အထည်လိပ်၊ အထည်ချုပ် စတဲ့ ဆက်စပ် လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ကိုရီးယား ကုမ္ပဏီ ၈ ခုမှ စီးပွားရေး လုပ်ငန်းရှင် တွေဟာ ပြည်တွင်းက စီးပွားရေး
လုပ်ငန်းရှင် များနဲ့ တွေ့ဆုံ ဆွေးနွေးမှုကို လာမယ့် ဇွန်လ ၂၇ ရက်မှာ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။ အဆိုပါ စီးပွားရေး တွေ့ဆုံ ဆွေးနွေးပွဲကို နံနက် ၉ နာရီ ကနေ ညနေ ၅ နာရီ အထိ ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
အဲ့ဒီ မြန်မာ-ကိုရီးယား လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံရုံး စီးပွားရေး ဌာန KOTRA မှ ကြီးမှူးပြီး Korea Federation of Textile Industry မှ အထည်လိပ် လုပ်ငန်း ဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့ ဦးဆောင်တဲ့ စီးပွားရေး လုပ်ငန်းရှင် လာရောက် ကြမှာ ဖြစ်ပါတယ်။ အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲမှာ ကိုရီးယား ကုမ္ပဏီ ရှစ်ခုမှ စီးပွားရေး လုပ်ငန်းရှင် များဟာ အထည်အလိပ်၊ အထည်ချုပ်၊ ဆေးဆိုးပန်းရိုက် တို့နဲ့ ဆက်စပ်တဲ့ လုပ်ငန်းများ၊ ကုန်ကြမ်းများနဲ့ စပ်လျဉ်းပြီး ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင် များနဲ့ တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
လက်ရှိ တောင်ကိုရီးယား နိုင်ငံမှ ပြည်တွင်းမှာ လာရောက် ရင်းနှီးမြှုပ်နှံ ထားမှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် မတ်လ အကုန်ထိ ရရှိထားတဲ့ စာရင်းအရ အမေရိကန် ဒေါ်လာ သန်း နှစ်ထောင့် ကိုးရာ လေးဆယ် ကျော် ရင်းနှီးမြှုပ်နှံ ထားပြီး ပြည်ပ ရင်းနှီး မြှုပ်နှံမှု နိုင်ငံအလိုက် စာရင်းမှာ အဆင့် ၄ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ လာရောက် ရင်းနှီးမြှုပ်နှံ ထားတဲ့ လုပ်ငန်းတွေ ကတော့ အထည်ချုပ် လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ တွင်းထွက် ပစ္စည်း လုပ်ငန်း၊ လယ်ယာ လုပ်ငန်း စတဲ့ ကဏ္ဍတွေမှာ ရင်းနှီး မြှုပ်နှံ ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment