Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 22 August 2012

သတင်းတိုများ


မသန်စွမ်း သက်မွေးမှု သင်တန်းကို စက်တင်ဘာလတွင် စတင်ဖွင့်လှစ် သွားမည်

လူမှုဝန်ထမ်း ဦးစီးဌာနမှ ဖွင့်လှစ်မယ့် မသန်စွမ်း သက်ကြီး သင်တန်း ကျောင်းကို အခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှာ ဖွင့်လှစ်ပေး သွားမှာဖြစ်လို့
မသန်စွမ်း သင်တန်းသား တွေကို စတင် ခေါ်ယူလျက် ရှိတယ်လို့ လူမှုဝန်ထမ်း ဦးစီးဌာန မသန်စွမ်း သက်ကြီး သင်တန်း ကျောင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ဖွင့်လှစ် သင်ကြားရာ မှာတော့ တက်ရောက် သူတွေဟာ စက်ချုပ် သင်တန်း၊ ဓါတ်ပုံသင်တန်း၊ ပိုးဇာပုံနှိပ် သင်တန်း၊ ဆံသ သင်တန်းနဲ့ ကွန်ပျူတာ သင်တန်း စတဲ့ သင်တန်း ၅ မျိုးထဲမှ ၁ မျိုးကို ရွေးချယ် တက်ရောက် နိုင်မှာ ဖြစ်ပါတယ်။

တက်ရောက် လိုသူတွေဟာ ပညာ အရည်အချင်း သတ်မှတ်ချက် အနေနဲ့ အထက်တန်း အဆင့်၊ အလယ်တန်း အဆင့်နဲ့ မူလတန်း အဆင့် အောင်မြင်ပြီး သူအလိုက် ခွဲခြား သတ်မှတ်ပြီး တက်ရောက် နိုင်တယ်လို့ သိရပါတယ်။ အဆိုပါ သင်တန်းရဲ့ သင်တန်း ကာလ ကတော့ ၃ လဖြစ်ပြီး အသက် ၁၈ နှစ်မှ ၄၅ နှစ် အတွင်း ကိုယ်အင်္ဂါ မသန်စွမ်းသူ နိုင်ငံသားတိုင်း တက်ရောက် နိုင်တာ ဖြစ်ပါတယ်။ အဆိုပါ သင်တန်းကို ဖွင့်လှစ်ရ တာဟာ ကိုယ်အင်္ဂါ မသန်စွမ်းသူတွေ အနေနဲ့ အလုပ်အကိုင် ရရှိပြီး လူမှုဘ၀ ဖွံ့ဖြိုး တိုးတက်စေဖို့နဲ့ လူ့အသိုင်းအ၀ိုင်း အတွင်း တန်းတူပါဝင်ခွင့် ရရှိစေဖို့ရည်ရွယ်ပြီး ဖွင့်လှစ်တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို ဖွင့်လှစ် သင်ကြားရာ မှာတော့ သင်တန်းသား များကို လစဉ် ထောက်ပံ့ကြေး၊ အဆောင် နေစား စရိတ်ငြိမ်းနဲ့ နယ်မှလာတဲ့ သင်တန်းသား များကိုတော့ အိမ်ပြန်ခရီး စရိတ်ကိုပါ ထုတ်ပေးမှာ ဖြစ်ပါတယ်။ အဆိုပါ သင်တန်းကို တက်ရောက် လိုရင်တော့ အမှတ် ၆၅ ကျိုက်ဝိုင်း ဘုရားလမ်းရှိ မသန်စွမ်း သက်ကြီး သင်တန်းကျောင်းမှာ စက်တင်ဘာလ ၁၀ ရက်နေ့ နောက်ဆုံးထား လျှောက်ထား ရမှာ ဖြစ်ပါတယ်လို့ သိရပါတယ်။

