Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 16 October 2012

သတင်းတိုများ


တရုတ် ရုပ်ရှင်ပွဲတော်ကို ၆ ရက်ကြာ ပြသသွားမည်

ရန်ကုန်မြို့ နေပြည်တော် ရုပ်ရှင်ရုံမှာ တရုတ် ရုပ်ရှင် ပွဲတော်ကို အောက်တိုဘာလ ၁၅ ရက်နေ့ မှ ၂၀ ရက်နေ့ အထိ ၆ ရက်ကြာ ပြသသွားမှာ
ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုပြသရာ မှာလည်း လူငယ်တွေရဲ့ ဘ၀ကို အခြေခံ ထားတဲ့ ဇာတ်ကား၊ ကျောင်းသား ဘ၀ကို သရုပ်ဖော် ထားတဲ့ ဇာတ်ကား၊ အသက်ကြီး ရွယ်အိုတို့ရဲ့ ဘ၀ကို မီးမောင်း ထိုးပြတဲ့ ဇာတ်ကားနဲ့ မြန်မာ ပရိသတ်များ ကြိုက်နှစ်သက်ပြီး ဖြစ်တဲ့ တရုတ် သိုင်းကား အစရှိတဲ့ ရသစုံလင်အောင် ထည့်သွင်း ပြသ ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ရုပ်ရှင် ဇာတ်ကားတွေ ထဲက မှ ပွဲဦးထွက် ဇာတ်ကား အဖြစ် Aftershock ရုပ်ရှင် ဇာတ်ကားကို ပြသခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အောက်တိုဘာလ ၁၅ ရက်နေ့မှာပဲ Park Royal Hotel မှာ ကျင်းပပြုလုပ်တဲ့ ဧည့်ခံပွဲ အခမ်းအနား မှာလည်း MRTV မှာ တရုတ်ရုပ်ရှင် ဇာတ်ကားတွေ ထုတ်လွှင့်ပြသ ဖို့အတွက် သဘောတူ စာချုပ်ချုပ်ဆို လက်မှတ် ရေးထိုးခဲ့ ပါတယ်။ ဒီလို လက်မှတ် ရေးထိုး ရာမှာလည်း တရုတ်ရုပ်ရှင်ကား ၅၂ကား ပြသဖို့ အတွက် လက်မှတ် ရေးထိုး သွားမှာ ဖြစ်ပါတယ်။

အဆိုပါ လက်မှတ် ရေးထိုးမှု ကိုတော့ တရုတ်နိုင်ငံ နိုင်ငံတော် အသံလွှင့်၊ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား အထွေထွေ ဗျူရိုမှ ညွှန်ကြားရေးမှူးချုပ်နဲ့ မြန်မာနိုင်ငံ ပြန်ကြားရေး ၀န်ကြီးဌာန မြန်မာ့ရုပ်ရှင် လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး တို့မှ လက်မှတ် ရေးထိုး ခဲ့တာ ဖြစ်ပါတယ်။ အခမ်းအနား ကိုတော့ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီးနဲ့ မြန်မာနိုင်ငံ သံတမန် အရာရှိများ Aftershock ရုပ်ရှင်ကားရဲ့ ခေါင်းဆောင် မင်းသမီး ရွှီးဖန်းနဲ့ တရုတ်ရုပ်ရှင် ကိုယ်စားလှယ် အဖွဲ့နဲ့ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အနုပညာရှင်များ တက်ရောက်ခဲ့ ကြတယ်လို့ သိရပါတယ်။


နိုင်ငံပိုင် သတင်းစာ ကြော်ငြာ နှုန်းထားများ ဆယ်ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံမည်

