Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 24 May 2012

စပ်မိစပ်ရာ ဘာညာကွိကွ (၈) (ပုဂ္ဂိုလ်စွဲကာ ကြည်ညိုပါမူ)

    ကျုပ်တို့ မြတ်စွာဗုဒ္ဓတည်ထားခဲ့တဲ့ ထေရ၀ါဒဗုဒ္ဓသာသနာတော်ကြီးဟာ အခုဆိုရင် နှစ်ပေါင်း ၂၅၅၆ခုနှစ်ရှိပါပြီ၊ အဲဒီစကားကို မိတ်ဆွေတစ်ယောက်ကို ပြောမိတော့ မဟုတ်ဘူး ဟိုတလောကပဲ သာသနာနှစ် ၂၆၀၀ ဆိုပြီးရွှေတိဂုံမှာလုပိသွားတယ်တဲ့။ အဲဒီတော့ ကျုပ်က သာသနာနှစ်၂၆၀၀ဆိုတာက မြတ်စွာဘုရားရှင်ရဲ့ဝါတော်(၄၅)၀ါနဲ့ပေါင်းထည့်လိုက် တာ ဒါကြောင့် သာသနာနှစ်၂၆၀၀လို့ပြောတာ၊ သာသနာသက္ကရာဇ်တွက်တော့ မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူပြီးမှ တွက်တာ။ ဒါကြောင့် ၄၅နှစ်နှုတ်လိုက်ပြီးတော့ ၂၆၀၀ ဖြစ်တယ်။ အခု သက္ကရာဇ်က ၁၃၇၄ဆိုတော့ ၁၁၈၂ ခုရောပြီးတော့ သာသနာသက္ကရာဇ် ၂၅၅၅ခုနှစ်ဖြစ်တာ ဒါကိုလည်း ကဆုန်လပြည့်ဗုဒ္ဓနေ့ရောက်ပြီးမှ တစ်နှစ်တိုးပြီးရေတွက်ရတယ်လို့ ရှင်းပြလိုက်ရတယ်။ ဒီတော့မှ ပြောသွားတာက အင်း အုတ်နီခဲက တရားဟောတယ် တဲ့။ ကဲ ကောင်းသလားဗျာ။
                 ကျုပ်က မေးပါများစကားရ ဆိုတဲ့ မောင်ပေါက်ကျိုင်းရဲ့ ဒဿနကို သိပ်သဘောကြတဲ့သူဆိုတော့ ဆရာတော်ကြီးတွေကအစ ကိုရင်တွေ နောက်ဆုံးဘုရားဂေါပကတွေအဆုံး မသိတာရှိရင်မေးတော့တာပဲ။ ဒါကြောင့်တစ်ချို့ဂေါပကတွေဆိုရင် ကျုပ်လာရင် အလုပ်မ အားကြတော့ဘူး။ ဟဲ ဟဲ။ လျှောက်မေးမှာစိုးလို့လေ။
                 ဒီနေ့ စပ်မိလို့ ပြောပြချင်တဲ့အကြောင်းအရာကတော့ ပုဂ္ဂိုလ်စွဲပြီးကြည်ညိုရင် မဖြစ်သင့်တာတွေဖြစ်တတ်တဲ့အကြောင်း လေးပါ။ တစ်နေ့တော့ဗျာ ဆရာဘုန်းကြီးနဲ့တွေ့တုန်း ဆရာတော်ဘုရား တပည့်တော် လကုန်ပိုင်းလောက်ရောက်ရင် ဘုရားအနေကဇာတင်လေးလုပ် ဖို့ ပြင်ဆင်နေတယ်ဘုရား။ ဆရာတော်ဘုရားအနေနဲ့ အဲဒီအခါကြရင် မဖြစ်မနေဦးစားပေးပြီး ကြွပေးပါဘုရား၊ အနားနီးမှ ရက်အတိအကျ ပြန်လာလျှောက်ပါ မယ်ဘုရား။ အခုကတော့ ဆရာတော်အနေနဲ့ ကြွပေးနိုင်အောင်လို့ ကြိုတင်လျှောက်ထားတာပါဘုရားလို့လျှောက်လိုက် တယ်။ ဒီတော့ ဆရာတော်ကြီးက-----အေး ဘုန်းကြီးကို ပင့်တယ်ဆိုရင်တော့ သိပ်သဘောကျတာပေါ့ကွယ့်၊ ဒါပေမယ့်လို့ အဲဒီလို ပုဂ္ဂိုလ်စွဲ ပြီးလှူတာမျိုးကတော့ မကောင်းဘူးကွ၊ အပြစ်ဖြစ်တတ်တယ်။ သံဃာဆွမ်းကပ်လှူတာပဲ ဘယ်သံဃာကြွလာကြွလာ ကြည်ကြည်ဖြူဖြူလှူ ဒါန်းနိုင်ရမှာပေါ့။ တဲ့။
                  ဒါနဲ့ ကျုပ်ကလည်း ဆရာတော်ဘုရား ပုဂ္ဂိုလ်စွဲပြီးလှူရင် ဘယ်လိုအပြစ်တွေဖြစ်တတ်တာလဲဘုရား လို့ လျှောက်ထားကြည့် တော့။ ဆရာတော်ကြီးက မြတ်စွာဘုရားရှင်က အင်္ဂုတ္တရနိကာယ်၊ပဉ္စကနိပါတ်၊ပုဂ္ဂလပ္ပသာဒသုတ်မှာဟောထားတာရှိတယ်---
၁။  မိမိက ပုဂ္ဂိုလ်စွဲပြီးကြည်ညိုတယ်၊ တကယ်လို့အကြည်ညိုခံပုဂ္ဂိုလ်ကို အပြစ်ရှိလို့ဆိုပြီ သံဃာတော်များက နှင်ထုတ်လိုက်တယ်ဆိုရင် ငါကြည်ညိုမြတ်နိုးတဲ့ ရဟန်းကိုမှ နှင်ထုတ်တယ် ဆိုပြီးတော့ ကျန်တဲ့သံဃာတွေအပေါ်မှာ ကြည်ညိုတဲ့သဒ္ဓါတရားပျက်စီးသွားတတ် တယ်။ အဲဒီလိုအကြည်ညိုပျက်သွားရင် အခြားရဟန်းတွေကိုလည်း မကြည်ညိုမဆည်းကပ်ဘူး၊ မကြည်ညိုမဆည်းကပ်တော့ သူတော် ကောင်းတရားမနာရတော့ဘူး၊ သူတော်ကောင်းတရားမနာရတော့ သူတော်ကောင်းတရားမှ ဆုတ်ယုတ်တတ်တယ်။
၂။   မိမိက ပုဂ္ဂိုလ်စွဲပြီးကြည်ညိုတယ်၊ တကယ်လို့အကြည်ညိုခံပုဂ္ဂိုလ်ကို သံဃာတော်များက သံဃာ့အစွန်အဖျားမှာ နေစေသင့်တဲ့ အပြစ်မျိုးဖြစ်လို့ အနေခိုင်းတယ်ဆိုရင် ငါကြည်ညိုမြတ်နိုးတဲ့ရဟန်းကိုမှ သံဃာ့အစွန်အဖျားနေရာတွေမှာနေခိုင်းတယ်ဆိုပြီး ကျန်တဲ့ သံဃာတွေ အပေါ်မှာ ကြည်ညိုတဲ့သဒ္ဓါတရားပျက်စီးသွားတတ်တယ်။ အဲဒီလိုအကြည်ညိုပျက်သွားရင် အခြားရဟန်းတွေကိုလည်း မကြည်ညိုမဆည်းကပ်ဘူး၊ မကြည်ညိုမဆည်းကပ်တော့ သူတော် ကောင်းတရားမနာရတော့ဘူး၊ သူတော်ကောင်းတရားမနာရတော့ သူတော်ကောင်းတရားမှ ဆုတ်ယုတ်တတ်တယ်။
