Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 14 October 2012

သတင်းတိုများ


၂၀၁၃ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ စတင်ကာ စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူ သွားရန်ရှိ

မြန်မာနိုင်ငံမှာ စမ်းသပ် သန်းခေါင် စာရင်း ကောက်ယူမှုကို လာမယ့် ၂၀၁၃ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ စတင်ကာ ဧပြီလ ၁၀ ရက်နေ့ အထိ ဆောင်ရွက်
သွားမှာ ဖြစ်တယ်လို့ နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန၊ ပြည်သူ့ အင်အား ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူရာမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုမှာ ရှိတဲ့ မြို့နယ် ၂၀ မှာ ကောက်ယူ သွားမှာ ဖြစ်ပါတယ်။

အဆိုပါ ကောက်ယူမယ့် မြို့နယ်တွေ ကတော့ ကချင်ပြည်နယ်-မြစ်ကြီးနား မြို့နယ်၊ ကယား ပြည်နယ်-လွိုင်ကော် မြို့နယ်၊ ကရင်ပြည်နယ်-တမူးမြို့နယ်၊ တနင်္သာရီတိုင်း ဒေသကြီး-ထားဝယ် မြို့နယ်၊ ပဲခူးတိုင်း ဒေသကြီး-ရွှေကျင် မြို့နယ်များ ပါဝင် ပါတယ်။ ဒါ့အပြင် မန္တလေးတိုင်း ဒေသကြီးရှိ မိုးကုတ်မြို့နယ်၊ ချမ်းအေးသာဇံ မြို့နယ်၊ မွန်ပြည်နယ်-မော်လမြိုင်နဲ့ ကျိုက်ထိုမြို့နယ်၊ ရခိုင်ပြည်နယ်-စစ်တွေ မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး-ရွှေပြည်သာနဲ့ လမ်းမတော် မြို့နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေ မြို့နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် မြို့နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် မြို့နယ်နဲ့ ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြ မြို့နယ်၊ ငပုတော မြို့နယ် တို့မှာ ကောက်ယူ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

စမ်းသပ် သန်းခေါင်း စာရင်း ကောက်ယူရာမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် များရှိ မြို့နယ် တစ်မြို့နယ်ကို ကောက်ကွက် ၅ ကွက်စီနဲ့ သတ်မှတ် ကောက်ယူ သွားမှာ ဖြစ်ပြီး ပညာရေး ၀န်ကြီးဌာန လက်အောက်မှာ ရှိတဲ့ မူလတန်းပြ ဆရာ၊ ဆရာမများနဲ့ ကောက်ယူမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို  စမ်းသပ် သန်းခေါင် စာရင်း ကောက်ယူမှုဟာ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူတဲ့ အခါ အခက်အခဲများ မကြုံတွေ့ စေဖို့နဲ့ ချမှတ် ထားတဲ့ လုပ်ငန်းစဉ်များနဲ့ တကယ့် လက်တွေ့ ကိုက်ညီမှု ရှိ၊ မရှိကို သိရှိစေဖို့ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။



