ဟိုး… ဝေးဝေး အမြင်တွေ မကွဲပြား မပြတ်သားခင်ထဲက လမ်းလျှောက်လာသူဟာ..
နင်ဆိုတာ ငါသိလိုက်ပါတယ် အချိန်တွေ ဘယ်လောက်တောင် ကြာသွားပြီလဲ
နင်ဒီမြို့လေးက ထွက်သွားပြီး မြို့ကြီးသူ တက္ကသိုလ် ကျောင်းသူကြီးဖြစ်နေတာ ၂
နှစ်တောင်ရှိသွားပြီပဲလေ… ဒါတောင် ငါနင့်ရဲ့ အမူ အကျင့်တွေ ကိုခုထိ
မမေ့နိုင်သေးပဲကို… နင်ရဲ့လမ်းလျှောက်တဲ့ ဟန်လေးကိုတောင် မျက်လုံးထဲက
မထွက်သေးဘူးပဲကို… ဒါမို့လဲ ဟိုးဝေးဝေး ကလှမ်းမြင်လိုက်တာနဲ့ နင်ဆိုတာ
ငါဘယ်သူမှ မေးစရာမလိုအောင်သိနေခဲ့တာပေါ့… အရင်က ဒီမြို့လေးရဲ့ လမ်းတွေမှာ
ငါတို့ ၂ ယောက် ခြေရာတွေထပ်ခဲ့တာပဲလေ… ၂နှစ်ဆိုတဲ့ အချိန်ကာလက ငါ့ကို
ဘာမှ မကုစားနိုင်ဘူးလား နင့်ကို တွေ့ရင် ငါ့ရင်တွေ ဘာလို့
မွန်းကျပ်နေတာလဲ မျက်နှာချင်းဆိုင်တွေ့ရင် ဘယ်လိုရင်ဆိုင်ရမယ်
ငါတွေဝေနေတုန်းပဲ နင်ကတော့… တကယ်ချီးကျူး စရာကောင်းလောက်အောင်
ပြုံးပြနိုင်တယ် နင့်အပြုံးတွေက သိပ်ကို သွက်လက်သန့်စင်နေတာပဲ ငါနဲ့
ပတ်သတ်ပြီး နင့်ရင်မှာ ဘာမှ မကျန်တော့ဘူးဆိုတာ ကိုနင့် အပြုံးမှာ
ငါမြင်လိုက်တယ် ငါကို သံယောဇဉ်တွေ ကြင်နာမှုတွေ နဲ့ လွမ်းဆွတ်တမ်းတ
မှုမျိုးမရှိတာတော့ အသေချာပဲပေါ့…………
“ဘယ်လိုလဲ နင်နေကောင်းတယ်နော်….” လို့ပေါ့ပါးစွာ နင့်နှုတ်က ထွက်ကျလာပေမယ့်
ငါ့ကိုယ်လုံး အေးစက်တောင့်တင်းနေတယ်.. နင့်မျက်နှာကို ငေးမောကြည့်နေ
မိတဲ့ ငါ့မျက်လုံးတွေ ဘယ်ကိုလွှဲဖို့ ပင်မေ့လျှော့ နေမိပြီ…
နင်မပြုံးပြပါနဲ့ နင့်အဲ အပြုံးတွေမှာ ငါဘယ်လောက် မွေ့ပျော်ခဲ့တယ်ဆိုတာ
နင်သိပါတယ်… နင်အရင်ကလို ငါ့ကို တွေ့ရင် နင်ငါ့ကို ဘာတွေမေးမှာလဲ ငါကကော
နင့်ကို ဘာတွေ ပြန်ဖြေရမှာလဲ နင့်မေးခွန်းလေး လွယ်ကူလွန်းပါတယ်။ ငါမှာသာ
တွက်ရခဲ့တဲ့ ပုစ္ဆာတစ်ပုဒ်လို အဖြေခက်ပါကောလား.. အမှန်တော့ ၂ နှစ်ဆိုတဲ့
