Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 25 May 2012

အချစ်ဆိုတာ.....

အချစ်ဆိုတာ နေရာတိုင်းမှာ၊ အချိန်တိုင်းမှာဖြစ်ပေါ်လာနိုင်ပါတယ်။ အချစ်ဟာ တောင်တန်းတွေပေါ်မှာရှိသလို မြေပြင်
ပေါ်မှာလဲရှိနိုင်ပါတယ်။ လယ်ကွင်းတွေထဲမှာရှိသလို စက်ရုံတွေမှာလဲရှိနိုင်ပါတယ်။ ဘုံနန်းပြာသာဒ်တွေမှာလဲ အချစ်ရှိ
သလိုတဲငယ်တွေမှာလဲအချစ်ရှိပါတယ်။ ပင်လယ်ပြာထဲမှာ အချစ်ရှိသလို သဲကန္တာထဲမှာလဲ အချစ်ဆိုတာရှိပါတယ်။


လူသားတိုင်းရဲ့ နှလုံးသားထဲမှာအချစ်ဆိုတာရှိသလို အကယ်၍်များလယ်သမားတွေရဲ့ နှလုံးသားထဲမှာ အချစ်ဆိုတာမရှိ
ခဲ့ရင်စပါးနှံတွေဟာ ဖွဲပြာဖြစ်သွားနိုင်သလို စက်ရုံအလုပ်သမားတွေရဲ့ နှလုံးသားထဲမှာလည်း အချစ်မရှိခဲ့ရင် စက်ရုံဟာ
မီးခိုးတိတ်လို့သွားမှာပါ။ အချစ်ဆိုတဲ့စကားကို အရမ်းသုံးမှုကြောင့် အချစ်လည်းနာမည်ပျက်ရတာပါ။ သိပ္ပံပညာဟာ
လက်ခံကျင့်သုံးတဲ့ သိပ္ပံပညာရှင်ရဲ့ နှလုံးသားအတိမ်အနက်အလျောက် လူ့ဘောင်ကိုအကျိုးပေးတဲ့နေရာမှာကွာခြားသွား
သလို အချစ်ဆိုတာလဲ လက်ခံနိုင်တဲ့ နှလုံးသားပေါ်မှာမူတည်နေတာပါ။ သိပ္ပံပညာရှင်ဟာ ယုတ်မာရက်စက်တဲ့လူဆိုရင်
သိပ္ပံပညာကိုလူသားတွေ အသက်ရှည်ဖို့၊ သစ်ပင်ပန်းမန် တွေရှင်သန်စေဖို့ အသုံးချဖို့အစား လက်နက်တွေနဲ့ ရောဂါပိုး
တွေကိုသာထုတ်လုပ် ဖန်တီးပေးမှာပါ။


ဒီလိုပါဘဲ အချစ်ကိုရာဂ ဆိုတဲ့ တပ်မက်ခြင်းတဏှာနဲ့ ပေါင်းစပ်လိုက်တော့ အချစ်ရဲ့ အကျိုးသက်ရောက်မှုဟာ ယုတ်မာ
ညစ်ညမ်းတဲ့တဏှာရာဂ အနေနဲ့ မိမိတို့ လိုချင်ခြင်းတစ်ခုတည်းကိုသာ ကြည့်တတ်တဲ့ အာသာဆန္ဒဘက်ကိုပုံစံ
ကူးပြောင်းပြီးလူ့ဘောင်ကိုပျက်စီးသွားစေမှာပါ။ ဒီလိုမဟုတ်ဘဲ သိပ္ပံပညာရှင်ရဲ့ နှလုံးသားဟာ သိမ်မွေ့နူးညံတဲ့ ကရုဏာ
ရှင်ဖြစ်ခဲ့ရင်တော့ သိပ္ပံပညာနဲ့အနာဂတ်လူ့ဘောင်ကို သာယာလှပအောင် ဖန်တီးသွားနိုင် မှာပါ။ ဒီလိုပါဘဲ အချစ်ကို
ဂရုဏာနဲ့ပေါင်းစပ်လိုက်ရင်တော့ သာယာစိုပြည်တဲ့ လူဘောင်အလှကိုဖန်တီးယူနိုင်မှာပါ။


နှလုံးသားကပေးအပ်တဲ့ ကရုဏာအကျယ်အပြော၊ အချိုးအစားအလိုက်၊ အနစ်နာခံခြင်း၊ စွန့်လွှတ်ခြင်းဆိုတဲ့ ပါရမီ
အလုပ်ဟာလည်း အချိုးအစားအလိုက်ကွာခြားသွားမှာပါ။ မမြင်နိုင်တဲ့အချစ်ဆိုတာ နှလုံးသားထဲကိုဝင်လာတော့မှ
သတ္တဝါတို့ဟာ ဇောစိတ်မျိုးစုံနဲ့ လှုပ်ရှားလာကြာတာပါ။ နှလုံးသားအတုကိုဖန်ဆင်းပြီး စက်ကိရိယာ အမျိုးမျိုးတပ်ပြီး
နှလုံးခုန်လာအောင် စမ်းသပ်ကြည့်ပါ။ လူရုပ်တော့ပေါ်လာမှာပါ။ အဲဒီလူရဲ့လှုပ်ရှားမှုဟာ ဘက်ထရီအားနဲ့လှုပ်ရှားတဲ့
ဂျစ်ကားတစ်စီးမောင်းလို့ရတဲ့ အဖြစ်နဲ့ဘာမှ မခြားတော့ပါဖူး။


