မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ခွင့်ပြုချက်နဲ့ နိုင်ငံခြား ငွေရောင်းဝယ် ဖောက်ကား ခွင့်လိုင်စင်တွေ ရရှိခဲ့တဲ့ ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ် ၁၁ ခုဟာ အခုအခါ
Swift Code ရရှိသွားပြီ ဖြစ်တယ်လို့သက်ဆိုင်ရာ ဘဏ်တွေရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ဘဏ်တွေဟာ ဗဟိုဘဏ်က ခွင့်ပြုပေး လိုက်တဲ့ နိုင်ငံခြားငွေ ရောင်းဝယ် ဖောက်ကားခွင့် ရရှိပြီး နိုင်ငံခြား ငွေလွှဲပြောင်းမှု လုပ်ငန်းတွေကို ပြည်ပ နိုင်ငံများနဲ့ ချိတ်ဆက် ဆောင်ရွက် နိုင်ဖို့ အတွက် နိုင်ငံတကာ ငွေကြေး လွှဲပြောင်းမှု အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Swift Network ကို ၀င်ရောက် ခဲ့တာ ဖြစ်ပါတယ်။
ဒီလို ၀င်ရောက် ရာမှာလည်း ဗဟိုဘဏ်ရဲ့ ဦးဆောင်မှုနဲ့ ပုဂ္ဂလိက ဘဏ် ၁၁ ခုလုံးက Swift Network ကို ၀င်ရောက်ခဲ့ပြီး အခုအခါ အဆိုပါ ဘဏ်အားလုံးကို Swift Network က အဖွဲ့ဝင် အဖြစ် လက်ခံကာ Swift Code ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပြည်တွင်းမှာ နိုင်ငံခြားငွေ လွှဲအပ်မှု ရရှိခဲ့တဲ့ ဘဏ်တွေ ကတော့ သမ၀ါယမဘဏ်၊ ဧရာဝတီဘဏ်၊ အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ ရှေ့ဆောင်ဘဏ်၊ ယူနိုက်တက် အမရဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်၊ မြ၀တီဘဏ်၊ အင်းဝဘဏ်၊ မြန်မာ့စက်မှု လက်မှု ဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘောဇဘဏ်နဲ့ မြန်မာအရှေ့တိုင်း ဘဏ်တို့ ဖြစ်ပါတယ်။
အဆိုပါ ဘဏ်တွေ အနေနဲ့ Swift Network ကို ၀င်ရောက် ရတာဟာ နိုင်ငံတကာ ငွေကြေး လွှဲပြောင်းမှုမှာ လုံခြုံစိတ်ချရတဲ့ Network တစ်ခုဖြစ် တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုဝင်ရောက်ပြီး Swift Code ရရှိပြီးတဲ့ ဘဏ်တွေ ကိုတော့ ဗဟိုဘဏ်က စစ်ဆေးမှုတွေ ဆောင်ရွက်ပြီး ခွင့်ပြုချက် ရရှိပြီးရင်တော့ ပြည်ပ နိုင်ငံတွေမှာ မိတ်ဖက် ဘဏ်များ ရှာဖွေကာ ငွေကြေး လွှဲပြောင်းမှု ဆိုင်ရာ တွေကို နိုင်ငံတကာနဲ့ ချိတ်ဆက် ဆောင်ရွက် နိုင်မှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:
Post a Comment