Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 25 May 2012

နင့်အသက်တစ်ခါလွှတ်..ငါ့အသက်ဆယ်ခါလွှတ်

ပူလောင် အိုစပ်လွန်းတဲ့ဒီနွေ..ကွန်ပျူတာရှေ့လည်းမထိုင်နိုင်..နေ့ခင်းနေ့လည်ဆိုရင်..ခြံထောင့်က ရွက်အုပ်စိပ်စိပ်
သရက်ပင်ကြီးအောက်မှာ..ညပိုင်းရောက်တော့..အိမ်ရှေ့ကွက်လပ်မှာ..ပက်လက်ကုလားထိုင်လေးနဲ့ ရေဒီယို
သတင်းနားထောင်..နားထောင်ဖြစ်ပြန်တော့..ကမ္ဘာကြီးအစားမောလိုက်တာ..အေးလေ..ဘာထူးလို့တုန်း...
ကိုယ့်တစ်ကိုယ်ရေဘ၀လေးမှာကရော..အသက်ရွယ်လေးရရင် ရသလောက်..သောကဗျာပါဒတွေက..
ကြောပိုးအိပ်နဲ့ တနင့်တပိုး..။





အမျိုးမျိုးသော အကြောင်းတရားတွေက..စက်ပြင်ဆရာတစ်ယောက်ရဲ့လက်ထဲက..အင်းပက်လို..ထုနှက်ဖို့ပဲပြင်
နေတာကလား..တစ်ခါတလေတော့..ငယ်စဉ်ဘ၀လေးကိုလွမ်းမိပါရဲ့..အပူပင်ကင်းမဲ့စွာ..ကျောင်းလွယ်အိပ်လေး
လွယ်လို့..လမ်းမတစ်လျှောက် ခုန်ပေါက်ပြေးလွှား..ခုတော့..သောကကြောပိုးအိပ်ကြီးထမ်းပိုးရင်း..
အတွန်းအတိုက်ကလည်းခံရတတ်သေး..။





ကျွန်တော် သုံးတန်းကျောင်းသားအရွယ်လောက်က..မိဘများက လှည်းနဲ့နွားနဲ့..တောင်ပေါ်ယာခင်းလေးတစ်ကွက်
နဲ့ပါ..အမေက..ဈေးရောင်းတာဝါသနာကြီးသူ..စွာကလည်းခပ်စွာစွာအဖေက..သူ့ယာကွက်နဲ့ သူ့နွားတစ်ရှဉ်းကို
အချစ်ကြီးသူ..သူပဲခင်း နှမ်းခင်းထဲမှာ မရမော့မော့ ရမော့မော့..။





ကျွန်တော်က အဖေ့လူပါ..ကျောင်းပိတ်တာနဲ့..တောင်ပေါ်ယာခင်းထဲလိုက်ဖို့သာပြင်နေတာ မနက်စောစော..
အဖေကနွားနှစ်ကောင်နဲ့ရှေ့ကသွား..ကျွန်တော်က..၀ါးတံပိုးကောက်လေးမှာ..သားအဖနှစ်ယောက်နဲ့
ခွေးတစ်ကောင်စာ..ထမင်းပုလုံးကို..ပုဆိုးနဲ့ထုပ်ပိုး..ချိတ်လို့မနိုင်တနိုင်ထမ်း..ခွေးလေး..တိုးပွားက..ခပ်တည်တည်နဲ့
အမဲလိုက်ကောင်းသလိုလိုဘာလိုလို..ဟိုအနံ့ခံ..ဒီအနံ့ခံ..ဟိုခြုံတိုး ဒီခြုံတိုး ဘာမှလဲဟုတ်တာမဟုတ်..။





ကျွန်တော်တို့ ယာခင်းက မြို့လေးကနေ..တစ်မိုင်ခွဲလောက်ဝေးပါတယ်..တောထဲတောင်ထဲမှာပါယာခင်းအစွန်မှာ..
တောင်ကုန်းမြင့်လေးရှိပါတယ်..နားခိုစရာတဲလေးက..အဲဒီပေါ်မှာပါ..ယာထဲရောက်တယ်ဆိုတာနဲ့..အဖေက ရေနွေး
အိုးတစ်လုံး အရင်တည်တာပါပဲ..ကျွန်တော်က..နွားနှစ်ကောင်ကို နွားမောင်းထိုးလှန်ဖို့ စားကျက်ကောင်းကောင်းရှာ
ပေါ့..နောက်တော့..အဖေက မြေပဲခင်းထဲကြားတုံးဆွဲပါလေရော..။





