Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 October 2012

သမ္မတကြီးနှင့် သူ၏သတင်းထောက်များ


 နေပြည်တော်၊ အောက်တိုဘာ ၂၁၊ ၂ဝ၁၂


နေပြည်တော်၏ အပူဆုံးအချိန် နေ့လယ် ၁၂ နာရီ။ ကင်မရာ အိတ်များ၊ ကွန်ပျူတာ အိတ်များ ကိုယ်စီ လွယ်ထားသော သတင်းမီဒီယာသမား အယောက် ၁ဝဝ ကျော်သည်  ချစ်ချစ်တောက် ပူနေသော အပူရှိန် ကိုလည်း ဂရုမပြုနိုင်၊ နဖူးတစ်ဝိုက် စို့နေသော ချွေးတွေကိုလည်း မသုတ်နိုင်၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ စီ စဉ်ပေးသော ဘတ်စ်ကားအိုကြီး များပေါ်တွင် နေရာယူလျက် ထွက်ခွာချိန်ကို စိတ်လှုပ်ရှားမှုကိုယ်စီဖြင့် စောင့်ဆိုင်းနေကြသည်။

တချို့က လည်း “သမ္မတကြီးကို တွေ့လို့ကတော့ ဘာတွေမေးပစ်လိုက်မယ်”ဟု တွေးကာ ရင်ခုန်နေသူများလည်း ပါသကဲ့သို့ တချို့ကလည်း သမ္မတကြီးကို အနီးကပ် ဓာတ်ပုံတွေရအောင် ဘယ်ရှုထောင့်က ရိုက်ရမည်နည်းဟု တွေးကာ ကင်မရာ တဆဆ ဖြစ်နေသူများလည်း ပါသည်။


သတင်းထောက်များ ရင်ခုန် လှုပ်ရှားမည်ဆိုပါကလည်း လှုပ်ရှားချင်စရာပင်။ ဆယ်စုနှစ်ပေါင်း များစွာအတွင်း ပထမအကြိမ် တိုင်းပြည်၏ အာဏာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးနှင့် ပြည်တွင်းမီဒီယာများ တွေ့ဆုံခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ယခင့် ယခင်သော အစိုးရများ လက်ထက်တွင် ထိုကဲ့သို့ တွေ့ဆုံခွင့်ရရှိရန် အိပ်မက် ပင် မမက်ရဲကြပေ။
မိမိထိုင်နေသော ခုံက သိမ့်ကနဲ လှုပ်သွားသည်။ မီဒီယာများလိုက်ပါ စီးနင်းလာသော ကားတန်းကြီးစတင်  ထွက်ခွာလာလေ ပြီ။ ကားပေါ်တွင် တစ်ဦးကို တစ်ဦးနောက်ပြောင်လျက်  သတင်းမီဒီယာသမားများ ပျော်ရွှင် တက်ြွကစွာ လာကြလေပြီ။ သမိုင်းဝင် တွေ့ဆုံမှုကြီးအတွက် သမ္မတ အိမ်တော်သို့ လာကြလေပြီ။
မီဒီယာသမားများ၏ ပျော်ရွှင် တက်ကြွမှုများသည် ကြာရှည်မခံ၊ အိမ်တော်ရောက်ရှိပြီး ဝင်ခွင့်ကတ် လဲလှယ် ရာတွင်ပင် အဖုအထစ်များ စတင်ကြုံတွေ့ရတော့သည်။ သတင်းထောက် ၁ဝဝ ကျော်ကို ဝင်ခွင့်ကတ်  လဲလှယ်ပေးမည့် ဝန်ထမ်းက ၂ ဦး တည်းသာ။ မဆီမဆိုင် ဆရာဇော်ဂျီ ၏ ဘဲအုပ်က တစ်ရာ၊ နှစ်ရာ မဗေဒါက တစ်ပင်တည်းဆိုသည့် ကဗျာကို သတိရလိုက်မိသေးသည်။ ထို့ကြောင့် မြန်မာပီပီ တိုးရဝှေ့ရ ပြန်သည်။ မလိုအပ်ဘဲ အချိန်တွေ လင့်ရသည်။ ဝင်ခွင့်မူဝါဒကလည်း ခိုင်မာမှုမရှိ။ အစောပိုင်းလူများက တယ်လီဖုန်း ယူခွင့်မရှိ။ နောက်ကျုတော့ ယူချင်လည်း ယူပါဟု ဖြစ် သွားသည်။ တချို့က လက်ပ်တော့ ယူခွင့်ရသည်။ တချို့ကမရ။ မြန်မာပြည်၏ ကမ္ဘာကျော် သားရေကွင်း မူဝါဒကို သမ္မတ အိမ်တော်တွင် ကျင့်သုံးနေဆဲပင်။