အချိန်ကာလကတော့ ငါလဲ နင့်ကို ပေါ့ပါးရှင်းသန့်စွာ
နှုတ်ဆက်ပြောဆိုသင့်ပြီလေ.. ငါ့နှုတ်က လေးလံစွာပဲ “အင်း…” လို့ထွက်သွားတယ်
ထင်တာပဲ အဲသံလေး ထွက်ဖို့ ငါ့ရင်တွေ မောလိုက်ရတာ…. အင်အားတွေသုံးတာတောင်
ဘာလို့ အသံလေး တသံတောင်မှ နင့်ရှေ့ မထွက်ရတာလဲ ငါ့ကိုငါ အံသြမိတယ်…
“နင်လဲ ကျန်းမာရေး ဂရုစိုက်အုံးနော်.. နင် အရင်လိုပဲ ကဗျာတွေ စာတွေနဲ့
အလုပ်ရှုပ်နေတုန်းလာြး ပီးတော့ကော တစ်ယောက်ထဲပဲလား”
ငါကို နင် အဲလို အကြည့်တွေ မကြည့်ပါနဲ့ နင့်အကြည့်တွေ အောက်မှာ ငါဘာလို့
ဒီလောက်တောင် အားဖျော့နေရတာလဲ အမှန်ငါ့နဲ့ နာကျည်းမှုတွေ ဒေါသတွေက နင့်
အကြည့်တွေ အောက်မှာ ဒူးထောက်ကျရှံးနေပြီလေ နင်မေးရက်တယ် နင်ထားသွားတဲ့
အတိုင်း တစ်ယောက်ထဲ နေလာတဲ့ငါ့ကို လှောင်ချင်လို့ မေးလိုက်တာလား တကယ်ပဲ
သလိုလို့မေးလိုက်တာလား ငါ့အတွေးထဲ ဦးနှောက်ထဲ မဝေခွဲနိုင်တော့ဘူးလေ…. ဒီ
တစ်ကြိမ်လဲ “အင်း..” ဆိုတဲ့ စကားလုံးထက်ပိုမိုပြီး ငါ့နှုတ်က
မထွက်ကျတော့ဘူးလေ…
နင်တခြား ဘက်ကို ငေးလိုက်တော့ ငါလဲ နင်နဲ့
အကြည့်နောက်လိုက်ပါကြည့်မိတယ်လေ…. ထိုင်ခုံတန်းလေးပါလား ဒီနေရာ.. ဒီနေရာ
အရင်နင်နဲ့ငါ မမြဲ အတူထိုင်ပြီး စိတ်ကူးတွေနဲ့ လေထဲက
အိမ်ဆောက်ခဲ့တဲ့နေရာလေးပဲ.. ဒီနေရာလေးလဲ နင့်လိုပဲ အေးဆေးတည်ငြိမ်နေတယ်..
နင့်ခြေလမ်းတွေ တဖြေးဖြေး ရွေ့လျှားသွားတဲ့ နောက်ငါ့ ခြေအစုံကလဲ
လိုက်ပါလာမိတယ်.. ငါ့ခြေတွေငါ ထိန်းချုပ်မှုကင်းမဲ့စွာ နေရာဟောင်းလေးဆီ
ငါတို့ လျှောက်လာမိတယ်…. ငါကတော့ မခိုင်တော့တဲ့ ခြေအစုံအတွက်
ခုံတန်းလေးကို ကျေးဇူးတင်ပါတယ်.. ငါခုံတန်းလေးပေါ် ထိုင်ချလိုက်မိတယ်….
ငါ့ရင်ထဲက ပေါက်ထွက်မတတ်ခုန်နေတဲ့ ရင်ခုန်သံတွေ နင်ကြားသွားမှာ
ငါစိုးရိမ်လိုက်တာ… ငါ့လွယ်အိတ်လေးကို ရင်ဘတ်ထဲဖိပြီး ဖက်ထားမိလိုက်တယ်..
နင်ကတော့ ငါ့ရှေ့မှာ မားမား မတ်မတ် ရပ်ပြီး….