နိုင်ငံပိုင် သတင်းစာ တွေကို ရောင်စုံ ကာလာနဲ့ ထုတ်ဝေဖို့ ဆောင်ရွက် လျက်ရှိပြီး အဲ့ဒီလို ထုတ်ဝေရာမှာ သတင်းစာ နှုန်းထားများ ပြောင်းလဲမှု မရှိပေမယ့်
သတင်းစာမှာ ထည့်သွင်းမယ့် ကြေငြာခနှုန်းထား များကိုတော့ ဆယ်ရာခိုင်နှုန်း ၀န်းကျင် တိုးမြှင့်ကာ သတ်မှတ် ကောက်ခံမှာ ဖြစ်တယ်လို့ ပြန်ကြားရေး ၀န်ကြီး ဌာန၊ စာနယ်ဇင်း လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

ဒီလို တိုးမြှင့် ကောက်ခံမှုကို အောက်တိုဘာလ ၁၉ ရက်နေ့မှာ ထုတ်ဝေမယ့် သတင်းစာက စတင်ကာ ပြောင်းလဲ ကောက်ခံ မှာဖြစ်ပြီး ရောင်စုံ ကာလာနဲ့ သတင်းစာ ထုတ်ဝေမှု ကိုတော့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ စတင်ကာ စမ်းသပ် ထုတ်ဝေမှာ ဖြစ်ပါတယ်။ ရောင်စုံ သတင်းစာ အတွက် ကြေငြာခများ တိုးမြှင့် ကောက်ခံရာမှာ စာမျက်နှာ လေးမျက်နှာ ထည့်သွင်း မှာဖြစ်ပြီး အဖြူအမည်း ကြော်ငြာစာ မျက်နှာများ အတွက် တစ်လက်မ တစ်ကော်လံကို အနည်းဆုံး ငွေကျပ် သုံးထောင်မှ အများဆုံး ငွေကျပ် နှစ်သောင်း ငါးထောင်၊ နိုင်ငံခြား ကုန်အမှတ် ကြော်ငြာများ အတွက် အမေရိကန် ဒေါ်လာ ၁၀၀ ပြောင်းလဲ သတ်မှတ် လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရောင်စုံ ကြော်ငြာ အတွက် ကိုတော့ အနည်းဆုံး ကျပ်သုံးထောင်မှ အများဆုံးကျပ် သုံးသောင်းနဲ့ နိုင်ငံခြား ကုန်အမှတ် ကြော်ငြာများ အတွက် အမေရိကန် ဒေါ်လာ ၁၀၀ သတ်မှတ် ထားတယ်လို့ သိရပါတယ်။ အခုလို ကြော်ငြာ လက်ခံရာ မှာတော့ သတင်းစာပါ စာမျက်နှာ ၁၀ ကနေ ၁၇ အထိ  ကြော်ငြာ လက်ခံမှာဖြစ်ပြီး စာမျက်နှာ ၁၈၊ ၁၉ ကိုတော့ အရင်အတိုင်း ဆက်လက် လက်ခံသွားမှာ ဖြစ်ပါတယ်။ ရှေ့စာမျက်နှာ အတွက် ကြော်ငြာ ကိုတော့ ၂ လက်မ ၆ လက်မ ကော်လံသာ လက်ခံမှာ ဖြစ်သလို နောက်စာမျက်နှာ အတွက် ကြော်ငြာကို ၃ လက်မ ၆ လက်မ ကော်လံသာ လက်ခံမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ကြော်ငြာခများ တိုးမြှင့်မှုဟာ ယခင်က အဖြူ၊ အမဲ သတင်းစာ တစ်စောင်ရဲ့ ကုန်ကျ စရိတ်မှာ ပျမ်းမျှ ၁၂၆ ကျပ်ခန့်သာ ကုန်ကျပေမယ့် ယခုရောင်စုံ သတင်းစာ အဖြစ် ပြောင်းလဲ ထုတ်ဝေရာမှာ သတင်းစာ တစ်စောင် အတွက် ငွေ ၁၄၀ ကျပ် ကျသင့်နေ တာကြောင့် တိုးမြှင့် ကောက်ခံရခြင်း ဖြစ်တယ်လို့ သိရပါတယ်။


ပညာရည် မြင့်မားရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲတွင် စာတမ်း ၁၂ စောင်ပါဝင် ဆွေးနွေးခဲ့