နာရီဝက်ခန့် ချွေးတပြိုက်ပြိုက် တိုးဝှေ့လိုက်သည့်အခါ ဝင်ခွင့်ကတ် ကလေးရရှိပါတော့သည်။ ထိုကတ် ကလေးကို လည်ပင်းတွင် ချိတ်ဆွဲကာ ခမ်းနားကြီးကျယ်လှသော သမ္မတ အိမ်တော်ထဲသို့ ခြေချခွင့်ရရှိ ခဲ့ပါပြီ။ သမ္မတကြီး ရောက် မလာခင် ရောက်ရှိနှင့်နေသော သမ္မတ ရုံးဝန်ကြီး နှစ်ပါးဖြစ်သည့် ဦးစိုးသိန်း နှင့် ဦးအောင်မင်းတို့ကို ဝိုင်းဝန်း မေးနေကြသည်။ သမ္မတရုံးမှ ဖေ့ဘွတ်မင်းသား မှူးဇော်ကို ဓာတ်ပုံ ရိုက်နေကြသည်။ ဗီဒီယို ကင်မရာ များ ထောင်ကာ အသင့်ပြင်သူက ပြင်နေကြသည်။
ထို့နောက်တွင်တော့ ဝန်ကြီး ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့က မီဒီယာသမားများကို နေရာယူစေ ကာ သမ္မတကြီး၏ မီဒီယာပွဲအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

သမ္မတကြီး အမေရိက ခရီးစဉ်မှ ပြန်ရောက်ရှိ လာသည့်အခါ ပြည်တွင်း သတင်းထောက်များမှ အပြေးအလွှား နောက်မှ လိုက်ကာ မေးခွန်းများ မေးနေရသည် ကို တွေ့ခဲ့ရ ကြောင်း၊ နိုင်ငံတကာ မီဒီယာများ ကိုတော့ အင်တာဗျူးခွင့်ပေးခဲ့ပြီး ပြည်တွင်းမီဒီယာများကို ခွင့်မပြု လျှင် မတရားသလို ဖြစ်နေကြောင်း၊  ထို့ကြောင့် ယခုပွဲကို စီစဉ်ရခြင်းဖြစ် ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ  ဝန်ကြီး နှစ်ပါးစလုံး အဓိက ပြော ကြားသည့် အကြောင်းမှာတော့ သမ္မတကြီး၏ ပထမဆုံး အကြိမ် ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံသည့် ပွဲဖြစ်သဖြင့် သမ္မတကြီး အကျပ်ရိုက်စေမည့် မေးခွန်းများ မမေးရန်နှင့် သမ္မတအဆင့် ဖြေရ မည့် မေးခွန်းများကိုသာ မေးစေလို ကြောင်း ထပ်တလဲလဲ တိုက်တွန်း ပြောကြားသွား သည်ကို သတိထား လိုက်မိသည်။

ပြန်ကြားရေးဝန်ကြီးသစ် ဦးအောင်ကြည်ကလည်း အထက်ပါ ဝန်ကြီးနှစ်ပါး၏ စကားကို ထောက်ခံကာ မီဒီယာများကို အမှာစကား အနည်းငယ် ပြောကြားခဲ့သည်။ ဝန်ကြီး သုံးပါး၏ ဩဝါဒများ ခံယူ ပြီးသွားချိန် မှာတော့ ကင်မရာမီးရောင် တဖျတ်ဖျတ် အောက်တွင် အိနြေ္ဒရရ လမ်းလျှောက်ဝင်လာ သူကတော့ သမ္မတကြီး ဦးသိန်းစိန်ပင်။

 အင်တာဗျူးမည့် ခန်းမအတွင်း ဝင်ရောက်လာသည့် သမ္မတ ဦးသိန်းစိန်

“ခင်ဗျားတို့ မီးရောင်တွေ ကြောင့် ဘာမှတောင် ကောင်းကောင်း မမြင်ရတော့ဘူး”
သမိုင်းဝင် တွေ့ဆုံမှုတွင် ပထမဆုံး ပြောကြားလိုက်သည့် သမ္မတကြီး၏ စကားဖြစ်သည်။ အဆိုပါ စကားကို သမ္မတကြီး အနေဖြင့် ရုတ်တရက် စိတ်ထဲတွင် ပေါ်လာသည့် အတိုင်း ပြောချင်လား သို့မဟုတ် ရည်ရွယ်ချက် ရှိရှိ ပြောချင်လား ဆိုသည်ကိုမူ သမ္မတကြီး မှတပါး မသိနိုင်။ မီဒီယာများကြောင့် “သမ္မတကြီးရဲ့ မြင်ကွင်းတွေ မဝေ ဝါးစေရပါဘူး”ဟု ကျွန်တော့် စိတ်ထဲတွင် ကျိတ်ပြောနေမိသည်။
“မီဒီယာဆိုတာ အစိုးရရဲ့ နား နဲ့ မျက်စိဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ဝန်ကြီးအဖွဲ့တွေကိုလည်း မီဒီယာ တွေနဲ့ ပူးပေါင်းဖို့ မီဒီယာတွေကို မကြောက်ဖို့ ပြောကြားထားပါတယ်”
သမ္မတကြီး ပြောကြားသော မီဒီယာများအပေါ် နှုတ်ခွန်းဆက် စကားများက နွေးနွေးထွေးထွေးရှိ လှသည်။

မီဒီယာကို နားနှင့်မျက်စိ ဟု တင်စားသွားသည်။ ထိုသို့ဆို လျှင် စာပေစိစစ်ရေးရုံးကိုလည်း မည်ကဲ့သို့များ တင်စားမည်နည်းဟု သမ္မတကြီးကို မေးချင်စိတ်ပေါ်လာ သည်။ ထို့အတူ မှန်ဘီလူးမီဒီယာ များ၊ လော်စပီကာ မီဒီယာများကို လည်း သတိထားသင့်ကြောင်း ပြော ကြားလိုသည်။
သမ္မတကြီးက အမေရိကား ခရီးစဉ်အတွင်း နိုင်ငံတကာ မီဒီယာ များနှင့် ဆက်ဆံခဲ့ရပုံများကို ပြန်ပြောင်း ပြောပြသည်။ အင်တာဗျူး အချို့ကြောင့် အကျပ်တွေ့ခဲ့ပုံကိုပါ ရွှန်းရွှန်းဝေဝေ ပြောကြားသည်။ အခက်ဆုံး အင်တာဗျူးမှာ ဘီဘီစီ မှ ပြုလုပ်သည့် အင်တာဗျူးဖြစ် ကြောင်း၊ နောက်မှ သိရသည်မှာ အဆိုပါ အစီအစဉ် သည် Hard Talk အစီအစဉ်ဖြစ်ပြီး အချို့ခေါင်းဆောင် များပင် လက်ရှောင်သည့် အစီအစဉ် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသွားသည်။