Energy Manager Training သင်တန်းကို ဒုတိယအကြိမ် ဖွင့်လှစ်

မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ ကြီးမှူး ဖွင့်လှစ်တဲ့ Energy Manager Training သင်တန်း ဒုတိယ အကြိမ် ဖွင့်လှစ်မှုကို သြဂုတ်လ ၂၀ ရက်နေ့က
အဆိုပါ အင်ဂျင်နီယာ အသင်း ခမ်းမမှာ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ သင်တန်းဟာ ASEAN Energy Efficiency and Conservation Subsector Network (EE & C-SSN) ရဲ့ အဓိက အချက်ဖြစ်တဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အတွင်း အသိအမှတ်ပြု AEMAS Certified ရရှိတဲ့ သင်တန်း ဖြစ်ပါတယ်။

အဲ့ဒီ သင်တန်းကို သြဂုတ်လ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့ အထိ ၅ ရက်ကြာ သင်ကြား ပို့ချမှာဖြစ်ပြီး သင်တန်းသား ၁၂ ဦး လက်ခံ သင်ကြားပေး သွားမယ်လို့ သိရပါတယ်။ အဲ့ဒီသင်တန်းတွေ ဖွင့်လှစ်မှုကို ၂၀၁၁ ခုနှစ် စက်တင်ဘာ လက စတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သင်တန်း စီမံကိန်း ကာလ ၃ နှစ်အတွင်း ၅ ကြိမ် ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီလို ဖွင့်လှစ်မှု အတွက် အခု ၂၀၁၂ ခုနှစ်အတွင်း ၃ ကြိမ် ပြီးစီးအောင် ကျင်းပ သွားမယ်လို့ သိရပါတယ်။

အဲ့ဒီ သင်တန်းကို ဘွဲ့ရရှိပြီး စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ငန်း အတွေ့အကြုံ ၅ နှစ်နဲ့ စီမံခန့်ခွဲမှု အတွေ့အကြုံ ၂ နှစ်ရှိသူတွေ တက်ရောက် နိုင်တာ ဖြစ်ပါတယ်။ တက်ရောက် လိုသူတွေဟာ ဘွဲ့မရရှိသေးရင်တော့ စက်ရုံ၊ အလုပ်ရုံ လုပ်ငန်း အတွေ့အကြုံ ၇ နှစ်နဲ့ စီမံခန့်ခွဲမှု အတွေ့အကြုံ ၂ နှစ်ရှိရမှာ ဖြစ်ပါတယ်။ အဆိုပါ သင်တန်း တက်ရောက်မှု အတွက် သင်တန်းကြေး ကတော့ ကျပ်သုံးသောင်း ပေးသွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။
 

တင်/ထုတ် စနစ်ဖြင့် ကျန်ရှိနေသည့် ဘာသာရပ် အားလုံးကို ထုတ်/တင် စနစ်သို့ ပြောင်းလဲ ကျင့်သုံးရန် ထုတ်ပြန်