ကမ္ဘောဇဘဏ်၏ ဘဏ်လုပ်ငန်း ဆိုင်ရာများ ပုံမှန်အတိုင်း လည်ပတ် လျက်ရှိ

ယခု ရက်ပိုင်း အတွင်း ကောလဟာလ သတင်းများ ထွက်ပေါ်ခဲ့တဲ့ ကမ္ဘောဇ ဘဏ်ဟာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ကြီးကြပ် ကွပ်ကဲမှု အောက်မှာ
စနစ်တကျ လုပ်ကိုင် လျက်ရှိပြီး ဘဏ်လုပ်ငန်း ဆိုင်ရာများ ပုံမှန်အတိုင်း လည်ပတ် လျက်ရှိတယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ကောလဟာလ သတင်းများ ထွက်ပေါ် လာမှုကြောင့် ကမ္ဘောဇ ဘဏ်မှ အပ်နှံထားတဲ့ ငွေများကို ပြန်လည် လာရောက် ထုတ်ယူ သူများ များပြား ခဲ့ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အပါအ၀င် သက်ဆိုင်ရာ ဘဏ်ရဲ့ စာနယ်ဇင်း ရှင်းလင်းပွဲများ ပြုလုပ်ပေးမှု တွေကြောင့် အောက်တိုဘာလ ၁၁ ရက်နေ့ မှာတော့ ကမ္ဘောဇ ဘဏ်မှ ငွေပြန်လည် လာရောက် ထုတ်ယူသူများ လျော့ကျ သွားတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ယခုလက်ရှိ ကမ္ဘောဇ ဘဏ်မှာ ငွေများ ပြန်လည် အပ်နှံခြင်း၊ ငွေလွှဲခြင်း လုပ်ငန်းများကို ပုံမှန်အတိုင်း လည်ပတ် လျက်ရှိပြီး အောက်တိုဘာလ ၁၁ ရက်နေ့ တစ်ရက်တည်းမှာ ငွေလာရောက် အပ်နှံမှုဟာ ငွေကျပ် ၃ ဘီလီယံ အထိ ရှိပါတယ်။

ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ကမ္ဘောဇ ဘဏ်ဟာ ဗဟိုဘဏ်ရဲ့ ကြီးကြပ် ကွပ်ကဲမှု အောက်မှာ စနစ်တကျ လုပ်ကိုင် လျက်ရှိပြီး ခိုင်မာ တည်ငြိမ်တဲ့ ဘဏ်ဖြစ်ကြောင်း၊ ဒါ့ကြောင့် မိဘပြည်သူများ အနေနဲ့ ယုံကြည် စိတ်ချစွာ ဆက်သွယ် ဆောင်ရွက်နိုင် ရန်နဲ့ စိုးရိမ်ပူပန်မှုများ မရှိဘဲ ဆောင်ရွက် ကြဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တရားဝင် ကြေငြာချက်များ ထုတ်ပြန် ထားကြောင်း သိရပါတယ်။



ဆီးဂိမ်း ကျင်းပမည့်နေရာများတွင် အင်တာနက် မြန်နှုန်းများ တိုးမြှင့်ရန် ဆောင်ရွက် လျက်ရှိ

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျင်းပမယ့် ၂၇ ကြိမ်မြောက် ဆီးဂိမ်း အမှီ အင်တာနက် မြန်နှုန်းများကို ပိုမို ကောင်းမွန် စေဖို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ
ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။ အခုလို ပြုလုပ်ရာမှာ ဆီးဂိမ်း ကျင်းပမယ့် အဓိက နေရာတွေ ဖြစ်တဲ့ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ငွေဆောင် အစရှိတဲ့ နေရာတွေမှာ အဓိကထား လုပ်ဆောင် လျက်ရှိတာ ဖြစ်တယ်လို့ ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်း ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

လက်ရှိမှာ အသုံးပြုနေတဲ့ အင်တာနက် မြန်နှုန်းထက် ပိုမိုမြန်ဆန်အောင် ပြုလုပ်မှုဟာ ၂၀၁၃ ခုနှစ်မှာ ဆီးဂိမ်း ရှိသလို ၂၀၁၄ ခုနှစ် မှာလည်း Asean Summit ရှိတဲ့ အတွက် နိုင်ငံတကာ စံနှုန်းနဲ့ အညီ အသုံးပြုနိုင်ဖို့ ဆောင်ရွက် လျက်ရှိတာ ဖြစ်ပါတယ်။ အင်တာနက် မြန်နှုန်းတို ယခု လက်ရှိမှာ ဆီးဂိမ်း ပြုလုပ်မယ့် နေရာတွေကို အဓိကထား လုပ်သွားမှာ ဖြစ်ပေမယ့် နောက်ပိုင်း အခြားနေရာ တွေမှာလည်း နိုင်ငံတကာ အဆင့်မီ အင်တာနက် မြန်နှုန်းများ ရရှိအောင် ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ပြုလုပ်တဲ့ နေရာမှာ 4G (LTE) စနစ် ကိုလည်း ဆီးဂိမ်း အမီ ရရှိနိုင်အောင် ကြိုးစားပြီး ပြုလုပ်သွားမှာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး ၀န်ကြီးဌာနမှ အင်ဂျင်နီယာချုပ် တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။