သမ္မတကြီး၏ သိပ်မရှည်လှသော နှုတ်ခွန်းဆက်စကားအပြီးတွင် သတင်းမီဒီယာများ စောင့်ဆိုင်းနေသည့် မေးခွန်းမေးသည့် အစီအစဉ် ကို စတင်ပါတော့သည်။ မေးခွန်း မေးသည့် အစီအစဉ်မှာ ပြည်တွင်း မီဒီယာ ၃ ခု၊ ပြည်တွင်း အခြေစိုက် ပြည်ပ မီဒီယာ ၁ ခုနှုန်းဖြင့် မီဒီယာ တစ်ခုလျှင် မေးခွန်း ၁ ခုမေးခွင့် ရသည်။ မည်သည့် ဂျာနယ်က ပထမဆုံးမေးခွန်းမေးခွင့် ရမည်နည်း ဟု မျှော်လင့်တကြီး နားစွင့်နေကြ သည်။ သမိုင်းဝင်ပွဲကြီးမှာ ပထမ ဆုံးမေးခွင့်ရသည့် မီဒီယာက မှတ် တမ်းဝင်မည် မဟုတ်လား။

ထိုအချိန်မှာပဲ မေးမြန်းခွင့်ရ မည့် မီဒီယာအမည်ကို ကြေညာ သည်။ ပထမဆုံး မေးခွင့်ရသည့် တိုက်ကတော့ 7Days ။ သူ့နောက်တွင် Eleven နှင့် Voice ။ ပြီးရင်တော့ ရိုက်တာ သတင်းဌာနမှ မေးမြန်းရမည်ဟု ကြေညာလေသည်။ ဂျာနယ်စောင်ရေပေါ်မှာများ မူတည်ပြီးတော့ ရှေ့နောက် တန်းစီထား သလားဟုပင် တွေးမိသေးသည်။ 7Days မှ မေးသည့်မေးခွန်းတွင်ပင် ပြဿနာတက်တော့သည်။ တခြား မဟုတ် မိုက်နှင့် ပြောသည့် အသံသည် လုံးထွေးနေသဖြင့် သမ္မတကြီးက ပြတ်ပြတ်သားသား မကြားရ။  ထို့ကြောင့် သူ့နားသို့ ကပ်၍ မိုက်မပါဘဲ မေးရန် သမ္မတကြီးက ပြောသည်။  ထိုအခါ မေးခွန်းများကို ထိုင်နေသည့် တခြားမီဒီယာများ မှ မကြားရတော့ပေ။ သမ္မတကြီး၏ အဖြေပေါ်တွင် မူတည်ပြီး မေးခွန်းကို ခန့်မှန်းရသည်။ ကချင်စစ်ပွဲနှင့်ပတ် သက်ပြီး မေးလိုက်ပုံရသည်။

“ကချင်စစ်သား တစ်ယောက် ကျတာလည်း တိုင်းပြည်ရဲ့ ဆုံးရှုံးမှုဖြစ်သလို မြန်မာစစ်သားတစ်ယောက် ကျတာလည်း တိုင်းပြည်ရဲ့ဆုံးရှုံးမှု ဖြစ်ပါတယ်၊ အစိုးရရဲ့စေတနာအမှန် ကို နားလည်ရင် ငြိမ်းချမ်းရေး ရမယ်လို့ ယုံကြည်ပါတယ်” သမ္မတကြီး၏ လေသံက တိုးတိုး ဖျော့ဖျော့ဖြစ်သော်လည်း နားထောင်နေသူတိုင်း ရှင်းရှင်း လင်းလင်း ကြားနိုင်သည်။ သို့သော် ထိုင်နေရာမှ ထကာ ဓာတ်ပုံရိုက်ကြသော မီဒီယာ သမားများကြောင့် ရှင်းရှင်းလင်း လင်းတော့ မမြင်ရ။ Eleven အလှည့်ရောက်သည့်အခါ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး မေးသွားပုံရသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်ပါတယ်။ အဓိကကတော့ ပြည်သူတွေ တင်မြှောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်များ အပေါ် မှာပဲ မူတည်ပါတယ်”

ထိုအဖြေကလည်း စိတ်ဝင်စားစရာ။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် ရွေးနိုင်ရန် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မှ ဖြစ်မည်။ အလားတူ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်သော မေးခွန်းကို ရိုက်တာ သတင်းဌာန မှ မေးမြန်းသွားခဲ့သည်။ မကြာသေး ခင်ကမှ အသစ်ပြန်လည်ဖွဲ့စည်းခဲ့ သော အာဏာရ ပါတီ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတွင် ဥက္ကဋ္ဌအဖြစ် ထပ်မံရွေးချယ်ခံရခြင်းသည် အခြေခံဥပဒေနှင့် ငြှိစွန်းပါသလား ဟု မေးသည်။ ထိုမေးခွန်းကို သမ္မတကြီးက “ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ ပါတီကနေ ထွက်ဖို့ မလိုပါဘူး ။ ပါတီလုပ်ငန်းတွေကိုပဲ ဝင်မလုပ်ရမှာပါ”ဟု ဖြေကြားခဲ့သကဲ့သို့ သမ္မတ သက်တမ်း တစ်ကြိမ်သာ ထမ်းရွက် လိုကြောင်းနှင့် ပြည်သူလူထု က တောင်းဆိုလာမှသာ နောက်တစ်ကြိမ် ထပ်မံအရွေးခံ မည့် အကြောင်းကိုပါ ထည့်သွင်း ဖြေကြားခဲ့သည်။

ထို့နောက်တွင်တော့ မေးခွန်း များ၊ အဖြေများနှင့် သမ္မတကြီး၏ တွေ့ဆုံပွဲသည် အသက်ဝင် လှပနေသည်။ အချို့ မေးခွန်းများကိုတော့ သမ္မတကြီးမှ စေတနာထားလွန်း၍ လားမသိ။ နာရီဝက်ကျော် အချိန်ယူကာ ပြည့်ပြည့် စုံစုံ ဖြေကြားသွားသည်။ သို့သော် မီဒီယာပေါင်းများ စွာနှင့် အမေးအဖြေလုပ်ရသည့် အခုလိုပွဲ မျိုးတွင်တော့ မေးခွန်းတစ်ခုကို ထိုမျှလောက် အချိန်ယူ ဖြေကြားရန် မသင့်ပေ။

သတင်းဓာတ်ပုံယူနေကြသည့် သတင်းထောက်များကို တွေ့ရစဉ်

မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်မှလည်း မေးခွန်းမေးခွင့် ရသည့်အခါ ကျွန်တော့် ခေါင်းထဲတွင် မေးခွန်း ၃ခု၊ ၄ ခု ပြေးလွှားနေသည်။ သမ္မတရှေ့ ရောက်သည့်တိုင် မည်သည့်မေးခွန်း ကို မေးရမည်ကို မဆုံးဖြတ်ရသေး ။ နောက်ဆုံးတွင်တော့ မြန်မာပြည်သူ အများနှင့်လည်း သက်ဆိုင်သော သမ္မတ အဆင့် ဖြေသင့်သည့် မေးခွန်း ဖြစ်သည့် တရုတ်ပြည်နှင့် ဆက်ဆံရေး မေးခွန်းကို မေးလိုက်သည်။
တရုတ်လူမျိုးများနှင့် ဖက်စပ်လုပ်သော စီမံကိန်း တော်တော်များတွင် ပြဿနာများ ဖြစ်ပွားလျက် ရှိသည်။ မြစ်ဆုံ စီမံကိန်း ကိုလည်း သမ္မတကြီး၏ အမိန့်ဖြင့် ရပ်ထားရသည်။ ယခုလည်း လက်ပံတောင်း တောင်တွင် လည်း အငြင်းပွားမှုများ  ကျယ်ပြန့်နေသည်။ ထိုကြောင့် တရုတ်ပြည်နှင့် ရှေ့လျှောက်မည်ကဲ့သို့ လက်တွဲ လုပ်ဆောင် သွားမည်နည်းဟု အဓိပ္ပာယ်ရသော မေးခွန်းကို မေးလိုက်သည်။ သမ္မတကြီးက မဆိုင်းမတွပင် “တရုတ်ပြည်က မြန်မာနိုင်ငံ ပိတ်ဆို့ခံခဲ့ရစဉ် တစ်လျှောက်လုံး အိမ်နီးချင်းကောင်း ပီသစွာ ဖေးမကူညီ ခဲ့ပါတယ်။ ကမ္ဘာ့အရေးမှာလည်း မြန်မာနိုင်ငံ ဘက်က အစစ အရာရာ ရပ်တည်ခဲ့ပါတယ်။ တချို့ အခြေအနေတွေမှာ ဗီတိုအာဏာ သုံးပြီး ပယ်ချခဲ့တဲ့အထိ လုပ်ဆောင် ပေးခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာ လူမျိုးဆိုတာကလည်း ကျေးဇူးသိတတ်တဲ့ လူမျိုးတွေပါ။ ဒါကြောင့် အနာဂတ်မှာ တရုတ်ပြည်နဲ့ ပိုမိုနွေးထွေးစွာ ဆက်ဆံသွားမှာပါ။ ဒါပေမယ့် တိုင်းပြည်ရဲ့ သယံဇာတတွေ ထုတ်ယူတဲ့နေရာ မှာတော့ သားစဉ်မြေးဆက် စားလို့ရအောင် စနစ်တကျ လုပ်သွားမှာပါ”ဟု ပညာသားပါပါ သံခင်းတမန်ခင်း ဖြေကြားသွား သည်။