ပြန်ကြားရေး ၀န်ကြီးဌာန၊ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် စာပေစိစစ် ဖြန့်ချီရေး ဌာနမှာ သြဂုတ်လ ၂၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ
တင်/ထုတ် စနစ်ဖြင့် ကျန်ရှိနေတဲ့ သတင်း ဂျာနယ်နဲ့နှင့် ဘာသာရေး စာစောင်များ အပါအ၀င် ဘာသာရပ် အားလုံးကို ထုတ်/တင် စနစ်သို့ ပြောင်းလဲ လုပ်ကိုင် ခွင့်ပြုလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ထုတ်/တင် စနစ် ပြောင်းလဲ လိုက်တဲ့အတွက် သတင်း ဂျာနယ်၊ ဘာသာရေး ဂျာနယ် ဂမ်္ဘီရ အပါအ၀င်၊ နိုင်ငံရေးနဲ့ သမိုင်းဆိုင်ရာ မဂ္ဂဇင်းများ၊ ဘာသာရေး မဂ္ဂဇင်းများ၊ နိုင်ငံရေး ဆိုင်ရာ စာမူများ၊ ဘာသာရေး ဆိုင်ရာ စာမူများ၊ ပြက္ခဒိန်၊ ပို့စကတ်၊ သ၀ဏ်လွှာ၊ တေးသီချင်းစာမှုနဲ့ သံရုံးစာပေ များကို သြဂုတ်လ ၂၀ ရက်နေ့မှ စတင်ပြီး ထုတ်ဝေ ပြီးမှသာ စာပေ စိစစ်နှင့် မှတ်ပုံတင် ဌာနသို့ တင်ပြရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ပြောင်းလဲ ရခြင်းဟာ လက်ရှိ ကျင့်သုံးနေတဲ့ စာပေ စိစစ်ရေး မူဝါဒများကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့်အညီ ဆောင်ရွက် နိုင်ရန် အတွက် မူဝါဒများ ပြောင်းလဲခြင်းကို ၂၀၁၁ ခုနှစ် ဇွန်လမှ စတင် ပြောင်းလဲမှုတွေ ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ရာ မှာတော့ အဆင့် ၅ ဆင့်နဲ့ ဆောင်ရွက် ခဲ့တာဖြစ်ပြီး လက်ရှိစာပေ လောက အတွင်း ထုတ်ဝေနေတဲ့ မဂ္ဂဇင်း၊ ဂျာနယ် အားလုံးမှာ ထုတ်/တင် စနစ်သို့ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ထုတ်ဝေ သူများ အနေဖြင့် ထုတ်ဝေ စာများကို ထုတ်/တင် စနစ်နဲ့ ထုတ်ဝေရာ မှာတော့ ညွှန်ကြားချက် ၄၆ ပါ မူများနဲ့အညီ စီစစ် ထုတ်ဝေကြရန်နဲ့ ထုတ်ဝေတဲ့ စာအုပ်၊ စာစောင် များကိုလည်း ညွှန်ကြားချက် ၄၈ နှင့်အညီ ဖြန့်ချီတဲ့ အခါတိုင်း သတ်မှတ် အုပ်ရေ စောင်ရေ တို့ကို စာပေ စိစစ်နှင့် မှတ်ပုံတင် ဌာနကို ပေးပို့ စာရင်းပေး သွင်းပြီးမှသာ ဖြန့်ချိရမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။



ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ၈ မြို့နယ်တွင် ရေလွှမ်းမိုးမှု အများဆုံး ခံနေရ

ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ရေလွှမ်းမိုးခြင်း ခံရတဲ့ မြို့နယ်များ ထဲမှ မြို့နယ် ၈ မြို့နယ်မှာ ရေလွှမ်းမိုးမှု အများဆုံး ဖြစ်ပေါ်လျက် ရှိတယ်လို့
ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးမှ တာဝန် ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ မြို့နယ် ၈ မြို့နယ် ကတော့ ပုသိမ်ခရိုင် အတွင်းရှိ ပုသိမ် မြို့နယ်၊ ကန်ကြီးထောင့် မြို့နယ်၊ သာပေါင်း မြို့နယ်၊ ကျုံပျော် မြို့နယ်၊ ရေကြည် မြို့နယ်၊ ကျောင်းကုန်း မြို့နယ်နဲ့ မအူပင် ခရိုင် အတွင်းရှိ ပန်းတနော် မြို့နယ်နဲ့ ဓနုဖြူ မြိုနယ်တို့ပဲ ဖြစ်ပါတယ်။

ဧရာဝတီတိုင်း ဒေသကြီး အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ မြစ်ရေလျှံခြင်း တို့ကြောင့် သြဂုတ်လ ၈ ရက်နေ့မှ စတင်ပြီး ရေကြီး နစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ရာ ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ ကွင်းဆင်း ကြီးကြပ် ဆောင်ရွက်ခြင်း၊ ရေဘေး ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ် ဆောင်ရွက်ခြင်းနဲ့ ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ ဆောင်ရွက်မှုများကို ဆောင်ရွက်လျက် ရှိတာ ဖြစ်ပါတယ်။ ယခုလက်ရှိ မှာတော့ ဧရာဝတီ တိုင်းဒေသကြီး အတွင်း ရေဘေး ကယ်ဆယ်ရေး စခန်း ၂၁၁ ခုမှ အိမ်ထောင်စု ၁၄၈၃၉ စု၊ လူဦးရေ ၆၄၄၀၀ ကျော် ထောက်ပံ့ ပေးအပ်လျက် ရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိတို့ ဘာသာဝင် ဆိုပြီး နေထိုင်နေရတဲ့ လူမှာ ၁၂၀၀၀၀ ၀န်းကျင်ခန့် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

