Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 11 October 2012

သတင်းတိုများ


လာမည့် ၂၀၁၃ ခုနှစ် နွေရာသီတွင် စက်မှုဇုန် များ၌ လျှပ်စစ်မီး လုံလောက် စွာရရှိရန် ဆောင်ရွက်နေ

လာမယ့် ၂၀၁၃ ခုနှစ် နွေရာသီ ကာလမှာ ရန်ကုန်မြို့ရှိ စက်မှုဇုန်များမှာ လျှပ်စစ်မီး လုံလောက်စွာ ရရှိနိုင်ဖို့ အတွက် လျှပ်စစ်စွမ်းအား ၀န်ကြီး ဌာနမှ
အလုံ၊ လှော်ကားနဲ့ သာကေတ မြို့နယ် သုံးမြို့နယ်မှာ Power Generation System များ ထားရှိသွားဖို့ ဆောင်ရွက်မှုများ ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြုလုပ်ရ ခြင်းဟာ ယခုနှစ် နွေရာသီ ကာလမှာ စက်မှုဇုန် များကို အလှည့်ကျ စနစ်နဲ့ လျှပ်စစ်မီး ပေးခဲ့ရတာ ဖြစ်တဲ့ အတွက် စက်မှု လုပ်ငန်းများ ဆောင်ရွက်မှုမှာ အနည်းငယ် နှောင့်နှေးမှု တွေရှိခဲ့တာကြောင့် လာမယ့် နွေရာသီ ကာလမှ ယခုကဲ့သို့ မဖြစ်စေဖို့ အတွက် အခုလို ပြုလုပ်ပေး သွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီးရဲ့ စက်မှု၊ လက်မှုနဲ့ လျှပ်စစ် စွမ်းအား ၀န်ကြီး ဦးဥာဏ်ထွန်းဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်း ဒေသကြီး အတွင်း မှာလည်း ရေရှည် စီမံကိန်း အနေနဲ့ 500 MGW မဂ္ဂါဝပ် ၃ လုံး ထားရှိ သွားဖို့ကို စီစဉ်လျက် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ပြည်တွင်းမှာ အဓိကထား အသုံးပြုနေတဲ့ ရေအား လျှပ်စစ် အပြင် ကျောက်မီးသွေး မှနေပြီး လျှပ်စစ် စွမ်းအား ထုတ်ယူ အသုံးပြုနိုင်ရန် အတွက် ကိုလည်း ၀န်ကြီးဌာန အနေနဲ့ ပြုလုပ် လျက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ကျောက်မီးသွေးမှ လျှပ်စစ်စွမ်းအား ထုတ်ယူရာမှာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင် Coal Techonology ကို အသုံးပြုပြီး ထုတ်လုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


