Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 18 October 2012

သားခွဲ အသားတိုး ၀က်များကို လဆိုင်း စနစ်များဖြင့် ရောင်းချပေး လျက်ရှိ


ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျော့ချနိုင်ရေး လုပ်ငန်းများ အတွက် ဒေသ အသီးသီးမှာ ရှိတဲ့ မွေးမြူရေး ကုန်ထုတ် သမ၀ါယမ အသင်း
အစုအဖွဲ့များကို သားခွဲ အသားတိုး ၀က်များကို အစုဖွဲ့ စနစ်နဲ့ ၆ လဆိုင်း၊ ၈ လဆိုင်း စနစ် ရောင်းချ ပေးနေပြီ ဖြစ်တယ်လို့ မွေးမြူရေး၊ အစားအစာနှင့် နို့ထွက် ပစ္စည်း လုပ်ငန်း စီးပွားရေး အဖွဲ့အစည်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

အခုလက်ရှိ မွေးမြူရေး၊ အစားအစာနှင့် နို့ထွက် ပစ္စည်း လုပ်ငန်း မှာတော့ အသားတိုးဝက် ကောင်ရေ စုစုပေါင်း ၄ သောင်းကျော် ရှိနေပြီး ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ ကရင်၊ နေပြည်တော် ကောင်စီ နယ်မြေ၊ ဧရာဝတီနဲ့ ရှမ်းပြည်နယ် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ စုစုပေါင်း ၀က်ကောင်ရေ လေးထောင် ၀န်းကျင်ထိ တင်ပို့ ရောင်းချပြီး ဖြစ်ပါတယ်။ အဲ့ဒီဒေသတွေ အပြင် ကျန်ဒေသ တွေကိုပါ တင်ပို့ ရောင်းချပေး သွားမှာ ဖြစ်ပါတယ်။ ဒီလို ရောင်းချရာမှာ သားခွဲဝက် ကိုယ်အလေးချိန် ကိုးပိဿာ တစ်ကောင်ကို ကျပ်ခြောက်သောင်း နှစ်ထောင်နဲ့ ၁၂ ပိဿာ တစ်ကောင်ကို ခုနှစ်သောင်း နှစ်ထောင် ကျပ်နှုန်းနဲ့ ရောင်းချပေး သွားမှာ ဖြစ်ပါတယ်။ ဒီလို ရောင်းချရာ မှာတော့ ၈ လဆိုင်းနဲ့ ရောင်းချ ပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သားခွဲဝက်ကိုယ် အလေးချိန် ၁၅ ပိဿာ တစ်ကောင်ကို ရှစ်သောင်း နှစ်ထောင် ကျပ်နှုန်းနဲ့ ၆ လဆိုင်း စနစ်နဲ့ ကျေးရွာ အရောက်ပို့ ရောင်းချ ပေးတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အခုလို လဆိုင်းစနစ်နဲ့ ၀ယ်ယူချင်သူများ အနေနဲ့ မြို့နယ် အသီးသီးရှိ သမ၀ါယမ ဦးစီးဌာနနဲ့ ဆက်သွယ်ပြီး မွေးမြူရေး အစုအဖွဲ့ ဖွဲ့ရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို အဖွဲ့အစည်း ဖွဲ့ပြီးမှသာ ၆ လဆိုင်း၊ ၈ လဆိုင်းနဲ့ ရောင်းချပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနက အသားတိုး ၀က်များကို စာရင်းမှတ် စနစ်နဲ့ လဆိုင်း သမ၀ါယမ ၀န်ကြီးဌာနရဲ့ ထောက်ခံချက်နဲ့ အကြွေး ရောင်းချပေးနေပြီး အဆိုပါ မတည် ရင်းနှီးပေးတဲ့ ငွေတွေကို မိမိမွေးမြူ ထားတဲ့ အကောင်ရေ သက်တမ်း ပြည့်ပြီး ဈေးကွက်ကို ထုတ်ရောင်း တဲ့အခါမှ ပြန်လည် ပေးဆပ် သွားရမှာ ဖြစ်ပါတယ်။

ပထမအကြိမ် ၀ယ်ယူ ထားတဲ့ အကြွေးကြေ သွားပြီး ဒုတိယ အကြိမ် ပြန်လည် မွေးမြူလိုပါက ပထမအကြိမ် အတိုင်းပဲ သက်ဆိုင်ရာ ၀န်ကြီးဌာနက ကူညီပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၀က်ပေါက် တွေကို ပြည်ပနိုင်ငံက မှာယူတာ ဖြစ်ပြီး ပြည်တွင်း ရောက်မှ မျိုးပွားပြီး ရောင်းချနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လဆိုင်း စနစ်နဲ့ ၀က်မွေးမြူ ရောင်းချလို သူတွေဟာ မွေးမြူရေး၊ အစားအစာနှင့် နို့ထွက် ပစ္စည်း လုပ်ငန်း ဖုန်းနံပါတ် ၀၀၆၇-၄၀၈၀၆၀ နေပြည်တော်၊ ၀၁-၆၄၀၂၄၄၊ ၀၉-၅၁၉၅၉၃၆ ရန်ကုန် တို့ကို ဆက်သွယ် မေးမြန်း စုံစမ်း နိုင်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့