အခြားသော မီဒီယာများ၏ မေးခွန်းများမှာလည်း စုံစေ့လှသည်။ ရခိုင်အရေးလည်းပါသည်။ OIC အရေးလည်း ပါသည်။ သမ္မတကြီး ကတော့ OIC ကို မြန်မာပြည်မှာ ရုံးစိုက်ခွင့်ပြုမှာ မဟုတ်ကြောင်း ပြတ်ပြတ်သားသား ဖြေသည်။ ပညာရေး၊ ကျန်းမာရေး အဆင့်အတန်း အဆမတန် နိမ့်ပါးနေသည်ကိုလည်း ဝန်ခံဖြေကြား သွားသည်။ ဖြေကြားရုံ သာမက ပညာရေး၊ ကျန်းမာရေး အဆင့် ပြန်လည်မြှင့်တင်နိုင်အောင် ကြိုးစားသွားမည့် အကြောင်းကိုပါ ကတိပြုသွားသည်။
၂ နာရီဝန်းကျင်ကြာသော သမိုင်းဝင် မီဒီယာများနှင့် တွေ့ဆုံ မှုသည် များစွာ ကျေနပ်အားရဖွယ် ကောင်းသည်။ စစ်တပ်ခေါင်းဆောင် တစ်ဦးဖြစ်ခဲ့ ဖူးသော်လည်း သမ္မတ ကြီးထံတွင် စစ်ဗိုလ် အများစုတွင် တွေ့ရတတ်သော မောက်မာ ခက်ထန် မှုမျိုး မရှိ။ မီဒီယာများအပေါ် နွေးနွေး ထွေးထွေးပျော့ပျော့ပျောင်းပျောင်း ဆက်ဆံသည်။ စကားပြော နူးညံ့ သိမ်မွေ့သည်။

အောက်ခြေမှ အရာရှိများ၊ ဝန်ထမ်းအများအနေဖြင့် သမ္မတကြီးကို များစွာ အတုယူသင့်သည်။ သမ္မတကြီး ကိုယ်တိုင် အပြောင်းအလဲကို လက်ခံကာပွင့်ပွင့်လင်းလင်းဖြေကြား ပြေဆိုနေချိန်တွင် မီဒီယာများကို ရှောင်ပုန်း နေရမည့် အချိန်မဟုတ်တော့။
ရပ်ကွက်အဆင့် ရုံးများမှသည် နေပြည်တော်ရှိ ပြည်ထောင်စုရုံးကြီးထိ ပွင့်လင်းမြင်သာမှုများ ဖြစ်ပေါ် စေလို သည်။  မီဒီယာများကို မကြောက်စေလိုတော့။ သမ္မတကြီး နှင့် သူ၏ သတင်းထောက်များက တော့ နားလည် ယုံကြည်မှုများ တည်ဆောက်နိုင်ခဲ့ပြီ။ အခြားသော ဌာနများနှင့် သတင်းထောက်များမှာ တော့…။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့