စက်မှုလယ်ယာ ပြပွဲ ၂၀၁၂တွင် အရစ်ကျ ရောင်းချမှုများ အတွက်ပါ ဆောင်ရွက်ပေး

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နဲ့ မြန်မာနိုင်ငံ လယ်ယာ စီးပွား အများပိုင် ကော်ပိုရေးရှင်းတို့ ပူးပေါင်း ကျင်းပတဲ့ MAPCO Farm Mechanization
Show 2012 ကို မင်းဓမ္မလမ်းရှိ MCC မှာ အောက်တိုဘာလ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့ များမှာ ကျင်းပပြုလုပ် လျက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ပြပွဲမှာတော့ လယ်ယာ ထွက်ကုန် သီးနှံ အထူးပြု ကုမ္ပဏီများ၊ စက်ပိုင် ကုန်သည်များ၊ လုပ်ငန်းရှင်များနဲ့ တောင်သူ လယ်သမားကြီး များကို ၂၀ ရာခိုင်နှုန်း လက်ငင်း ငွေပေးချေပြီး ကျန်ငွေကို အရစ်ကျ ပေးချေမှု စနစ်နဲ့ လယ်ယာကုန်ထုတ် အခြေခံစက် ပစ္စည်းများကို ရောင်းချပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ စက်မှုလယ်ယာ ပြပွဲမှာတော့ စက်မှု လယ်ယာနဲ့ ပတ်သက်တဲ့ ကုမ္ပဏီ ၈ ခုမှ ဆိုင်ခန်းပေါင်း ၁၅ ကို ခင်းကျင်း ပြသပေး ထားတာ ဖြစ်ပါတယ်။ အဆိုပါ ပြပွဲ ကိုတော့ တောင်သူလယ်သမား များအနေနဲ့ လယ်ယာသုံး ပစ္စည်းများအား အသုံးချနိုင်ရေး၊ အရည်အသွေး ကောင်းမွန်တဲ့ စက်ပစ္စည်း များကို သက်သာတဲ့ ငွေပေးချေမှု ပုံစံဖြင့် ရောင်းဝယ် နိုင်ရေး ပြုပြင် ထိန်းသိမ်းမှု၊ ကျွမ်းကျင်စွာ မောင်းနှင်မှုနဲ့ အသုံးချနိုင်မှု တို့အပေါ် ၀န်ဆောင်မှု ကောင်းမွန်စွာ ပေးနိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်ပါတယ်။ အဲ့ဒီလိုမျိုး လယ်ယာ ကုန်ထုတ် အခြေခံ စက်ကိရိယာ များကို အရစ်ကျ ရောင်းချပေးတဲ့ အတွက် တောင်သူ လယ်သမား များအနေ နဲ့လည်း များစွာ အဆင်ပြေမှု ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။



ဒိန်းမတ် စီးပွားရေး လုပ်ငန်းရှင်များက ပြည်တွင်းတွင် ဘိလပ်မြေ စက်ရုံ တည်ဆောက် သွားရန်ရှိ

ဒိန်းမတ် နိုင်ငံမှ FL Smidth Co,Ltd နဲ့ မြန်မာနိုင်ငံမှ Technology Co.,Ltd တို့ ပူးပေါင်းပြီး ဧရာဝတီတိုင်း ဒေသကြီးရှိ ထုံးဘို မြို့နယ်မှာ ဘိလပ်မြေ
စက်ရုံ တစ်ရုံ တည်ဆောက် သွားဖို့ စီစဉ်လျက်ရှိ တယ်လို့ အောက်တိုဘာလ ၁၀ ရက်နေ့က Sedona Hotel မှာ ပြုလုပ်တဲ့ ဘိလပ်မြေနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှ တာဝန်ရှိသူ တစ်ဦး ပြောကြားချက် အရ သိရပါတယ်။ ပြည်တွင်းရဲ့ ဘိလပ်မြေ လိုအပ်ချက်ဟာ တစ်နေ့ကို တန်ချိန် ၃ သန်း လိုအပ်လျက် ရှိ တယ်လို့ သိရပါတယ်။

ဘိလပ်မြေ တန်ချိန် ၁ သန်းခန့်သာ ပြည်တွင်းမှာ ဘိလပ်မြေ စက်ရုံ များမှ ထုတ်လုပ်နိုင်ပြီး ကျန် ၂ သန်းခန့်ကို ပြည်ပမှ တင်သွင်း အသုံးပြုလျက် ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ တည်ဆောက်ဖို့ လျာထားတဲ့ ဘိလပ်မြေ စက်ရုံဟာ တစ်နေ့ကို ပျမ်းမျှ ဘိလပ်မြေ တန်ချိန် ၂၅၀၀ ထုတ်ပေး နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် FL Smidth Co,Ltd အနေနဲ့ ဘိလပ်မြေနဲ့ ပတ်သက်ပြီး နည်းပညာ များနဲ့ ကိရိယာများကို ပြည်တွင်း စိတ်ဝင်စားတဲ့ ကုမ္ပဏီများမှ အကူအညီ လိုအပ် ပါကလည်း ကူညီ ဆောင်ရွက် ပေးမယ်လို့ သတင်း ရရှိပါတယ်။