အိမ်မက်ဆုံရာ Season-3တွင် အဖွဲ့လိုက် ယှဉ်ပြိုင်မှုတွေ ပြုလုပ်သွားမည်

Forever Group Co.Ltd နဲ့ BEC Tero တို့ရဲ့ ပူးပေါင်းမှု တွေနဲ့ Channel-7 ရုပ်သံလိုင်းမှာ ထုတ်လွှင့် လျက်ရှိတဲ့ အိမ်မက်ဆုံရာ Season-3 ကို Group
လိုက် ယှဉ်ပြိုင်မှုတွေနဲ့ ပြုလုပ် ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို အဖွဲ့လိုက် ယှဉ်ပြိုင်ရာ မှာတော့ အဖွဲ့ ၁ ဖွဲ့မှာ အနည်းဆုံး ၂ ဦးမှ ၅ ဦးအထိ ပါဝင် ယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဂီတ အမျိုးအစား တစ်ခုချင်းစီ ပေါ်မူတည်ပြီး တစ်ပတ်တစ်ခါ ဒိုင်များ ပြောင်းလဲ သွားမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။

ဒီလို ယှဉ်ပြိုင်ရာ မှာတော့ တစ်ပတ် တစ်ခါကို Pop band ၊ Rock band ၊ Boy Band ၊ Girls Band ၊ Acoustic band ၊ Country band ၊ Dance troopers ၊ Duo Trio ၊ Tradition Kids Group နဲ့ Hip Hip band တွေကို တစ်ပတ်မှာ တစ်ခုယှဉ်ပြိုင် စေမှာ ဖြစ်ပါတယ်။ ဒီလို တစ်ပတ် တစ်ခါ ယှဉ်ပြိုင်ရာ မှာတော့ အကောင်းဆုံး အဖွဲ့ ၁ ဖွဲ့ကို တစ်ပတ်မှာ တစ်ခါ ရွေးချယ်ပြီး ဆုများ ပေးအပ် သွားမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။

အဆိုပါ ပြိုင်ပွဲ ကိုတော့ ၁၁ ပတ်ကြာ ကျင်းပ သွားမှာဖြစ်ပြီး ၁၂ ပတ်မြောက် နေ့မှာတော့ တစ်ပတ်ချင်းစီမှာ ယှဉ်ပြိုင် ထားတဲ့ အကောင်းဆုံး အဖွဲ့တွေကို ပြန်လည် ယှဉ်ပြိုင်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုအချိန် မှာတော့ အဆိုပါ အိမ်မက်ဆုံရာ Season-3 ရဲ့ ဖောင်တွေကို ရောင်းချနေ ပြီးဖြစ်ပြီး သြဂုတ်လ ၃၀ ရက်နေ့ အထိသာ ဖောင်တွေကို လက်ခံ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးမှ မီဒီယာများနှင့် တွေ့ဆုံ

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးမှ မီဒီယာများနှင့် တွေ့ဆုံပွဲကို သြဂုတ်လ ၂၀ ရက်နေ့က အဆိုပါ ခုံရုံးရှိရာ နေပြည်တော်မှာ ကျင်းပခဲ့ ပါတယ်။
အဆိုပါ တွေ့ဆုံပွဲမှာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်းရတဲ့ လွှတ်တော် အသီးသီးက ဖွဲ့စည်းထားတဲ့ ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့် အဖွဲ့အစည်း အဖြစ် ထည့်သွင်း အဓိပ္ပာယ် ဖွင့်ဆိုခြင်းဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် ညီညွတ် ခြင်းရှိမရှိ အဓိပ္ပာယ် ဖွင့်ဆိုပေးရန် တင်သွင်း လာမှုကို ခုံရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပေဒ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌမှ မီဒီယာများသို့ ရှင်းလင်း ပြောကြား ခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီး အဆိုပါ ကိစ္စရပ်နဲ့ ပတ်သက်ပြီး မီဒီယာ များရဲ့ မေးမြန်းမှုများ ကိုလည်း ခုံရုံး ဥက္ကဋ္ဌက ပြန်လည် ဖြေကြားပေး ခဲ့တယ်လို့ သတင်း ရရှိပါတယ်