ကျွန်တော်နဲ့ ခွေးလေး တိုးပွားကတော့ မုဆိုးကြီး အလန်ကွာတာမိန်းစတိုင်နဲ့ယာစည်းရိုးတလျောက်မှာ ဟိုချောင်း
ဒီချောင်း..ဘာကောင်မှလဲရတာမဟုတ်..တကယ်တန်းက ကျွန်တော်တို့ယာတောအနီးနားမှာ..တောပျော်အကောင်
ပလောင် ချေ..ယုန်..ပတပ်..ချိုးငှက်လေးတွေက ပေါမှပေါ..။





နောက်ဆုံးတော့.. စမ်းချောင်းရေကြည်ကြည်လေးထဲဆင်း..တမံလေးတုပ်..ငါးသလဲထိုးလေးတွေဖမ်း..၀ါးဆစ်ဘူးလေး
ထဲထည့်ကြတော့တာပါပဲ..ငါးလေးတွေ တော်တော်လည်း ရရော..စမ်းချောင်းလေးထဲပြန်လွှတ်..

“ နင့်အသက်တစ်ခါလွှတ်..ငါ့အသက်ဆယ်ခါလွှတ်..” အဲလိုလေးလဲပြောမိပါသေး..။





ပြောစရာ ကျန်ပါသေးတယ်..ကျွန်တော်တို့လို ယာသမားတွေနာရီသိဖို့ခပ်လှန်းလှန်း တောရကျောင်းလေးက..
တစ်နာရီတစ်ခါ အုံးမောင်း ခေါက်ပေးပါတယ်..ဆယ်တစ်နာရီလည်းထိုးရော..ကျွန်တော်တို့သားအဖ မနက်စာစားကြ
ပါတော့တယ်..အဖေက..မြေအိုးလေးနဲ့ တောဟင်းသီးဟင်းရွက်လေးခပ်လို့ဟင်းချိုလေးတစ်အိုးတည်ပါတယ်..

အိမ်ကပါလာတဲ့..ငပိထောင်းလေးနဲ့..မြိန်မှမြိန်..ပိုလျှံတာလေးတွေကိုတော့ ခွေးလေး တိုးပွားက
လက်စသတ်လိုက်တာပါပဲ..။





စားသောက်လဲပြီးရော..သားအဖနှစ်ယောက် တဲလေးပေါ်မှာ ထမင်းလုံးစီကြပါတော့တယ် .. ၀ါးပိုးဝါးခြမ်းခေါင်းအုန်း
ကိုယ်စီနဲ့ပေါ့..အဖေက သူ့လွယ်အိပ်ထဲက ဦးဖိုးကျားရေးတဲ့ မြန်မာရာဇ၀င်စာအုပ်ဟောင်းလေးထုတ်..

ကျွန်တော်ကြားအောင်..ဖတ်ပြပါတယ်..တခါတလေတော့ ပုံတိုပတ်စလေးပြောပေါ့ မကြာခင်မှာပဲ..သားအဖ
နှစ်ယောက် လေတဖြူးဖြူလေးမှာ အိပ်မောကျ..။





တစ်ရေးနိုးတော့..လက်ကျန် နေ့ပိုင်းအလုပ်လေးတွေဆက်လုပ်..အများအားဖြင့်..ယာခင်းထဲမှာ..သစ်ဖူးချတာတို့..
စည်းရိုးပြင်တာတို့ပေါင်းကောက်တာတို့ပါပဲ..။ အဲလိုနဲ့..ညနေစောင်းတော့..နေလုံးကြီးလည်းအားပြော့လာ..

အနောက်ဖက်က ရိုးမပေါ်မေးတင်လုလု..သားအဖနှစ်ယောက်သားပြန်ဖို့ပြင်ရပါတော့တယ်..

အဖေက..ကြားပေါင်းတုံးနဲ့ မြေအိုးလေးကို ခြုံကောင်းကောင်းထဲ ဖွက်လိုက်ပါတယ်..

ကျွန်တော်က..နွားနှစ်ကောင်သိမ်းပေါ့..ခွေးလေးတိုးပွားကလည်း ပြန်တော့မှာသိတယ်..





တောရကျောင်းလေးက..ငါးနာရီလည်း တုန်တုန် ထိုးရော..သားအဖနှစ်ယောက်ပြန်ကြပါတော့တယ်..
ငှက်ကလေးတွေလည်း အိပ်တန်းတက်ချင်ရောပေါ့..အနောက်မှာတော့..နေလုံးကြီးက..နီဆွေးဆွေး..
အနောက်ရိုးမကိုမေးတင်နေပါရော..





အော်..ငယ်စဉ် အကလေးဘ၀ သောကကင်းဝေး..လွမ်းပါရ..။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့