Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 17 October 2012

သတင်းတိုများ


ဈေးကွက် အတွင်း ငါးစာအဖြစ် အသုံးပြုသော ဆီထွက်သီးနှံ အစာကုန်ကြမ်းများ ပြတ်လပ်နေ

ပြည်တွင်းမှာ ငါးစာ အဖြစ် အသုံးပြုတဲ့ ဆီထွက် သီးနှံ အစာကုန်ကြမ်း များဖြစ်တဲ့ ပဲဖတ်၊ နှမ်းဖတ်၊ ပဲပုတ်ဖတ် စတာတွေဟာ ဈေးနှုန်းများ မြင့်တက် လာပြီး
ဈေးကွက် အတွင်း ၀ယ်ယူလို့ မရဘဲ ပြတ်လပ်မှုများ ရှိနေတယ်လို့ မြန်မာနိုင်ငံငါး၊ ပုစွန်အစာ ထုတ်လုပ် ရောင်းချသူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ယခုလ အတွင်း အခုလို ပစ္စည်း ပြတ်လပ်မှု သာမက အစာဈေးနှုန်း တွေမှာ ပဲဖတ် ၁ ပိဿာကို ကျပ် တစ်ထောင့် တစ်ရာ၊ နှမ်းဖတ် ၁ ပိဿာကို ၉၉၀ နဲ့ ပဲပုတ် ၁ ပိဿာကို ကျပ် တစ်ထောင့် တစ်ရာ အထိ မြင့်တက်လာ ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆီထွက် သီးနှံများရဲ့ ဈေးနှုန်းနဲ့ နှိုင်းယှဉ် ရင်လည်း ၂ ဆခန့် မြင့်တက် သွားတာ ဖြစ်ပါတယ်။ အခုလို ငါးအစာ ဈေးနှုန်း မြင့်တက်မှုမှာ ပြီးခဲ့တဲ့ နှစ်အလားတူ ကာလ ဈေးနှုန်း ထက်လည်း နှစ်ဆခန့် ကွာခြား သွားခဲ့တာ ဖြစ်ပါတယ်။ ဈေးကွက် အတွင်း အခုလို ဆီထွက်သီးနှံ အစာ ကုန်ကြမ်းများ ဈေးများ မြင့်တက်ပြီး ပြတ်လပ် နေပေမယ့် အခြား အစာကုန်ကြမ်း များဖြစ်တဲ့ ပြောင်းနဲ့ ဆန်ကွဲ ဈေးနှုန်းများ မှာတော့ ကျဆင်းကာ အရောင်းအ၀ယ် အေးလျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို အရောင်းအ၀ယ် အေးပြီး ဈေးနှုန်း ကျဆင်းရာမှာ ပြောင်းဈေးနှုန်းဟာ ၁ ပိဿာကို ကျပ် ၅၀၀ မှ ၃၈၈ ကျပ်သို့ ကျဆင်းသွားပြီး ဆန်ကွဲ ဈေးနှုန်း မှာတော့ ၁ ပိဿာကို ကျပ် ၄၃၀ မှ ၄၁၀ သို့ ကျဆင်းကာ၊ ဖွဲနု ၁ ပိဿာ ကိုတော့ ၃၁၅ ကျပ်မှ ကျပ် ၂၇၀ သို့ ကျဆင်း သွားတာ ဖြစ်ပါတယ်။

အခုလို ပြောင်းနဲ့ ဆန်ကွဲ ကျဆင်းသွားရ တာဟာ ယခုအချိန်ဟာ ပြောင်းထွက်ချိန် ကာလ ဖြစ်ပြီး ရှမ်းပြည် တောင်ပိုင်းနဲ့ မြောက်ပိုင်း များမှ ပြောင်းများ ၀င်ရောက် လာတာကြောင့် ဖြစ်တယ် လို့လည်း သိရပါတယ်။ အခုလို ဈေးကွက် အတွင်း အသုံးများတဲ့ ဆီထွက် သီးနှံ အစာ ကုန်ကြမ်းများရဲ့ တိုးမြှင့် လာတဲ့ ဈေးနှုန်းများနဲ့ ကုန်ကြမ်း ပြတ်လပ်မှု များကြောင့် အစာစက်ရုံ အချို့ရဲ့ လုပ်ငန်းများ ရပ်နား ထားရပြီး အချို့ မှာလည်း လုပ်ငန်း လည်ပတ်မှု အနည်းငယ်သာ ရှိတယ်လို့ သတင်း ရရှိပါတယ်။


ရန်ကုန်မြို့တွင် ဈေးဝယ် စင်တာနှင့် ပုဂ္ဂလိက စာသင်ကျောင်းများ အသစ်ဖော်ဆောင် ရန်ရှိ