အသေးစား ငွေရေးကြေးရေး လုပ်ငန်းများ အောင်မြင်အောင် လုပ်ဆောင် ခဲ့သည့် အသင်း များအား ဆုများ ချီးမြှင့်ခဲ့

ဗဟိုသမ၀ါယမ အသင်းရဲ့ အဓိက လုပ်ငန်း တစ်ခုဖြစ်တဲ့ အသေးစား ငွေရေးကြေးရေး လုပ်ငန်း များမှာ အောင်မြင်အောင် လုပ်ဆောင် နိုင်ခဲ့တဲ့ အသင်း
များအား ဆုချီးမြှင့်မှုကို အောက်တိုဘာလ ၁၀ ရက်နေ့က ဆရာစံလမ်းရှိ ဗဟိုသမ၀ါယမ အသင်း လိမိတက်မှာ ပြုလုပ်တဲ့ အသေးစား ငွေရေးကြေးရေး လုပ်ငန်း ၅ နှစ်ပြည့် အခမ်းအနားမှာ ဆောင်ရွက် ခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဆုချီးမြှင့် ပေးအပ်ရာ မှာတော့ အဖွဲ့ဝင် အသင်းသား ဦးရေ စုစည်းနိုင်မှု၊ လုပ်ငန်း ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင် နိုင်မှုနဲ့ လူမှုရေး၊ သာရေး၊ နာရေး၊ ရန်ပုံငွေ ထဲမှာ ပါဝင် နိုင်တဲ့ အချက်များ အစရှိတဲ့ အချက်များကို ကြည့်ရှုပြီး ပေးအပ် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အသေးစား ငွေရေး ကြေးရေး သမ၀ါယမ အသင်း ၅ သင်းနဲ့ အသေးစား ငွေရေးကြေးရေး အဖွဲ့ ၅ ခု ကိုပါ ဆုများ ချီးမြှင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မက သေးဘဲ ဆင်းရဲမှု လျော့ချရေးမှာ အသေးစား ငွေရေးကြေးရေး လုပ်ငန်းနဲ့ အဓိကထား လုပ်ဆောင် သွားမှာ ဖြစ်ပြီး လုံးဝ ဆင်းရဲမှု ပပျောက်တဲ့ အထိ သမ၀ါယမ အသင်းများက လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိ အဖွဲ့အစည်း ၅ နှစ်ပြည့် အချိန်အထိ သက်ဆိုင်တဲ့ သင်တန်းများ အဆက်မပြတ် သင်ကြား ပေးနိုင်ခဲ့ပြီး အသင်းပေါင်း ၅၀ ကျော်မှ ၇၂ အသင်း အထိ ဆောင်ရွက်မှုတွေ ပြုလုပ်နိုင် ခဲ့တယ်လို့ သိရပါတယ်။



ဒုတိယ အကြိမ်မြောက် Social Enterprise အလုပ်ရုံ ဆွေးနွေးမှုကို ပြည်တွင်းတွင် ပြုလုပ်ခဲ့