ဒါကြောင့် အချစ်ဆိုတာ ကိုလွယ်လွယ် မပြောကြဘဲ လွယ်လွယ် မခံစားကြပါနဲ့။ ဘုရားလောင်းမျောက်မင်းဟာ
ချောက်ထဲကြနေတဲ့ ပုဏ္ဏား ကိုကယ်တင်ရာမှာ ချစ်လှချည်ရဲ့၊ သနားလှချည်ရဲ့ ဆိုပြီး အရမ်းမကယ်ခဲ့ပါဘူး။ ကယ်တင်
ရှင်ဖြစ်ချင်ဇောနဲ့ မျက်ကန်းလိုမလုပ်ခဲ့ပါဘူး။ ပုဏ္ဏားကို ပခုံးပေါ်တင် တွင်းထဲကနေချောက်ကမ်းပါးအမြင့်ကို ခုန်တက်
ရာမှာမတော်တဆ ဝန်ကလေးပြီး ကမ်းပါးလမ်းခုလတ်မှာသေမှာစိုးလို့ ပုဏ္ဏား နဲ့အလေးချိန်ညီတဲ့ ကျောက်တုံးကိုရှာ၊
သူ့ပခုံးပေါ်ကျောက်တုံးတင်ပြီး အကြိမ်ကြိမ်အစမ်းခုန်ကြည့် ပြီးသေချာမှ စိတ်ချရမှ ပုဏ္ဏားကို ပခုံးပေါ်တင်ပြီး
ချောက်ကမ်းပါးထိရောက်အောင်ပို့ပေးခဲ့ပါတယ်။


မိမိထားတဲ့မေတ္တာအလေးချိန်ပမာဏ အတိုင်းအရှည်အလျောက်မျောက်မင်းရဲ့ပခုံးပေါ်ကကျောက်တုံးဟာလဲကြီးမားရ
ပါတယ်။ ထမ်းရတဲ့ဝန်ကလည်းလေးမှာပါဘဲ။ ပုဏ္ဏားကိုကယ်တင်ချင်လွန်းလို့ပါဗျာဆိုပြီး မဟာကယ်တင်ရှင်နာမည်ခံရုံ
နဲ့တော့မရပါဘူး။ ကယ်တင်ချင်တဲ့ စေတနာအလျောက် ထမ်းရမဲ့ ဝန်အလေးဒဏ်ကိုခံရမယ်ဆိုတာ မကယ်ခင်ကတည်း
က ဘုရားလောင်းမျောက်မင်းက ကြိုတွေးထားပြီးသားပါ။ ပုဏ္ဏားကိုကယ်ပြီး ဝန် ကလေးလွန်းတော့မှ မင်းဟာမင်း
သေချင်သေ လို့မျောက်မင်းဟာ ကိုယ်လွတ်ရုန်း မပြေးခဲ့ပါဘူုး။ ပုဏ္ဏားကိုရအောင်ကယ်တင်ခဲ့ပါတယ်။ ဒီအကြောင်း
အရာလေးကို ဖတ်မိပြီး တစ်ခုခု ခံစားသိမြင် လာမယ်လို့ထင်ပါတယ်။ လူတိုင်းအချစ်နဲ့မကင်းနိုင်ကြပါဖူး။ မချစ်ခင်
စဉ်းစားပါ။ တကယ်အချစ်စစ်လား။ တသက်လုံးချစ်နိုင်ရဲ့လား။ ချစ်ပြီးရင်လဲစဉ်းစားပါ။ ဘယ်လိုဘဲဖြစ်ဖြစ်ဘယ်လောက်
ဘဲ အခက်အခဲတွေ့တွေ့ နှစ်ဦး သဘောတူချစ်မိပြီဆိုရင်တော့ တသက်တာ လက်တွဲသွားနိုင်ဖို့ပါဘဲ။့ 


အချစ်ဆိုတာကိုလူတွေ အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ခဲ့ကြပါတယ်။ အချစ်ဆိုတာ ကိုယ်ချစ်မိတဲ့ အချစ်ရဲ့တန်ဖိုးပမာဏ
အလျောက် စွန့်လွှတ်နိုင်မှု၊ သည်းခံနိုင်မှု၊အနစ်နာခံနိုင်မှုနဲ့ စွန့်လွှတ်ရမဲ့၊ သည်းခံရမဲ့၊ အနစ်နာခံရမဲ့ အတိုင်းအရှည်ကို
လည်း ကြိုတင်မှန်းဆထားရမယ်ဆိုတာကိုပါ အချစ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် တွေထဲမှာတစ်ချက်အနေနဲ့
ထပ်ထည့်လိုက်ချင်ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့