ပညာရေး ၀န်ကြီးဌာန၊ ရန်ကုန်ပညာရေး တက္ကသိုလ်မှာ ကျင်းပ ပြုလုပ်တဲ့ ပညာရေး တက္ကသိုလ် များရဲ့ ပညာရည် မြင့်မားရေး ဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲကို
အောက်တိုဘာလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ အထိ ပြုလုပ်လျက်ရှိရာ အဆိုပါ ဆွေးနွေးပွဲမှာ စာတမ်း ၁၂ စောင် ပါဝင်ဖတ်ကြား သွားမယ်လို့ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒီလို စာတမ်း ဖတ်ကြား ကြရာမှာ ပညာရေး ကဏ္ဍနဲ့ ပတ်သက်ပြီး ရုပ်ပိုင်း ဆိုင်ရာ ပြည့်စုံ ကောင်းမွန်ဖို့ အတွက် စာတမ်း ၃ စောင်၊ သင်ကြားမှု အရည်အသွေး မြင့်မားဖို့ အတွက် စာတမ်း ၇ စောင်၊ သုတေသန အရည်အသွေး မြင့်မားဖို့ အတွက် စာတမ်း ၁ စောင်နဲ့ ကောင်းမွန်တဲ့ သင်ယူမှု ပတ်ဝန်းကျင် ဖန်တီးမှု အတွက် စာတမ်း ၁ စောင် စုစုပေါင်း စာတမ်း ၁၂ စောင် ဖတ်ကြားမှာ ဖြစ်ပါတယ်။

အဆိုပါ စာတမ်းတွေ ကိုတော့ ရန်ကုန် ပညာရေး တက္ကသိုလ်နဲ့ စစ်ကိုင်း ပညာရေး တက္ကသိုလ်မှ ဆရာ၊ ဆရာမများက ဦးဆောင် ဆွေးနွေး ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆွေးနွေး ရတာဟာ အခြေခံပညာ ကဏ္ဍမှာ တာဝန် ထမ်းဆောင် ရမယ့် ဆရာ၊ ဆရာမတွေကို လေ့ကျင့် မွေးထုတ် ပေးနေတဲ့ ပညာရေး တက္ကသိုလ်များမှ ကျောင်းဆင်း ဘွဲ့ရများ၊ အရည်အသွေး မြင့်မား တိုးတက် လာစေဖို့နဲ့ ပညာရေး တက္ကသိုလ်များရဲ့ ပညာရည် မြင့်မားရေး ဆိုင်ရာ ဆောင်ရွက် သင့်တဲ့ လုပ်ငန်းများကို လုပ်ဆောင်ဖို့ အတွက် ဖြစ်ပါတယ်။ အဆိုပါ ဆွေးနွေးပွဲကို ပညာရေး ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီးနဲ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၊ အဆင့်မြင့် ပညာနဲ့ အခြေခံပညာ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များ၊ ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြတယ်လို့ သိရပါတယ်။
   


နိုဝင်ဘာလ အတွင်း ပြည်ပလေ ကြောင်းလိုင်းများ အပြီးပြေးဆွဲမည့် ခွင့်ပြုချက် ရရှိခဲ့

ရန်ကုန်နဲ့ တိုက်ရိုက် လေကြောင်း လိုင်းပျံသန်း နိုင်ဖို့အတွက် သက်ဆိုင်ရာက ခွင့်ပြုပြီးတဲ့ နိုင်ငံတကာ လေကြောင်း လိုင်းများဟာ အောက်တိုဘာ လမှာ
စတင် ပျံသန်း ပြေးဆွဲနေပြီး ကျန်ရှိ နေတဲ့ လေကြောင်း လိုင်းများ ကလည်း နိုဝင်ဘာ လအတွင်း အပြီးပြေးဆွဲ သွားမှာ ဖြစ်တယ်လို့ လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ပြည်တွင်းမှာ နိုင်ငံတကာ လေကြောင်း လိုင်းများ ပြေးဆွဲမှု အနေနဲ့ အရင်က ရန်ကုန်၊ မန္တလေး လေဆိပ် တွေကို လေကြောင်းလိုင်း ၁၄ လိုင်း ပြေးဆွဲနေပြီး ဖြစ်ပါတယ်။