ဗြိတိသျှ ကောင်စီမှ ဒုတိယ အကြိမ်မြောက် ကြီးမှူး ကျင်းပတဲ့ Social Enterprise  လူမှုရေးလုပ်ငန်း အလုပ်ရုံ ဆွေးနွေးမှုကို အောက်တိုဘာလ
၁၀ ရက်နေ့က ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်မှာ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဆွေးနွေးမှုမှာ တစ်နိုင်ငံလုံးရှိ လူမှုရေး လုပ်ငန်း လုပ်ဆောင် သူများနဲ့ ကွန်ရက် ဆက်သွယ် နိုင်တဲ့ အခွင့်အလမ်း များနဲ့ ပြည်တွင်းရဲ့ ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်း များကို ဆောင်ရွက် ရာမှာ Social Enterprise မှ ပူးပေါင်း ပါဝင်နိုင်တဲ့ အခွင့်အလမ်း များကို ဆွေးနွေးခဲ့ ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ကွန်ရက် ပြည်တွင်းမှာပါ ဆက်သွယ် ပါဝင်နိုင်ဖို့ အတွက် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက ထိုင်းနိုင်ငံမှာ အရှေ့အာရှ လူမှုရေး၊ လုပ်ငန်း ကွန်ရက် တစ်ခုကို စတင် တည်ထောင် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ကွန်ရက်ဟာ အရှေ့အာရှ တစ်ဝန်းမှာ ရှိနေတဲ့ လူမှုရေး လုပ်ငန်း လုပ်ကိုင်နေသူများ ဆက်သွယ်နိုင်ဖို့နဲ့ အပြန်အလှန် လေ့လာ သင်ယူနိုင်ဖို့ ဖွဲ့စည်း ထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆွေးနွေးပွဲမှာ ယူကေ နိုင်ငံမှ လူမှုရေး လုပ်ငန်း လုပ်ကိုင် သူများနဲ့ ပံ့ပိုးပေးတဲ့ အဖွဲ့အစည်းမှ ကိုယ်စားလှယ် များက ပြည်တွင်းရဲ့ ဖွံ့ဖြိုးရေး အကြောင်း များကို လေ့လာပြီး ပါဝင် လုပ်ဆောင် နိုင်ဖို့ ဆွေးနွေး ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။



မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး အသင်း စတင် ဖွဲ့စည်း

ပြည်တွင်းမှာ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး အသင်း စတင် ဖွဲ့စည်းခဲ့ပြီး အဆိုပါ အသင်း ဖွဲ့စည်း တည်ထောင်ခြင်း အထိမ်းအမှတ် အဖြစ် မိတ်ဆက်
အခမ်းအနားကို အောက်တိုဘာလ ၁၀ ရက်နေ့က Central Hotel မှာ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ မိတ်ဆက် အခမ်းအနားမှာ ပြောကြားချက် အရ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး အသင်းကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၄ ရက်နေ့မှာ နိုင်ငံတော် အစိုးရက ချမှတ် ထားတဲ့ လုပ်ထုံး လုပ်နည်း နဲ့အညီ မှတ်ပုံတင် လျှောက်ထား ခဲ့တာ ဖြစ်ပါတယ်။

ဒီလို လျှောက်ထား ဖွဲ့စည်းခဲ့ရာက အခုအခါမှာ အဆိုပါ အသင်းအတွင်း အဖွဲ့ဝင်ပေါင်း ၇၀ နီးပါး ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ပြည်တွင်းမှာ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး အသင်း ဖွဲ့စည်းခဲ့ သလို အိန္ဒိယနိုင်ငံ မှာလည်း အိန္ဒိယ-မြန်မာချစ်ကြည်ရေး အသင်းကို ဖွဲ့စည်း ထားရှိပြီး ဖြစ်ပါတယ်။

အခု ဖွဲ့စည်းခဲ့တဲ့ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး အသင်းကို ဖွဲ့စည်းရ တာဟာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အကြား ချစ်ကြည်ရေးနဲ့ ရင်းနှီး နားလည်မှုတွေ ပိုမို တိုးတက် ခိုင်မြဲလာစေဖို့၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း တစ်ရပ် အနေနဲ့ ကဏ္ဍ အသီးသီးမှာ တိုးမြှင့် ဆောင်ရွက်ဖို့၊ မြန်မာနိုင်ငံနဲ့ အိန်္ဒိယ နိုင်ငံတို့ အကြား စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ အနုပညာ သိပ္ပံနဲ့ နည်းပညာ တို့ကို ကျယ်ပြန့်စွာ ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ဖို့ စတဲ့ ရည်ရွယ်ချက် တွေနဲ့ ဖွဲ့စည်း ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုဖွဲ့စည်း ထားပြီး အခုအခါ မိတ်ဆက် အခမ်းအနား ပြုလုပ်ရ တာဟာ အများပြည်သူ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေဖို့ ဖြစ်ပါတယ်။ အဲ့ဒီ မိတ်ဆက် အခမ်းအနား ကိုတော့ လူမှုရေး ၀န်ကြီး ဒေါက်တာ မြင့်သိန်း၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး၊ နီပေါနိုင်ငံ သံအမတ်ကြီးနဲ့ အခြား တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြတယ်လို့ သိရပါတယ်။


