင့်လည်း
စိတ်ပျက်စရာ မလိုပါဘူး။


-       ကိုယ့်ရဲ့ကျော်ကြားမှုဟာ သူများလက်ထဲမှာရှိနေတယ်။
ကိုယ့်ရဲ့ဂုဏ်သိကာနဲ့ ကိုယ်ကျင့်တရားကတော့ ကိုယ့်လက်ထဲမှာပဲရှိတယ်။


-       ကိုယ့်ကိုသူတစ်ပါးက မလေးစားတာ တော်တော်ဆိုးပါတယ်။
ဒါပေမယ့်ကိုယ့်ကိုယ်ကို မလေးစားနိုင်တော့တာက ပိုဆိုးပါတယ်။


-       ငါ့ကိုယ်ငါ လေးစားမှုရှိနေသေးသရွေ့သူများဘယ်လိုထင်တယ်ဆိုတာကို
ကြောင့်ကျဂရုစိုက် နေဖို့မလိုပါဘူး။


-       ကိုယ့်ကိုယ်ကို အထင်မသေးတဲ့သူဟာ သူများကိုယ့်ကိုအထင်သေးတာကိုဂရုမစိုက်ဘူး။
ကိုယ့်ကိုယ်ကို ကျေနပ်တဲ့သူဟာ သူများဘာပြောပြောခံနိုင်တယ်။


-       သူများချီးမွမ်းတိုင်းကဲ့ရဲ့တိုင်း ကိုယ့်စိတ်မှာ ခံစားမှုတွေဖြစ်နေတယ်ဆိုရင်
ကိုယ့်စိတ်ဟာ သူများပိုင်နက်ဖြစ်နေပြီပေါ့။


-       နေရာတစ်ခုကိုမရမက မယူချင်တဲ့သူအဖို့ နေရာပျောက်တယ်ဆိုတာ မရှိနိုင်တော့ဘူး။


-       သူများအမှတ်ပေးလို့ရတဲ့ အ၇ာတွေအားလုံးဟာ သူများနယ်မြေပဲ။
ဘယ်သူ့မှအမှတ်ပေးလို့ မရတာမှ ကိုယ့်နယ်မြေ။
ကိုယ့်နယ်မြေအစစ်ထဲမှာ ကိုယ်နေရင် ဘယ်သူမှဖယ်ခိုင်းလို့မရဘူး။


-       သူများပါးစပ်လှုပ်တိုင်း ကိုယ့်စိတ်ကလှုပ်ရှားရမယ်ဆိုရင် ကိုယ့်ဘ၀ဟာ
သူများပါးစပ်မှာ လမ်းဆုံးသွားမယ်။


-       ကိုယ့်ကိုတကယ်နှိပ်စက်နိုင်တာ ကိုယ့်အတွေးတွေပဲ။ တခြားသူတွေက
ကိုယ့်စိတ်ထဲဝင်လာပြီး နှိပ်စက်လို့မရဘူး။


-       ကိုယ့်ကိုယ်ကိုချောင်ပိတ်တဲ့အတွေးမျိုးတွေကို မတွေးပါနဲ့။


-       လူတွေကိုတော့လေးစားပါ ဒါပေမယ့်သူတို့ဝေဖန်တာကိုတော့ သိပ်ဂရုမစိုက်ပါနဲ့။


-       လူမသိတဲ့အရာ လူမသိနိုင်တဲ့အရာ ။ သူများတိုင်းတာလို့ မရနိုင်တဲ့အရာဟာ
ကိုယ့်အတွက် တန်ဖိုးအရှိဆုံး၊ တန်ဖိုးမဖြတ်နိုင်တဲ့ အရာဖြစ်တယ်။
သူများသိနိုင်တဲ့အရာ၊ သူများတိုင်းတာလို့ ရတဲ့အရာဟာ
ကိုယ့်အတွက် တန်ဖိုးအရှိဆုံးအရာ မဖြစ်နိုင်ဘူး။


-       ကိုယ့်အတွက်အားကိုးစရာအကောင်းဆုံးဟာ ကိုယ့်ရင်ထဲမှာရှိမှ ဖြစ်မယ်။
အပြင်မှာရှိနေလို့မဖြစ်ဘူး။ အပြင်မှာရှိနေတာ ဘယ်အရာမှ အားကိုးစရာအစစ်မဖြစ်ဘူး။


-       တကယ်တော့ဘယ်ဟာမှ အရေးမကြီးဘူးဆိုတာကို နားလည်ပါ။
ဘာအတွက်မှ စိတ်ဆင်းရဲ မခံပါနဲ့။


-       သူများက ကိုယ့်အပေါ် မတရားတာရှိစေတော့ ကိုယ့်ကိုယ်ကိုတော့တရားမှာဖြစ်မယ်။


-       အခြေအနေက ဘယ်လိုပဲဖြစ်နေနေ စိတ်ဆင်းရဲနေတာဟာ ဘာမှအကျိုးမရှိပါဘူး။
စိတ်ဆိုးတော့မယ်ဆိုရင်သူမှ ကိုယ်မဟုတ်ဘဲ ဆိုတာကိုမမေ့ပါနဲ့။