ယခုအခါမှာ တော့ ကာတာ လေကြောင်းလိုင်း၊All Nippon Air Line ၊ Korea Air နဲ့ Condo Air Line အစရှိတဲ့ နိုင်ငံတကာ လေကြောင်းလိုင်း ၄ လိုင်းကို ပျံသန်း ပြေးဆွဲဖို့ ခွင့်ပြုပေး လိုက်တာကြောင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ တိုက်ရိုက် ပြေးဆွဲဖို့ ဆောင်ရွက် နေတာ ဖြစ်ပါတယ်။ ဒီလို ခွင့်ပြု ထားပြီးတဲ့ လေကြောင်းလိုင်း ၄ ခုအနက် ကာတာ လေကြောင်းလိုင်းနဲ့ Korea Air တို့ကတော့ ယခု အောက်တိုဘာ လအတွင်း စတင် ပြေးဆွဲနေ ပေမယ့် ကျန်လိုင်းတွေက အကြောင်း အမျိုးမျိုးကြောင့် စတင်ပြေးဆွဲမှု မရှိသေးပဲ နိုဝင်ဘာ လအတွင်းမှာမှ ပျံသန်း ပြေးဆွဲမှာ ဖြစ်တယ်လို့ သိရပါတယ်။



၂၁ ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန် ဖလား မျက်မမြင် လမ်းလျှောက်ပွဲတွင် လူဦးရေ ၇၅၀ ကျော် ပါဝင်လမ်းလျှောက်ခဲ့

နိုင်ငံတကာ မျက်မမြင် လမ်းလျှောက် တုတ်နေ့ အထိမ်းအမှတ် အဖြစ် ၂၁ ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန် ဖလား မျက်မမြင် လမ်းလျှောက်ပွဲကို
အောက်တိုဘာလ ၁၅ ရက်နေ့ မနက်က ကျင်းပရာမှာ မျက်မမြင် ကျောင်းများမှ မျက်မမြင် ဦးရေ ၇၅၀ ကျော် ပါဝင် လမ်းလျှောက်ခဲ့ တယ်လို့ သိရပါတယ်။ အဲ့ဒီ လမ်းလျှောက်ပွဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးမှ မျက်မမြင် ကျောင်းပေါင်း ၁၃ ကျောင်းမှ ပါဝင်ခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီနဲ့ အလှူရှင်များ ကလည်း အအေး၊ ရေသန့်၊ ပေါင်မုန့်၊ ဘီစကစ် အစရှိတာတွေကို အလှူဒါန ပြုလုပ်ခဲ့ ကြတယ်လို့ သိရပါတယ်။

ဒီလို လမ်းလျှောက်ပွဲ ကျင်းပခဲ့ရာမှာ ဆုရရှိသူများ ကိုလည်း ရန်ကုန်မြို့တော် ခန်းမမှာ ဆုဖလား အပါအ၀င်ဆု ၁၂ ခု ချီးမြှင့်ခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ မျက်မမြင် ကလေးများ အတွက် မျက်မှန်များ တပ်ဆင် လှူဒါန်းပေးခဲ့ကြ တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်တီ အနေနဲ့ မျက်မမြင် လမ်းလျှောက် ပွဲကို နှစ်စဉ် ကျင်းပ ပြုလုပ်ပေး လျက်ရှိပြီး ယခု အကြိမ်ဟာ ၂၁ ကြိမ်မြောက် ကျင်းပ ပြုလုပ်တဲ့ ပွဲဖြစ်တယ်လို့ သတင်း ရရှိပါတယ်။