မဟာ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်း ရေးဆွဲမှုကို ဂျပန်ကျွမ်းကျင် ပညာရှင်များဖြင့် စတင် ဆောင်ရွက်နေ

မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးမှု စီမံကိန်း အတွက် ပြည်ပ ပညာရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်ပြီး လက်ရှိမှာ အဆိုပါ ပညာရှင် တွေဟာ ရန်ကုန်မြို့တော်
စည်ပင် သာယာရေး ကော်မတီ၊ မြို့ပြ စီမံကိန်း ဌာနခွဲမှာ တာဝန် ထမ်းဆောင် လျက်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်မှုကို JICA မှပညာရှင်နဲ့ ကျွမ်းကျင် ၀န်ထမ်း ၃၀ ခန့်က သြဂုတ်လ ဒုတိယပတ်က စတင် ဆောင်ရွက် နေတာ ဖြစ်ပါတယ်။

ဒီလို စီမံကိန်း ရေးဆွဲရာမှာ အပိုင်းလိုက် သက်ဆိုင်ရာ စီမံချက်များနဲ့ရေးဆွဲ သွားမှာ ဖြစ်ပြီး ပထမအဆင့် ရေးဆွဲမှု အနေနဲ့ ကိုးလကြာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အဆိုပါ မဟာ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်းနဲ့ ပတ်သက်တဲ့ ပူးပေါင်း ဆောင်ရွက်မှု MoU လက်မှတ် ရေးထိုးမှုကို မေလ ၁ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်နဲ့ JICA မြန်မာ ရုံးခွဲမှ ဌာနေ ကိုယ်စားလှယ် တို့မှ လက်မှတ် ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်းကို စီမံချက် ၆ ခုနဲ့ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ဆောင်ရွက်ရာ မှာတော့ ဓာတ်အား ဖြန့်ဖြူးရေး ကဏ္ဍ စီမံချက်၊ မြို့ပြ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ စီမံရေး၊ ရေဆိုးစနစ် ကောင်းမွန်ရေး၊ ရေစီးရေလာ ကောင်းမွန်ရေးနဲ့ သောက်သုံးရေ ပြည့်ဝစွာ ရရှိရေး အစရှိတာတွေ ပါဝင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် သီလ၀ါ စီးပွားရေး အထူးဇုန် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ရန်ကုန် အပြည်ပြည် ဆိုင်ရာ ပင်လယ်ကူး သင်္ဘော ဆိပ်ကမ်းများ ဖွံ့ဖြိုး တိုးတက်ရေး များကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။

လားရှိုးမြို့ ရေကြီးမှုတွင် ဆီပေပါ အလုံး တစ်ထောင်ခန့် ရေစီးမျောခဲ့

သြဂုတ်လ ၁၉ ရက်နေ့က လားရှိုးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး တောင်ကျ ရေများ စီးဆင်းကာ ရေကြီး ရေလျှံမှု ဖြစ်ပွားခဲ့တဲ့ အတွက် အဆိုပါ
မြို့အ၀င်ရှိ စက်သုံးဆီ အရောင်းဆိုင်မှ ဆီပေပါ အလုံး တစ်ထောင်ခန့် ရေစီးနဲ့ မျောပါခဲ့ တယ်လို့ မြို့ခံ တစ်ဦးရဲ့ သတင်းပေးပို့ချက် အရ သိရပါတယ်။ ရေလျှံမှုကြောင့် မျောပါခဲ့တဲ့ ဆီပေပါ တစ်ထောင် အနက် ၄၀၀ ကိုတော့ သြဂုတ်လ ၂၀ ရက်နေ့က ပြန်လည် ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။