Journalist's Training သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့

ပြန်ကြားရေး ၀န်ကြီး ဌာနနှင့် အမေရိကန် နိုင်ငံရှိ Voice of America တို့ ပူးပေါင်း ဖွင့်လှစ်တဲ့ Journalist's Training သင်တန်း ဆင်းပွဲကို အောက်တိုဘာလ
၁၃ ရက်နေ့က ရန်ကုန်မြို့၊ ပြည်လမ်း။ ဟံသာဝတီ အ၀ိုင်း၊ မြန်မာ့အသံဝန်း ထဲရှိ သင်တန်း ခန်းမမှာ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ Journalist's Training ကို Voice of America က Mr. Bart Childs က ၄ ရက်ကြာ သင်ကြားပို့ချ ပေးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ သင်တန်းမှာ ကင်မရာပိုင်း ဆိုင်ရာများ၊ တည်းဖြတ်ခြင်း၊ သတင်း ဖန်တီးမှုနဲ့ အင်တာနက် ကနေ သတင်းပို့နည်း စတာတွေ သင်ကြားပို့ချ ပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ သင်တန်းမှာ သင်တန်းသား ၄၁ ဦး တက်ရောက် သင်ကြား ခဲ့တာ ဖြစ်ပါတယ်။ သင်တန်းသားတွေ ကတော့ မြန်မာအသံ၊ MRTV-4, Sky net မှ ၀န်ထမ်းများ ဖြစ်ပြီး ပထမဦးဆုံး အကြိမ် ဖွင့်လှစ် သင်ကြားတဲ့ သင်တန်း ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


ဘဏ်များ၏ မတည်ရင်းနှီးငွေမှာ ကျပ် ၄၀၁ ဘီလီယံ အထိ ရှိလာပြီဖြစ်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်း တွေမှာ မတည် ရင်းနှီးငွေ ပမဏဟာ ယခင်က ငွေကျပ်
၂၃၆ ဘီလီယံသာ ရှိရာမှ ယခုအခါ ၄၀၁ ဘီလီယံ အထိ ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်း များမှာ တစ်နှစ်ကျော် ကာလ အတွင်း များစွာ တိုးတက် လျက်ရှိပြီး ဘဏ်လုပ်ငန်း များရဲ့ မတည် ရင်းနှီးငွေများ ဟာလည်း ယခုလို တိုးတက် လာတာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်း တွေဟာ လုပ်ငန်း ဆိုင်ရာ တိုးတက်မှု အနေနဲ့ အစိုးရသစ် စတင် တာဝန်ယူခဲ့တဲ့ ၂၀၁၁ ခုနှစ် ဧပြီလ အထိ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက ဘဏ်ခွဲ အရေအတွက် ၂၉၂ ဘဏ်သာ ရှိရာမှ ယခု လက်ရှိမှာ ဘဏ်ခွဲပေါင်း ၁၀၂ ဘဏ်ကျော် အထိ တိုးတက် လာပြီး စုစုပေါင်း ဘဏ်ခွဲ ၄၀၀ ကျော်အထိ ရှိလာတာ ဖြစ်တယ်လို့ သိရပါတယ်။



ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးပွဲများတွင် ကြေငြာများ ထည့်သွင်း နိုင်ပြီ

ပြည်တွင်း မှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်များ အနေနဲ့ မိမိတို့ရဲ့ ကုန်ပစ္စည်းများကို အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံး ပွဲများမှာ ပြည်တွင်းမှ တစ်ဆင့်
ကြော်ငြာများ ထည့်သွင်း လိုပါက ကြေငြာများ ထည့်သွင်း နိုင်ပြီ ဖြစ်တယ်လို့ Ignite Marketing Communications Company မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလိုမျိုး ပြည်ပ ကြော်ငြာများ ထည့်သွင်း ရာမှာလည်း ကြော်ငြာ ထည့်သွင်းခ အနေနဲ့ အသင်းကြီး ၆ သင်းကန်တဲ့ ဘောလုံး ပွဲစဉ်များ ဖြစ်ပါက တစ်ပွဲ တစ်မိနစ်ကို ပေါင်ငါးထောင် ကျတာ ဖြစ်ပြီး အသင်းငယ်များ ကန်တဲ့ ဘောလုံး ပွဲစဉ်တွေ အနက် နဲ့ကတော့ တစ်ပွဲလျှင် တစ်မိနစ်ကို ပေါင်နှစ်ထောင် ကျတာမှာ ဖြစ်လို့ သိရပါတယ်။