အောက်တိုဘာလ ၂၀ ရက်နေ့တွင် ငွေနှင်းကမ္ဘာ ဥယျာဉ် စတင် ဖွင့်လှစ်မည်

ကန်တော်ကြီး ဥယျာဉ် အတွင်းရှိ ပျော်ရွှင်စရာ ရေခဲကမ္ဘာကို ပြင်ဆင် ဆောက်လုပ် ပြုပြင် ထားတဲ့ ငွေနှင်းကမ္ဘာ ဥယျာဉ်ကို လာမယ့် အောက်တိုဘာလ
၂၀ ရက်နေ့မှာ စတင် ဖွင့်လှစ်မယ်လို့ Asia Myanmar Constoriim Development Co.,Ltd မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ငွေနှင်းကမ္ဘာ ဥယျာဉ်ဟာ ကလေးများ အတွက် The Smurf ရုပ်ထု လေးများ၊ အန်းဂရီးဘတ် ရုပ်ထုများ၊ နှင်းရုပ်ထုများ အပြင် မြန်မာ-တရုတ် ပန်းပုလက်ရာ များနဲ့ တရုတ်နိုင်ငံ မဟာ တံတိုင်း ပုံစံများကိုပါ ထုလုပ်ပြသ သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နှင်းကမ္ဘာ အတွင်း ပျော်ရွှင်စွာ လည်ပတ် ဆော့ကစား နိုင်အောင် နှင်းကားများ၊ နှင်းလျှောစီးမှုများ အစရှိတာ တွေကိုပါ စီးနင်းနိုင် အောင်လည်း ပြုလုပ်ပေး ထားတာ ဖြစ်ပါတယ်။ ဒါတင်မကဘဲ အဆိုပါ နှင်းကမ္ဘာ ဥယျာဉ်ရဲ့ အပြင်ဘက်မှာ လူဦးရေ ၆ ဦးဆံ့တဲ့ 5D ရုပ်ရှင်ရုံကိုပါ ထည့်သွင်း ဆောက်လုပ် ထားပြီး နောက်ပိုင်းမှာ ပြသသွားမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ရုံ ဖွင့်လှစ်ပြသတဲ့ အခါမှာတော့ ရုပ်ရှင်ရုံဝင်ကြေး အတွက် တစ်ဦးကို ကျပ် ၁၅၀၀ သတ်မှတ် ထားတယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ အောက်တိုဘာလ ၂၀ ရက်နေ့မှာ နှင်းကမ္ဘာ ဥယျာဉ် ဖွင့်လှစ်မှု အတွက် ၀င်ကြေး အနေနဲ့ စနေ၊ တနင်္ဂနွေနဲ့ အစိုးရ ရုံးပိတ်တို့မှာ လူကြီးကျပ် ငါးထောင်၊ ကလေးကျပ် ၃၀၀၀နဲ့ ကြားရက်တွေ မှာတော့ လူကြီးကျပ် လေးထောင်၊ ကလေးကျပ် ၃၀၀၀ သတ်မှတ် ရောင်းချပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


သာကေတ သဘာဝ ဓါတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံအား ၄ နှစ်အတွင်း အပြီး ဆောက်လုပ်မည်

သာကေတ မြို့နယ်မှာ ဆောက်လုပ် လျက်ရှိတဲ့ သဘာဝ ဓါတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံနှင့် စွန့်ပစ် အပူသုံး ဓါတ်အားပေး စက်ကို လာမယ့်
၂၀၁၆ ခုနှစ်မှာ အပြီး ဆောက်လုပ် သွားမှာ ဖြစ်တယ်လို့ နေပြည်တော်ရှိ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ဓါတ်အားပေး စက်ရုံကို ကိုရီးယား နိုင်ငံမှ Busan Korea Biotechnology Company က တာဝန်ယူ ဆောက်လုပ်တာ ဖြစ်ပြီး ပြီးစီးပါက လျှပ်စစ်ဓါတ်အား ၅၀၀ မဂ္ဂါဝပ် ထုတ်လုပ် ရရှိမှာ ဖြစ်ပါတယ်။

