သူငယ်ချင်းတို့ရေ.... လူတော်တော် များများဟာ အိမ်မက်တွေ မက်ဖူးကြမှာပါနော်၊ အဲ့ဒီ အိမ်မက်တွေ မက်ရခြင်း အကြောင်းကို လေ့လာ လိုက်တဲ့အခါမှာ အချက် (၆)ချက် ရှိပါတယ်၊ အဲ့ဒါတွေကတော့...
၁။ ပါတိက- လေဓါတ်ပျက်၍ မက်ခြင်း၊
၂။ ၀ိတ္တိက- သည်းခြေပျက်၍ မက်ခြင်း၊
၃။ သေမှိက- သလိပ်ပျက်၍ မက်ခြင်း၊
၎။ ဒေ၀တူပ သံဟရတ- နတ်တို့လှည့်ပတ်၍ မက်ခြင်း၊
၅။ သမုဒါစိတ္တတ- လေ့ကျက် သုံးဆောင်ဖူး၍ မက်ခြင်း၊
၆။ ပုဗ္ဗနိမိတ္တ- ပုဗ္ဗနိမိတ်ပြ ဖြစ်လတ္တံ့ကို မက်ခြင်း တို့ဖြစ်တယ်လို့ သိရပါတယ်။
သူငယ်ချင်းတို့ရေ.... အဲ့ဒီလို မြင်မက်မှုတွေထဲမှာ ပုဗ္ဗနိမိတ်ပြ ဖြစ်လတ္တံ့ကို မြင်မက်ခြင်းဟာ ထူးခြား မွန်မြတ်သော အိမ်မက် ဖြစ်ကြောင်း၊ အဲ့ဒီလို ထူးခြား မွန်မြတ်သော အိမ်မက်များကို နေအိမ်ရဲ့ မီးဖိုဆောင်မှာ မပြောကောင်းကြောင်းလည်း ရှေ့လူကြီးများ ဆိုစကားမှာ ဖတ်မှတ် လေ့လာခဲ့ရပါတယ်။
အဲ့ဒီလို ရှေ့လူကြီးများ ဆိုစကားနဲ့ ပါတ်သက်ပြီး လေ့လာကြည့်တဲ့ အခါမှာ မီးဖိုဆောင်ဆိုတာ အိမ်ရဲ့ နောက်ဖေးဖက်မှာ ရှိနေပြီး အိမ်နောက်ဖေး ဟူသည် အနိဌာရုံ၊ ယုတ်ညံ့သော နေရာတစ်ခုလို့ မှတ်ယူလေ့ ရှိကြတာကြောင့် ဖြစ်ပါတယ်၊ ဒါကြောင့် မွန်မြတ်သော၊ ကောင်းကျိုးများ ရရှိနိုင်သော အိမ်မက် အကြောင်းကို ယုတ်ညံ့သော အိမ်၏နောက်ဖက်ရှိ မီးဖိုဆောင်တွင် ပြောဆိုခြင်းသည် ရရှိနိုင်သော ကောင်းကျိုးများကို ပယ်ဖျက်၊ တားဆီး၊ လမ်းလွှဲလိုက်သည့် သဘော သက်ရောက်သဖြင့် ၄င်းစကားကို ဆိုခဲ့ကြကြောင်း သိရှိရပါတယ်ခင်ဗျာ။
အဲ့ဒါတွေအပြင် အိမ်အသုံးအဆောင် ပစ္စည်းများကို အစွဲပြုလျှက် ယုံကြည်ထားကြသော နတ်များဖြစ်တဲ့ ဖျာလိပ်စောင့် နတ်ကဲ့သို့ မီးဖိုဆောင်စောင့် နတ်နှင့် ပါတ်သက်ပြီး နေရာ ဒေသအလိုက် ယုံကြည်ချက်/ အစွဲအမျိုးမျိုး ရှိနေကြရာ အချို့ အရပ်ဒေသများတွင် ညပိုင်းတွင် အိပ်ယာထဲ၌ ရှူရှူး ပေါက်တတ်သော ကလေးကြီးများကို ၄င်းတို့၏ အကျင့်ဆိုးများ ပျောက်ကင်းစေရန် အိပ်ခါနီး၊ အိပ်ယာဝင် ခါနီးတွင် မီးဖိုဆောင်ရှိ မီးဖိုကို ကန်တော့ပြီးမှ အိပ်စေခြင်း၊ သီတင်းကျွတ် လပြည့်နေ့၊ လပြည့်ကျော် (၁)ရက်နေ့ တိုတွင် မီးထွန်း ပူဇော်ရမည့် နေရာ၌ မီးဖို ပါဝင်နေခြင်း တို့မှာ မီးဖိုစောင့်နတ်အား ယုံကြည်မှုအသွင်ကို ဆောင်နေခြင်း ဖြစ်ဟန်တူပါတယ်၊ ဒါကြောင့် မီးဖိုနားမှာ အိမ်မက်အကြောင်း မပြောစေခြင်းမှာ မီးဖိုစောင့်နတ် မကြိုက်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။
No comments:
Post a Comment