“တောင်းပန်ပါတယ်ဟာ…. အရာအားလုံးအတွက်…”
ဆွံ့အစွာ ကြည့်နေတဲ့ အကြည့်တွေကလွဲရင် မျက်လုံးမှာ မျက်ရည်စတို့
တိုးမထွက်အောင် မနဲ ထိန်းချုပ်ထားတယ်… ငါနှုတ်ခမ်းကို တင်းရင်းစွာ
စေ့ထားတယ်….. ငါ့ပါးစပ်က စကားလုံးတွေ တလုံးမှ ထွက်ကျမလာဘူး ဖြစ်နိုင်ရင်
ငါ့မေးလိုက်ချင်တယ်. နင်ဘာလို့ ငါ့ကို အကြောင်းမဲ့ ပစ်ခွာခဲ့တာလဲ… ဘာလို့
ရက်ရက်စက်စက်ပစ်ခွာသွားတာလဲလို့ ငါဟိုတချိန်က မပြောလိုက်ရတာတွေ
ပြောလိုက်ရမှာ… ဒါပေမယ့် ငါ့နှုတ်ကတော့ လေးလံနှေးကွေးနေတုန်းပဲ… နင့်ရဲ့
မျက်ရည်လဲ့ နေတဲ့ မျက်လုံးဝိုင်းဝိုင်းတွေရဲ့ မဲ့တဲ့တဲ့
နှုတ်ခမ်းပါးလေးတွေက် ငါ့ဒေါသတွေကို ၀ါးမျိုသွားတယ်…
“ငါ နင့်ကို ဘယ်တုန်းကမှ အပြစ်မယူခဲ့ပါဘူး…. နင်လဲ နင့်ဘ၀မှ အဆင်ပြေနေတယ် မလား”
အဆက်အဆက်မရှိတဲ့ မေးခွန်းတွေနဲ့ နင့်ရှေ့မှာ ခေါင်းကိုငိုက်စိုက်ချပြီး
မျက်လွှာချထားမိတာ ငါနင့်ရှေ့မှာ အရှံးနဲ့ ရင်ဆိုင်နေတာကို ဆက်ပြီး
အပြုံးမျက်လုံးနဲ့ မကြည့်ပါနဲ့တော့ ငါ့ကို ပညာရေး ဆုံးခန်းမတိုင်ပဲ
ကဗျာယောင်ယောင် စာယောင်ယောင် လူနဲ့ နင့်လို တက္ကသိုလ်ကျောင်းသူ နဲ့
မအပ်စပ်ပြီပဲကို… ငါ့အတွေးတွေ ပျံလွင့်နေတုန်းမှာ ငါ့စိတ်တွေ
စုစည်းနိုင်အောင်ဆေးလိပ်ဖွာမလို့ ဆေးလိပ်ပေါ့လိပ် တလိပ်ကို ဖွာဖို့
ထုတ်လိုက်ချိန်မှာပဲ….နင့်နားက စကားသံ တစ်ချို့ ငါကြားလိုက်တယ်…..
“နင် အရင်လိုပဲ ဆေးလိပ်တွေ သောက်နေတုန်းလား မသောက်ပါနဲ့တော့ဟာ…”
ငါ့ကျန်းမာရေး အတွက်နင်ပူပန်ပေးတယ်ပေါ့ ငါဝမ်းသာလိုက်တာဟာ.. ငါလေ
နင့်နားက အရင်လို ဂရုစိုက်ယုယမှုတွေကို ခုထိ တောင်းတနေမိတုန်းလေ..
ငါသိပ်ပြီးလောဘကြီးသွားပြန်ပြီလား နင့်ဆီက အရင်လို အရာတွေက ပြန်ရဖို့မှ
မဖြစ်နိုင်တော့တာ ငါသိရက်နဲ့ ဒီစိတ်ကူးဝင်လာတာ ငါ့စိတ်တွေ
ဂယောက်ခြောက်ခြားဖြစ်နေပြီလားဟာ ဟုတ်ပါတယ် နင့်ရဲ့ ကျောင်းတော်ကြီးက
ငါ့ထက် အစစ အရာရာ ပြည့်စုံသာလွန်တဲ့ ငါမဟုတ်တဲ့ နင့်ရဲ့
ဒုတိယတစ်ယောက်အကြောင်း တွေးမိတော့ ငါ့ခေါင်းကို မိုးကြိုးပစ်ချသလိုပဲ…
ငါနင့်ဆီက ခေါ်သံလေး ကြားလိုက်တယ်…. “ကို” ငါလေဟာနယ်ထဲ
လွင့်ပျံတက်သွားပြီလား နင်ငါ့ကို အဲလို ခေါ်လိုက်တယ်ဟုတ်လား.. ငါ့နင့်ကို
ပြန်မော့ကြည့်လိုက်မိတယ်.. ငါ့မျက်ဝန်းတွေထဲက အကြည့်တွေမှာ နင့်ကို
ငါ့ဘယ်လောက် တောင်းတနေတယ်ဆိုတာ နင်သိမှာပါ.... နင်ငိုနေတယ်.. ဟုတ်လား….