အခု လက်ရှိမှာတော့ ဓါတ်အားပေး စက်ရုံကို စတင် ဆောင်ရွက်နေပြီး စီမံကိန်း အဆင့် အလိုက် ပြီးစီးမှု အနေနဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်မှာ ရန်ကုန်တိုင်း ဒေသကြီး အတွက် လျှပ်စစ် ဓါတ်အား ၁၆၆ မဂ္ဂါဝပ် စတင်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ ဓါတ်အားပေး စက်ရုံမှ စွန့်ပစ် အပူသုံး ဓါတ်အားပေး စက်ဟာ ဂက်စ် တာဘိုင်မှ ဓါတ်ငွေ့နဲ့ လေပေါက်ကွဲမှုရဲ့ အိတ်ဇောမှ တဆင့် ရရှိတဲ့အပူ ၅၀၀ ဒီဂရီ စင်တီဂရိတ်နဲ့ Boiler ကို အပူပေးပြီး ရရှိလာတဲ့ ရေနွေးငွေ့နဲ့ လည်ပတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ သဘာဝ ဓါတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံမှ ရရှိလာမယ့် လျှပ်စစ် ဓါတ်အား ၅၀၀ မဂ္ဂါဝပ်ဟာ ရန်ကုန်တိုင်း ဒေသကြီး အတွက် အသုံးပြုမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


မူဆယ်ဆန် ကုန်စည် ဒိုင်အား ၂၀၁၃ ခုနှစ်တွင် ဖွင့်လှစ် နိုင်ရန် စီစဉ်လျက်ရှိ

မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းချုပ်မှ ဦးစီးပြီး ရှမ်းပြည်နယ်၊ မူဆယ်မြို့မှာ လာမယ့် ၂၀၁၃ ခုနှစ်အတွင်း ဆန်ကုန်စည် ဒိုင်ဖွင့်လှစ်ဖို့ အတွက်
စီစဉ် ဆောင်ရွက် လျက်ရှိတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းချူပ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ယခု လက်ရှိ မှာတော့ ရန်ကုန်တိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး အစရှိတဲ့ နေရာတွေမှာ ဆန်ကုန်စည် ဒိုင်များ ဆောက်လုပ် ထားပြီး ဖြစ်ပါတယ်။

မူဆယ်မြို့မှာ ဆန်ကုန်စည်ဒိုင် ဆောက်လုပ်ခြင်း မှာတော့ မြန်မာနိုင်ငံရဲ့ ပို့ကုန် အများစုဟာ တရုတ်ပြည်ကို အများဆုံး တင်ပို့ နေတာ ဖြစ်ပြီး ဆန်တင်ပို့ရာ မှာလည်း ပြည်ပကို တစ်နှစ် ဆန်တန်ချိန် လေးသိန်းလောက် တင်ပို့ရာမှာ တန်ချိန် နှစ်သိန်း ခန့်မှာ မူဆယ်ဘက်မှ တဆင့် တရုတ်ပြည်သို့ အများဆုံး တင်ပို့နေတဲ့ အတွက် မူဆယ်မှာ ယခုလို ဆန်ကုန်စည်ဒိုင် တည်ဆောက်ဖို့စီစဉ်တာ ဖြစ်ပါတယ်။ ယခု လက်ရှိမှာ မူဆယ် ဆန်ကုန်စည်ဒိုင် ဆောက်လုပ်ဖို့ အတွက် နေရာရွေးချယ် ခြင်းများကို တာဝန်ရှိ သူများက ဆောင်ရွက် လျက်ရှိပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဆောက်လုပ်ပြီးတဲ့ ဆန်ကုန်စည်ဒိုင်များ အနေနဲ့လည်း တောင်သူ လယ်သမားများ အတွက် ဆန်စပါး ကဏ္ဍနဲ့ ပတ်သက်ပြီး ရောင်းခြင်း၊ ၀ယ်ခြင်း၊ ဈေးနှုန်း သတ်မှတ်ပေးခြင်း စတာတွေကို ဆောင်ရွက်ပေး နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်ပိုင်း မှာလည်း ဆန်ကုန်စည်ဒိုင် ဆောက်လုပ်မှု တွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီး အလိုက် ဆောက်လုပ်နိုင်ရန် ကြိုးပမ်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။