ကိုရီးယား ခရီးသွား ကုမ္ပဏီတစ်ခုမှ ပြည်တွင်းသို့ လာရောက် မိတ်ဆက်မှုများ ပြုလုပ်ခဲ့

ကိုရီးယား နိုင်ငံရဲ့ ကိုရီးယား ခရီးသွား လာရေး အဖွဲ့အစည်း Korea Tourism Organization ကနေပြီး ပြည်တွင်းမှာ ကိုရီးယား နိုင်ငံရဲ့ ခရီးသွား
အကြောင်းအရာများ၊ ကိုရီးယားလေ ကြောင်းလိုင်း အစရှိတာ တွေကို လာရောက် မိတ်ဆက် ခဲ့တယ်လို့ သိရပါတယ်။ ဒီလို လာရောက် မိတ်ဆက်မှု ကိုတော့ အောက်တိုဘာလ ၁၀ ရက်နေ့က ရန်ကုန်မြို့ရှိ Sedona Hotel မှာ ကျင်းပ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။

အခုလို လာရောက် မိတ်ဆက်မှု ပြုလုပ်တာက ပထမဦးဆုံး အကြိမ် ဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ကိုရီးယား နိုင်ငံတို့ရဲ့ ခရီးသွား လုပ်ငန်းများ တိုးတက် လာစေဖို့နဲ့ အဖက်ဖက်က အကျိုးရှိ စေဖို့ အတွက် ရည်ရွယ် ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလို ခရီးသွား လုပ်ငန်းတွေ လာရောက် မိတ်ဆက်မှုများ ပြုလုပ်တဲ့ အတွက်ကြောင့် ပြည်တွင်းရှိ ပြည်ပ ခရီးသွား လုပ်ငန်းများ ဆောင်ရွက် နေသူများ အနေနဲ့ ကိုရီးယား နိုင်ငံရဲ့ ခရီးသွား ၀န်ဆောင်မှု အတွေ့အကြုံများ အပြင် စီးပွားရေးနဲ့ သက်ဆိုင်တဲ့ အတွေ့အကြုံများ အစရှိတဲ့ အတွေ့အကြုံနဲ့ သတင်း အချက်အလက် တွေပါ သိရှိနိုင်မှာ ဖြစ်ပါတယ်။ အခုလို ပွဲမျိုးပြုလုပ် ပေးတဲ့အတွက် မြန်မာနိုင်ငံ နဲ့ ကိုရီးယား နိုင်ငံတို့ရဲ့ ခရီးသွား လုပ်ငန်းများ အစဉ်ပြေ ချောမွေ့စွာ တိုးတက် လာမှာ ဖြစ်တယ်လို့ သိရပါတယ်။