နင်မငိုပါနဲ့ ဟာ… နင်အဲလို ငိုရင် ငါ့ မိုးပြိုသလို ခံစားရလို့ပါ နင့်ကို
ငါဘယ်လို နှစ်သိမ့်ရမှာလဲ… နင့်ကို ထွေးပြွေ့ပီး နှစ်သိမ့်ရမှာလား…
ငါမသိတော့ဘူး ငါမသိနိုင်တော့ဘူး… “တောင်းပန်ပါတယ်… အရင်တုန်းက ကိစ္စတွေ
အားလုံးအတွက်တောင်းပန်ပါတယ်.. ကိုရယ်.” နင့်မျက်ရည်တွေ အောက်မှာ
ငါဘယ်လောက် ကျရှံးနေမှန်းသိလို့ နင်ငိုချလိုက်တာလားဟာ… ငါနင့်အတွက်ဆို
အရာရာကို အရှံးပေးပြီးသားဆိုတာ နင်အသိပါပဲ နင်တွဲခေါ်ခဲ့တုန်းက
နင့်အနောက်တစ်ကောက်ကောက်လိုက်ခဲ့တာပဲလေ.. နင်လက်တွဲဖြုတ်ခဲ့တော့လဲ
လမ်းပျောက်တဲ့ ကလေးငယ်လို မတ်တပ်ရပ် ကျန်ခဲ့တာပဲ… “ငါ အားလုံးကို
နားလည်ပါတယ်ဟာ…”
တိတ်ဆိတ်မှုက နောက်တကြိမ် ဖုံးလွမ်းသွားပြန်တယ် ၂ ယောက်လုံး
တွေးကိုယ်စီနဲ့ အတွေးတွေ ပျံလွင့်နေတာ…. နင့်နားက အသံလေး ကြားမှ
ငါသတိပြန်ဝင်ခဲ့တယ်..
“ငါသွားတော့မယ်ဟာ….”
ငါ အေးစက်တောင့်တင်းသွားတယ်… နင်ပြောလိုက်တာလား နင်ဆီက ထွက်လာတာလား
အင်းလေ.. ငါကတစ်ယောက်ထဲလေ နင်ထားခဲ့ပြီးထဲက တစ်ယောက်ထဲပဲ
ခုနင်သွားတော့မယ်ဆိုလဲ တစ်ယောက်ထဲ ကျန်ခဲ့ရဦးမှာပေါ့… ငါ့ကြားနေရတယ်
ရွေ့ရွေ့ဝေးသွားတဲ့ နင့်ခြေသံတွေကို ငါကြားနေရတယ်.. ငါလေ မသွားပါနဲ့လို့
တားလိုက်ချင်တယ် နင့်လက်ကို ငါဆွဲထားချင်တယ်.. ဖြစ်နိုင်ရင်ငါနင့်ကို
ပြန်မထွက်သွားအောင် ဆွဲထားချင်တယ်… မဟုတ်ဘူးလေ မဖြစ်နိုင်ဘူး.. နင်ကကော…
နင်ကတော့ ထွက်ခွာသွားပြီ… နင်ကော.. ငါ့များ တားမလား လို့
နင်နားစွင့်နေသေးလား မထွက်သွားပါနဲ့ဟာ…ဆိုပြီး ဒီနေရာလေးကနေ တလောကလုံးကို
ကြားအောင် ငါအော်လိုက်ချင်ပေမယ့် ငါ့စကားလုံးတွေ ထွက်ကျမလာအောင်
ငါနှုတ်ခမ်းတွေကို တင်းတင်းစေ့ထားတယ်…. တအားကြီးစူးရှပြီး
တစ်ဆစ်ဆစ်နာလာတဲ့ရင်ကို တော့ လွယ်အိတ်လေးနဲ့ တင်းတင်းဖိထားတယ်..
ငါ့လက်နှစ်ဖက်နဲ့ ပွေ့ထားတဲ့ လွယ်အိတ်လေးရဲ့ပေါ်ကို တော့ ငါ့မျက်နှာကို
ငိုက်စိုက်ချထားတယ်… ငါ့မျက်လုံးတွေကို တင်းတင်းပိတ်ထားတယ်..
နင်ထွက်သွားတဲ့ အရိပ်ရောင်ကို ငါမြင်မှာကြောက်လို့….
ငါမလှည့်ကြည့်ဘူး…………………… ငါမလှည့်ကြည့်ဘူး………………
ငါလှမ်းမခေါ်ဘူး…………………ငါလှမ်းမအော်ဘူး……………. သွားပါတော့ဟာ……. ဟိုးအဝေးဆုံး
အမြင့်တနေရာရောက်အောင် ငါ့ရင်ကို နင်းပြီး ထွက်သွားပါတော့…………….
ကြိုးစားလျှက်..
No comments:
Post a Comment