အဆင့်မြင့်ပညာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် လုပ်ငန်းစဉ် ၁၃ ရပ် ချမှတ် ဆောင်ရွက် လျက်ရှိ

အဆင့်မြင့် ပညာရေး ကဏ္ဍ မြင့်မားရေး တိုးတက်ရေး အတွက် အကောင်အထည် ဖော်ဆောင် ရွက်ရာမှာ လုပ်ငန်းစဉ် ၁၃ ရပ် ချမှတ် ဆောင်ရွက်
လျက်ရှိတယ်လို့ အောက်တိုဘာလ ၁၅ ရက်နေ့က ပညာရေး တက္ကသိုလ်မှာ ကျင်းပ ပြုလုပ်တဲ့ ပညာရည် မြင့်မားရေး ဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲမှာ ပညာရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဆိုပါ လုပ်ငန်းစဉ် ၁၃ ရပ်ဖြစ်တဲ့ တက္ကသိုလ် ဆရာ၊ ဆရာမများရဲ့ သင်ကြားမှု အရည်အသွေး မြှင့်တင်ရေး၊ ကျောင်းသား၊ ကျောင်းသူများရဲ့ အရည်အသွေး မြင့်မားရေး အတွက် ပညာရေး ၀န်ဆောင်မှု လုပ်ငန်းများမှာ ပုဂ္ဂလိက အခန်းကဏ္ဍမှ ပါဝင်နိုင်ရေး အတွက် သက်ဆိုင်ရာ ဥပဒေများ ထုတ်ပြန် ပြဋ္ဌာန်း ဆောင်ရွက်ရေးစတဲ့ ချက်တွေကို ဆောင်ရွက်လျက် ရှိပါတယ်။

ဒါ့အပြင် နိုင်ငံတကာ တက္ကသိုလ်များနဲ့ ချိတ်ဆက် ဆောင်ရွက် နိုင်တဲ့ Online Library နဲ့ အင်တာနက် ချိတ်ဆက်မှု ကွန်ရက်များ မြှင့်တင် ဆောင်ရွက်ရေး၊ အင်္ဂလိပ်စာ သင်ကြားမှုနဲ့ နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်၊ ဥပဒေ ဘာသာရပ်၊ စီးပွားရေး ဘာသာရပ် သင်ကြားမှုများကို အဆင့် မြှင့်တင်ရေး အခြေခံ သိပ္ပံ ပညာရည်ချွန်ဆုနဲ့ အခြေခံဝိဇ္ဇာ ပညာချွန်ဆုများ ချီးမြှင့်ပြီး ဘာသာရပ် အလိုက် ထူးချွန်တဲ့ ပညာရှင်များ မွေးထုတ်ပေးရန် အစရှိတဲ့ လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။

အခု ကျင်းပလျက် ရှိတဲ့ အလုပ်ရုံ ဆွေးနွေးပွဲကို အဆိုပါ လုပ်ငန်းစဉ် များကို အလျင်အမြန် ဆောင်ရွက်မယ့် အစီအစဉ်များ ဦးစားပေး ဆောင်ရွက်ဖို့ အတွက် ကျင်းပတာ ဖြစ်ပါတယ်။  အဆိုပါ ညှိနှိုင်း ဆွေးနွေးပွဲကို အောက်တိုဘာလ ၁၅ရက်မှ ၁၆ ရက်နေ့အထိ ရန်ကုန်ပညာရေး တက္ကသိုလ်မှာ ပညာရေး ၀န်ကြီးဌာန၊ ရန်ကုန်ပညာရေး တက္ကသိုလ်နဲ့ စစ်ကိုင်း ပညာရေး တက္ကသိုလ် အပါအ၀င် တာဝန်ရှိ သူများမှ ဆွေးနွေးမှုများ လျက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့