ဒါ့အပြင် လားရှိုး-မန္တလေး ပြည်ထောင်စု လမ်းမပေါ်မှာ ရေကျော်မှု ဖြစ်ခဲ့တဲ့ အတွက် ခရီးသည်တင် ယာဉ်တွေလည်း ထွက်ခွာနိုင်မှု မရှိဘဲ ရပ်နားထား ရတယ်လို့ သိရပါတယ်။ ဒီလိုရေကြီးမှု ဖြစ်ပေါ် လာခြင်းမှာ တောင်ကျရေ တွေဟာ မန်အိုင် တောင်ကုန်း ပေါ်မှာ တစ်ဆင့် လားရှိုးမြို့တွင်း ၀င်ရောက်ခဲ့ပြီး ၁ ရပ်ကွက်၊ ၅ ရပ်ကွက်၊ ၇ ရပ်ကွက်၊ ၉ ရပ်ကွက်၊ ၁၀ ရပ်ကွက်၊ ၁၁ ရပ်ကွက်နဲ့ ၁၂ ရပ်ကွက်တို့ရှိ မြေနိမ့်ပိုင်း ကျတဲ့ နေအိမ်တွေ အတွင်းကို ရေစီးဝင် ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ရေကြီးရေလျှံ ဖြစ်ပေါ်မှုကြောင့် နေအိမ်တွင်းရှိ ပစ္စည်းတွေ ရေထဲမျောပါကာ နေအိမ်များ၊ အုတ်တံတိုင်း များလည်း ပြိုကျ ပျက်စီးခဲ့ ရတယ်လို့ သိရပါတယ်။

ဒီလို ရေကြီးမှုကြောင့် ဈေးဆိုင်ခန်းများ အတွင်း ပိတ်မိနေတဲ့ ဒေသခံ ၈ ဦး ကိုလည်း ကယ်ဆယ် ပေးခဲ့ရကာ ဒေသခံ တွေကို ရပ်ကွက် အသီးသီးမှာ ကယ်ဆယ်ရေး စခန်းတွေ ဖွင့်လှစ်ပြီး စောင့်ရှောက် ထားပါတယ်။ ဒါ့အပြင် စေတနာရှင်များနဲ့ ဒေသ တာဝန်ရှိသူတွေ၊ အဖွဲ့အစည်း တွေကလည်း ထမင်းထုပ်များ၊ အ၀တ်အထည်များ၊ ဆေးဝါးများ၊ ရေသန့်ဗူး များကို လှူဒါန်း ပေးလျက် ရှိတယ်လို့ သိရပါတယ်။



အပြည်ပြည် ဆိုင်ရာ မြန်မာ လေကြောင်းလိုင်းသို့ အောက်တိုဘာလတွင် လေယာဉ်သစ် ၂ စီးရောက်ရှိမည်

အပြည်ပြည် ဆိုင်ရာ မြန်မာ လေကြောင်းလိုင်း MAI မှာ လာမယ့် အောက်တိုဘာလ အတွင်း Air Bus 320 လေယာဉ် အမျိုးအစား ၂ စီး ရောက်ရှိဖို့
ရှိတယ်လို့ MAI မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ MAI ဟာ အဲဘတ်စ်သရီးတွမ်တိ လေယာဉ် ၀ယ်ယူမှု အပြင် နောက်ပိုင်းမှာ လက်ရှိမှာ ဘိုးရင်း၊ အန်ဘာရာ အစရှိတဲ့ ပြည်ပ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ကာ လေယာဉ်သစ်တွေ ထပ်မံ ၀ယ်ယူဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။

လက်ရှိ မှာတော့ MAI လေကြောင်းမှ ပြေးဆွဲ လျက်ရှိတဲ့ လေယာဉ် အမျိုးအစား Air Bus 320 ၄ စီး ပြေးဆွဲနေတာ ဖြစ်ပါတယ်။ အခုအခါ MAI မှ လက်ရှိ ပြေးဆွဲ ပေးလျက်ရှိတဲ့ ခရီးစဉ်တွေ အပြင် လာမယ့် အောက်တိုဘာလ မှာတော့ ခရီးစဉ်သစ် အဖြစ် မန္တလေး-ဗုဒ္ဓဂါယာ ခရီးစဉ်ကို ထပ်တိုး ပြေးဆွဲသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီလို ပြေးဆွဲရာမှာ နေ့စဉ် ခရီးစဉ် ပြေးဆွဲမှာ ဖြစ်ပြီး တစ်ပတ်မှာ ၇ ကြိမ် ပြေးဆွဲ သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့