နှင်းကမ္ဘာ ဥယျာဉ်တွင် 5D ရုပ်ရှင် ထည့်သွင်း ဆောက်လုပ်မည်

ကန်တော်ကြီး အတွင်းရှိ ရေခဲကမ္ဘာ ဥယျာဉ်ကို လာရောက် သူတွေ အတွက် အမြင်သစ်နဲ့ခံစားနိုင် စေဖို့ နှင်းကမ္ဘာ ဥယျာဉ် အဖြစ် ပြောင်းလဲ တည်ဆောက်
လျက်ရှိပြီး အဲ့ဒီလို တည်ဆောက် ရာမှာ 5D ရုပ်ရှင်ရုံကိုပါ ထည့်သွင်း ဆောက်လုပ် သွားမယ်လို့ သိရပါတယ်။ အခုလို 5D ရုပ်ရှင်ရုံ တည်ဆောက် ရာမှာတော့ နှင်းကမ္ဘာ ဥယျာဉ် အတွင်းမှာ မဟုတ်ဘဲ ဥယျာဉ်ရဲ့ အပြင်ဘက်မှာ ဆောက်လုပ် ပြသသွားမှာ ဖြစ်ပါတယ်။ အဆိုပါ 5D ရုပ်ရှင်ရုံကို ၆ ယောက်ဆံ့ရုံ အဖြစ် ဆောက်လုပ် လျက်ရှိပြီး ရုပ်ရှင်ရုံ ၀င်ကြေး အတွက် တစ်ဦးကို ကျပ် ၁၅၀၀ သတ်မှတ် ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် နှင်းကမ္ဘာ ဥယျာဉ် ကိုတော့ ၀င်ကြေး အနေနဲ့ စနေ၊ တနင်္ဂနွေနေ့ တွေမှာ လူကြီးကျပ် ငါးထောင် ၊ ကလေးကျပ် ၃၀၀၀ နဲ့ ကြားရက်တွေ မှာတော့ လူကြီးကျပ် လေးထောင်၊ ကလေးကျပ် သုံးထောင် သတ်မှတ် ထားတာ ဖြစ်ပါတယ်။လက်ရှိမှာ ဆောက်လုပ် လျက်ရှိတဲ့ နှင်းကမ္ဘာ ဥယျာဉ်ဟာ ပထမအကြိမ် ဆောက်လုပ် ဖွင့်လှစ်ခဲ့တဲ့ ရေခဲကမ္ဘာ ဥယျာဉ် အတွင်း မပါဝင်တဲ့ နှင်းကားများ၊ နှင်းလျှောစီးမှုများ အပါအ၀င် နှင်းကျရာ နေရာကို ကိုယ်တိုင် ရောက်နေသလို ခံစားရစေမယ့် ပုံစံတွေကိုပါ ပြုလုပ်ထား တယ်လို့ သိရပါတယ်။



ဂျပန်စီးပွားရေး လုပ်ငန်းရှင်များမှ ပြည်တွင်းသို့ လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ

ဂျပန်နိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင် တော်တော် များများဟာ ပြည်တွင်းမှာ လာရောက် ရင်းနှီး မြှုပ်နှံဖို့ စိတ်ဝင်စား လျက်ရှိတယ်လို့ အောက်တိုဘာလ
၁၀ ရက်နေ့က UMFCCI မှာ ကျင်းပ ပြုလုပ် ခဲ့တဲ့ UMFCCI နဲ့ ဂျပန်နိုင်ငံ အိုဆာကာ မြို့ရှိ Kansai Economic Federation အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးပွဲမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် များဟာ ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံဖို့ အတွက် စိတ်ဝင်စား လာရတာ ကလည်း လက်ရှိ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ စနစ်ကို ကူးပြောင်း လာတဲ့ အပြောင်းအလဲ ရှိလာတာကြောင့် အရင်ကထက် ဂျပန်နိုင်ငံက စီးပွားရေး လုပ်ငန်းရှင် များက ပိုမို စိတ်ဝင်စား လာတာ ဖြစ်တယ်လို့ Kansai စီးပွားရေး ကိုယ်စားလှယ် အဖွဲ့မှ တာဝန်ရှိသူက ပြောကြား ခဲ့ပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံ မှာလည်း မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်း အခြေအနေများ အကြောင်း ရှင်းလင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အဲ့ဒီလို ဆွေးနွေးမှုများမှ သုံးသပ်ချက်များ အရ မြန်မာနိုင်ငံဟာ စီးပွားရေး လုပ်ငန်းများ အတွက် လိုအပ်တဲ့ အခြေခံ အဆောက်အအုံများ တည်ဆောက်မှု အပိုင်းဟာ အဓိက လိုအပ် နေတယ်လို့ သိရပါတယ်။ ပြည်တွင်းမှာ ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များ အနေနဲ့ Credit Card များ သုံးစွဲနိုင်ခြင်း မရှိသေး တာတွေ ဟာလည်း ဆောင်ရွက်ဖို့ လိုအပ်နေ သေးတယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့