အခုလို ပြည်ပ ကြော်ငြာများ ထည့်သွင်း နိုင်ခြင်းကို Sports Revolution Company နဲ့ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ် ဖြစ်တဲ့ Ignite Marketing Communications Company တို့က တစ်ဆင့် ၀န်ဆောင်မှု ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ Sports Revolution Commpany ဟာ IBTC ရဲ့ Grand Royal Whisky နဲ့ Chelsea FC တို့ကို Pertanership တစ်ခု အဖြစ် ဖန်တီး ပေးနိုင်ခဲ့ပြီး အခုဆိုရင် Grand Royal Whisky ဟာ Chelsea FC အသင်းရဲ့ offical pertaner အဖြစ် ၂ နှစ်တာ လက်တွဲ လုပ်ဆောင်ခွင့် ရရှိခဲ့တယ်လို့ သိရပါတယ်။


ပြည်ပသို့ငါးတင်ပို့သူများမှ လုပ်ငန်းသုံးရေခဲများကို ကိုယ်ပိုင်ထုတ်လုပ် သုံးစွဲမှုများရှိလာ

လက်ရှိ ပြည်တွင်းရဲ့ ငါးဖမ်း စက်လှေများမှာ အသုံးပြု နေတဲ့ ရေခဲများဟာ ရေသန့်များကို အသုံးပြုကာ ထုတ်လုပ် ထားတဲ့ ရေခဲများ မဟုတ် တာကြောင့်
ရေခဲရဲ့ အရောင်ဟာ ၀ါထိန် လျက်ရှိ တယ်လို့ သိရပါတယ်။ ဒါကြောင့် Exporter များ အနေနဲ့ ပြင်ပမှ ရေခဲများကို အသုံးမပြုပဲ ကိုယ်ပိုင် ရေခဲ ထုတ်လုပ် စက်ရုံများ တည်ဆောက်ပြီး မိမိ စက်ရုံမှ ထွက်ရှိတဲ့ ရေခဲများကို အသုံးပြုပြီး တင်ပို့မှုများ ပြုလုပ်လာ ကြတယ်လို့ မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူနဲ့ ပို့ကုန် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

ဒီလို မသန့်ရှင်းတဲ့ ရေခဲများကို အသုံးပြုမိတဲ့ အတွက် ဖမ်းဆီး ရမိတဲ့ ငါးများမှာ ရောဂါ ပိုးမွှားများ ကပ်ညှိနိုင်ပြီး အဆိုပါ ငါးများကို စားသုံးမိ ခြင်းကြောင့် မလိုလား အပ်တဲ့ ရောဂါများ ဖြစ်ပွားစေ နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ရေခဲများကို ထုတ်လုပ်ရာမှာ Water treatment လုပ်ပြီးတဲ့ ရေများကိုသာ အသုံးပြုကာ ထုတ်လုပ် သင့်တယ်လို့ သိရပါတယ်။ ဥရောပ၊ အမေရိကန် စတဲ့ နိုင်ငံများသို့ ရေထွက်ကုန် ပစ္စည်းများ တင်ပို့ဖို့ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ရာမှာ ရေခဲ သုံးစွဲမှု အပိုင်းဟာ အဓိက ပါဝင်တာကြောင့် ပြည်တွင်းမှာ ထုတ်လုပ် သုံးစွဲနေတဲ့ ရေခဲရဲ့ အရည်အသွေး ကိုလည်း သေချာ စစ်ဆေးမှုများ ပြုလုပ် ဆောင်ရွက် သင့်တယ်လို့ သိရပါတယ်။




