ဧရာဝတီနဲ့ ချင်းတွင်း မြစ်ကြောင်း တလျှောက် မြစ်ကြောင်းများ ပြုပြင် ထိန်းသိမ်းရေး တွေကို လုပ်ဆောင်ဖို့ အတွက် ပြည်တွင်း ကုမ္ပဏီ တစ်ခုဖြစ်တဲ့
Gold Cycle Engineering & Project International ကုမ္ပဏီ လီမိတက်ကို ဖြစ်နိုင်ချေ လေ့လာမှုတွေ လုပ်ဆောင် စေရာမှာ အဆိုပါ ကုမ္ပဏီ အနေနဲ့ မြစ်ကြောင်း ပြုပြင်မှုတွေနဲ့ အတူ မြစ်ကြောင်းတွေ တလျှောက် အိမ်ရာ စီမံကိန်း တွေကို အကောင်အထည် ဖော်ဆောင်ရွက် လိုတယ်လို့ သိရပါတယ်။
ဒီလို မြစ်ကြောင်းနဲ့ ပတ်သက်တဲ့ စီမံကိန်း တွေကို လုပ်ဆောင် ရာမှာ ကုမ္ပဏီ အနေနဲ့ Forever Chindwin Ayeyar မဟာစီမံကိန်း အဖြစ် ၂၅ နှစ်ကြာ ရေရှည် စီမံကိန်း ရေးဆွဲ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ စီမံကိန်း အရ ဧရာဝတီ၊ ချင်းတွင်း မြစ်ကြောင်း တွေကို ပြုပြင် ထိန်းသိမ်း တည်ဆောက် မှုတွေ သာမက အခြား ဆက်စပ်တဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေ ကိုလည်း ပို့ဆောင်ရေး ၀န်ကြီး ဌာနရဲ့လမ်းညွှန်မှု၊ အခြား သက်ဆိုင်ရာ ၀န်ကြီးဌာန တွေရဲ့ လမ်းညွှန်မှု တွေနဲ့ ဆောင်ရွက် သွားဖို့ ရည်ရွယ် ထားတယ်လို့ သိရပါတယ်။
အခုလို မြစ်ဘေး တလျှောက် ၀ဲ၊ ယာ တွေမှာ သင့်တင့်တဲ့ ဒေသတွေ အတွင်း အဆင့်မြင့် အိမ်ရာ စီမံကိန်းတွေ ဖော်ဆောင် လိုတာဟာ အဆိုပါ မြစ်ကြောင်း ပြုပြင်မှုနဲ့ဆက်စပ်တဲ့ ဖွံ့ဖြိုးရေး စီမံကိန်းမှာလည်း ပါဝင်တာ ဖြစ်ပါတယ်။ အဆိုပါ အိမ်ရာ စီမံကိန်းမှာ တန်ဖိုးနည်း အိမ်ရာ၊ ဟိုတယ် ဇုန်များ၊ စက်မှုဇုန်များ ပါဝင်လာဖို့ရည်ရွယ်ထား ပါတယ်။ ဒါ့အပြင် အခြား ခရီးသွား နယ်မြေများ၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း ဆောင်ရွက်မှုများ၊ သစ်တောကြီးများ စိုက်ပျိုး ထူထောင်ရေး လုပ်ငန်းများ၊ ရေအား လျှပ်စစ် လုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနဲ့ မန္တလေး၊ ဗန်းမော်၊ ပြည်၊ ဟင်္သာတ၊ ရန်ကုန်တို့မှာ သင်္ဘောကျင်း လုပ်ငန်းများ စတာ တွေကိုပါ ဖော်ဆောင် လိုတာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ဆောင်ရွက် လိုတဲ့ လုပ်ငန်း ကိစ္စတွေ ကိုလည်း ကုမ္ပဏီ အနေနဲ့သက်ဆိုင်ရာက တာဝန် ပေးတာနဲ့ ဆောင်ရွက် လိုတာ ဖြစ်ပြီး အဆိုပါ ဖွံ့ဖြိုးရေး စီမံကိန်းတွေ ဆောင်ရွက်ဖို့ အတွက် အမေရိကန် ဒေါ်လာ ဘီလျံပေါင်း ၁၅၀ မှ ၂၀၀ အထိကို Gold Cycle ကုမ္ပဏီက ရင်းနှီးမြှုပ်နှံ သွားဖို့ လျာထား တယ်လို့ သိရပါတယ်။

No comments:
Post a Comment