-       စိတ်တိုင်းမကျရင် စိတ်ဆင်းရဲတယ်။ ဘယ်သူ့ကိုမှ ဘာကိုမှ
ကိုယ့်အလိုကျ ကိုယ့်စိတ်နဲ့တိုင်းလို့မရပါဘူး။


-       အားလုံးကိုသိပါတယ်လို့ ပြောပေမယ့် မဟုတ်တာတွေကို အဟုတ်လို့သိနေခဲ့ရင် အလကားပါပဲ။


-       အရွယ်ချင်းမတူရင်..နေရာချင်းမတူရင်..အဖြစ်ချင်းမတူရင်…အသိချင်းမတူနိုင်ပါဘူး..
ဒါလေးတော့ နားလည်သင့်တာပေါ့။


-       အခက်အခဲဆိုတာ ဥာဏ်နုံ့သူအတွက်ဘ၀တစ်ခုလုံးကျိုးပျက်သွားတတ်ပေမယ့်
အသိဥာဏ်ရှိသူအတွက် ဘ၀ကြီးတစ်ခုလုံးတိုးတက်သွားနိုင်တယ်။


-       ကိုယ်ပြောင်းလဲနိုင်တာကိုပြောင်းလဲလိုက်ပါ။
ဒါပေမယ့် ကိုယ်မပြောင်းလဲနိုင်တဲ့ကိစ္စက ကိုယ့်ကိုစိတ်ဆင်းရဲအောင် လုပ်ခွင့်ကိုတော့ မပေးလိုက်ပါနဲ့။


-       စိတ်ချမ်းသာချင်တယ်ဆိုရင် ဘယ်လိုကိစ္စပေါ်မှာမှမမှီပါနဲ့။
ကိုယ်မှီထားတဲ့အရာကလှုပ်ရင် ကိုယ်ပါလှုပ်နေမယ်။


-       စိတ်ပင်ပန်းဆင်းရဲနေရင် ငါ့စိတ်ဟာ နေရာမှားနေပြီလို့ နားလည်ပါ။
သူမသွားသင့်တဲ့နေရာကို သွားနေပြီ။


-       ပြဿနာရှိတာက ပြဿနာမဟုတ်ဘူး။
ပြဿနာရှိတာဟာ စိတ်ဆင်းရဲစရာလို့ ထင်တာကမှပြသနာ။


-       သောကဖြစ်နေတာဟာ မနက်ဖြန်တွေ့ရမယ့်ဒုက္ခကို မပျောက်စေနိုင်ဘူး။
ဒါပေမယ့် ဒီနေ့ရှိနေတဲ့ အင်အားကို ကုန်ခမ်းသွားစေတယ်။


-       လောကကြီးမှာ ကောင်းကွက်ကိုသာကြည့်မယ်ဆိုရင်  မပေါင်းနိုင်စရာပုဂ္ဂိုလ် တစ်ယောက်မှမရှိ။
မကောင်းကွက်ကိုသာကြည့်မယ်ဆိုရင် ပေါင်းနိုင်စရာပုဂ္ဂိုလ်တစ်ယောက်မှမရှိ။


-       လူတွေက ကိုယ့်ကိုယ်ကြောက်တယ်၊ ဒါဂုဏ်ယူစရာမဟုတ်ဘူး။
လူတွေကကိုယ့်ကိုယ် နှိမ်တယ် ဒါရှက်စရာမဟုတ်ဘူး။


-       တခြားသူကကိုယ့်ကိုယ် စိတ်အနှောက်အယှက်ဖြစ်စေတာမဟုတ်ဘူး။
ကိုယ်က တခြားသူရဲ့စကားကိုယူပြီး ကိုယ့်ကိုယ်ကို စိတ်အနှောက်အယှက်ပေးနေတာ။


-       လူ့ဘ၀မှာ အကောင်းဆုံးဆိုတာ ပစ္စည်းမဟုတ်ဘူး။
စိတ်နေသဘောထားနဲ့ အသိဥာဏ်။ အဲဒါအကောင်းဆုံးပဲ။


-       အမြင်အာရုံနောက်မလိုက်ပါနဲ့ လှည့်ဖျားတတ်တယ်၊ ဥစ္စာဓနနောက်မလိုက်ပါနဲ့
ကုန်ဆုံးတဲ့တနေ့တော့ရှိမှာပဲ။


-       သင့်ကိုပြုံးအောင်လုပ်နိုင်တဲ့သူကိုတော့ တန်ဖိုးထားစေချင်တယ် ။
မှောင်ရိပ်ခိုနေတဲ့နေ့စွဲတွေကို ထွန်းလင်းပေးနိုင်တာ အပြုံးပဲရှိတယ်လေ။


-       သူများတွေဖတ်ချင်သလိုဖတ်ကြပါစေ၊
ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိက ကောင်းဖို့လိုတယ်။
သူတို့အကြိုက်လိုက်ပြီးမရေးပါနဲ့။



ဖတ်ဖူးတဲ့စာအုပ်လေးတွေထဲက ကောင်းနိုးရာရာ စကားလုံးလေးတွေပါ...
ဒါလေးတွေဖတ်ပြီး သူငယ်ချင်းတို့
တစ်ခုခုရသွားတယ်ဆိုကျေနပ်ပါတယ်...။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့