၃။   မိမိက ပုဂ္ဂိုလ်စွဲပြီးကြည်ညိုတယ်၊ တကယ်လို့အကြည်ညိုခံပုဂ္ဂိုလ်က အရပ်တစ်ပါးဖဲသွားတယ်ဆိုရင် ငါကြည်ညိုမြတ်နိုးတဲ့ရဟန်းက အရပ်တစ်ပါးဖဲသွားပြီဆိုပြီးတော့ အခြားရဟန်းတွေကိုလည်း မကြည်ညိုမဆည်းကပ်ဘူး၊ မကြည်ညိုမဆည်းကပ်တော့ သူတော်ကောင်း တရားမနာရတော့ဘူး၊ သူတော်ကောင်းတရားမနာရတော့ သူတော်ကောင်းတရားမှ ဆုတ်ယုတ်တတ်တယ်။
၎။   မိမိက ပုဂ္ဂိုလ်စွဲပြီးကြည်ညိုတယ်၊ တကယ်လို့ အကြည်ညိုခံပုဂ္ဂိုလ်က လူထွက်သွားတယ်ဆိုရင် ငါကြည်ညိုမြတ်နိုးတဲ့ရဟန်းက လူထွက်သွားပြီဆိုပြီးတော့ အခြားရဟန်းတွေကိုလည်း မကြည်ညိုမဆည်းကပ်ဘူး၊ မကြည်ညိုမဆည်းကပ်တော့ သူတော်ကောင်းတရား မနာရတော့ဘူး၊ သူတော်ကောင်းတရားမနာရတော့ သူတော်ကောင်းတရားမှ ဆုတ်ယုတ်တတ်တယ်။
၅။   မိမိက ပုဂ္ဂိုလ်စွဲပြီးကြည်ညိုတယ်၊ တကယ်လို့ အကြည်ညိုခံပုဂ္ဂိုလ်က ကွယ်လွန်ခဲ့မယ်ဆိုရင် ငါကြည်ညိုမြတ်နိုးတဲ့ရဟန်းက ကွယ်လွန်သွားပြီပဲဆိုပြီးတော့ အခြားရဟန်းတွေကိုလည်း မကြည်ညိုမဆည်းကပ်ဘူး၊ မကြည်ညိုမဆည်းကပ်တော့ သူတော်ကောင်း တရားမနာရတော့ဘူး၊ သူတော်ကောင်းတရားမနာရတော့ သူတော်ကောင်းတရားမှ ဆုတ်ယုတ်တတ်တယ်။ ဆိုပြီးတော့ ဟောထားတယ်။
               ဒါကြောင့် ကိုယ့်အိမ်မှာ သံဃာတော်တွေ ဆွမ်းကပ်တာပဲ ဘယ်သံဃာကြွလာလာ လှူနိုင်ရမယ်၊ ပုဂ္ဂိုလ်စွဲပြီးတော့ ဘယ်သူ ပါမှ၊ ဘယ်ဝါပါမှလို့မလုပ်ပါနဲ့လို့ ပြောပါတယ်။ အဲဒါနဲ့ ကျုပ်လည်း မှတ်ထားပါမယ်ဘုရား၊ နောက်အဲဒီလို ပုဂ္ဂိုလ်စွဲပြီးလှူတဲ့အလှူမျိုးမဖြစ် ရအောင်လည်းဆင်ခြင်ပါမယ်ဘုရားလို့ လျှောက်ထားလိုက်တယ်ပေါ့။ ဒီတော့ ဆရာတော်ကြီးက သာဓု...သာဓု...သာဓုပါတဲ့။
              ကဲ ကဲ ဥယျာဉ်သူ/ဥယျာဉ်သား ညီကို မောင်နှမများလည်း မိမိတို့အိမ်မှာ အလှူလုပ်မယ်ဆိုရင်တော့ ဆရာတော်ကြီးပြောသွား ဟောသွားတဲ့အတိုင်း ပုဂ္ဂိုလ်စွဲပြီးလှူမယ်ဆိုရင်တော့ဖြင့်-------။
ပုဂ္ဂလိကဒါနမှ
သံဃိကမြတ်ဒါနသို့
စစ်မှန်စွာဖြင့်
ပြောင်းလဲလှူနိုင်ကြပါစေသောဝ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့