ဂျပန်နိုင်ငံ အခြေစိုက် Morubeni Corporation နှစ် ၇၀ ပြည့် အခမ်းအနား ကျင်းပခဲ့

ဂျပန်နိုင်ငံ အခြေစိုက် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Morubeni Corporation ရဲ့ နှစ် ၇၀ ပြည့် အခမ်းအနားကို အောက်တိုဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့
Sedona Hotel မှာ ကျင်းပ ပြုလုပ် ခဲ့ပါတယ်။ အဆိုပါ နှစ် ၇၀ ပြည့် အခမ်းအနား မှာဆိုရင် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန လက်အောက်ရှိ Master Degree နဲ့ PhD တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူများ အတွက် ဒေါ်လာ ၃ သိန်းနဲ့ ညီမျှတဲ့ ငွေပဒေသာပင်ကို Morubeni Corporation မှ စိုက်ထူ ပေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရှိ Morubeni Corporation ရန်ကုန် ရုံးခွဲကို ၁၉၄၂ ခုနှစ်က စတင် ဖွင့်လှစ် ခဲ့တာပြီး လက်ရှိမှာ နိုင်ငံပေါင်း ၆၇ နိုင်ငံမှာ ရုံးခွဲပေါင်း ၁၂၀ ဖွင့်လှစ် လုပ်ဆောင် လျက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါMorubeni Corporation ဟာဆိုရင် သက်ဆိုင်ရာ ၀န်ကြီးဌာန များရဲ့ နိုင်ငံခြားမှ ပစ္စည်း ၀ယ်ယူမှု များကို အဓိက ဆောင်ရွက် ပေးနေတဲ့ အဖွဲ့အစည်း တစ်ခုပဲ ဖြစ်ပါတယ်။

အဆိုပါ အခမ်းအနား ကိုတော့ Morubeni Corporation မှ CEO က အမှာစကား ပြောကြားခဲ့ပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး၊ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး အပါအ၀င် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သံရုံးများမှ တာဝန် ရှိသူများ၊ အခြားဌာန ဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြတယ်လို့ သိရပါတယ်။
   


Media & Ethics ခေါင်းစဉ်ဖြင့် Intellectual Talk တွင် ဆွေးနွေးခဲ့

သိသင့် သိထိုက်တဲ့ နယ်ပယ် အသီးသီး ကဏ္ဍ အစုံစုံကို တင်ဆက် ပေးလျက်ရှိတဲ့ Intellectual Talk အစီအစဉ်ကို အောက်တိုဘာလ ၁၂ ရက်နေ့က
ရန်ကုန်မြို့ UMFCCI မှာ Media & Ethics ခေါင်းစဉ်နဲ့ ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဆွေးနွေးမှု မှာတော့ ဆရာ မျိုးမြတ်သူနဲ့ Open News ဂျာနယ်မှ အယ်ဒီတာချုပ် ဦးသီဟစော တို့မှာ ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို ဆွေးနွေးရာ မှာလည်း မီဒီယာ သမားတွေကို သတင်း အချက်အလက်တွေ အမှန်သာ ပေးသင့်ကြောင်း၊ အဂတိ လိုက်စားမှု မရှိသင့်ကြောင်းနဲ့ သတင်းသမားတွေ အနေနဲ့ မီဒီယာ ကျင့်ဝတ်နဲ့ ပတ်သက်ပြီး လေ့လာ သိရှိရန် လိုအပ်ကြောင်း အစရှိ သဖြင့် ပြောကြား ခဲ့ပါတယ်။

ဒါ့အပြင် မီဒီယာသမားတွေ အနေနဲ့ မိမိတို့ရဲ့ ရေးသားပြော ဆိုမှုဟာ အတိအကျ အထောက်အထား မှန်ကန် လိုအပ်ကြောင်း အစရှိသဖြင့် ပြောဆိုခဲ့ ပါတယ်။ အဆိုပါ Intellectual Talk အစီအစဉ်ကို တစ်လကို ၂ ကြိမ် ပုံမှန်ပြုလုပ် လျက်ရှိပြီး အခု ပြုလုပ်တာ ကတော့ ၂၂ ကြိမ်မြောက် ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့