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဈေးဝယ် စင်တာနဲ့ ပုဂ္ဂလိက စာသင်ကျောင်း အသစ်များ ဖော်ဆောင်ဖို့ အတွက် အချို့သော အဆောက်အအုံနဲ့ မြေကွက်
များမှ အဆိုပြု တင်ဒါ ခေါ်ယူ လျက်ရှိ တယ်လို့ သိရပါတယ်။ ဒီလို အဆိုပြု တင်ဒါ ခေါ်ယူရာမှာ ဈေးဝယ် စင်တာနဲ့ ပုဂ္ဂလိက စာသင်ကျောင်းများ အပြင် အဆိုပါ နေရာများမှာ ဟိုတယ်နဲ့ အထူးကု ဆေးရုံ လုပ်ငန်းများ ကိုပါ ဆောင်ရွက် သွားဖို့ ရှိတာ ဖြစ်ပါတယ်။

အခုလို ဆောင်ရွက်မယ့် နေရာတွေ ကတော့ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မရမ်းကုန်း မြို့နယ်၊ လှိုင်မြို့နယ်၊ ရန်ကင်း မြို့နယ် ဗဟန်း မြို့နယ်နဲ့ ဒဂုံမြို့နယ် တို့မှာ ရှိတဲ့ မြေနေရာ အချို့မှာ ခေါ်ယူ ထားတာ ဖြစ်ပါတယ်။ အဆိုပါ နေရာတွေမှာ တိုးချဲ့မယ့် လုပ်ငန်းများ ဆောင်ရွက် နိုင်ဖို့ အတွက် ကိုတော့  အဆောက် အအုံနဲ့ မြေကွက်တွေကို နှစ်ရှည် ငှားရမ်း ပေးသွားမှာ ဖြစ်ပါတယ်။

လုပ်ငန်းများ ဆောင်ရွက် လိုတဲ့ ပြည်တွင်းမှ တိုင်းရင်းသား လုပ်ငန်းရှင် တွေဟာ မိမိတို့ ဆောင်ရွက်လိုတဲ့ လုပ်ငန်းဆိုင်ရာ အဆိုပြုလွှာ များကို နိုဝင်ဘာလ ၁၆ ရက်နေ့ နောက်ဆုံး ထားပြီး စစ်ထောက်ချုပ်ရုံး၊ ရုံးအမှတ် ၉ နေပြည်တော်ကို ပေးပို့နိုင်တာ ဖြစ်ပါတယ်။ အခုလို တင်ဒါ ပေးပို့ တင်သွင်း လိုရင်တော့ ကုမ္ပဏီ အမည်၊ ငှားရမ်း လိုတဲ့ စနစ်၊ ငှားရမ်းခ နှုန်းထား၊ မြေအသုံးချခ နှုန်းထား၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ၊ ဆောင်ရွက် လိုတဲ့ လုပ်ငန်းနဲ့ ကုမ္ပဏီ မှတ်ပုံတင် အပါအ၀င် ငွေကြေး ပိုင်ဆိုင်မှုများ ထည့်သွင်း ဖော်ပြနေရမှာ ဖြစ်တယ်လို့ သိရပါတယ်။



သီတင်းကျွတ်ရာသီ ဖယောင်းတိုင် ဈေးကွက်တွင် ပုံမှန်ဈေးထက် လျှော့ရောင်းချပေးနေ

ယခု ကာလဟာ သီတင်းကျွတ် ရာသီကို ရောက်ရှိ လာတဲ့ အတွက် ဖရောင်းတိုင် ဈေးကွက်တွေ ကောင်းမွန် လျက်ရှိပြီး ရောင်းချ သူတွေဟာ ဖယောင်းတိုင်
ဈေးနှုန်းများကို ပုံမှန်ထက် လျှော့ချကာ ရောင်းချ လျက်ရှိတယ်လို့ သိမ်ကြီးဈေး ဖယောင်းတိုင် ဈေးကွက် အတွင်းမှ သိရပါတယ်။ ဒီလိုဈေးနှုန်း လျှော့ချ ရောင်းချတာဟာ သီတင်းကျွတ် ကာလ အတွင်း ဖယောင်းတိုင် ရောင်းချ သူတွေလည်း များပြားလာ တာကြောင့် သီတင်းကျွတ်၊ တန်ဆောင်တိုင် ရာသီကုန် သွားတဲ့အခါ ဆိုင်တွေမှာ လက်ကျန် မရှိစေဖို့ အတွက်လည်း ဖြစ်ပါတယ်။

ဖယောင်းတိုင် ဈေးကွက် အရောင်းသွက်တဲ့ ရာသီဟာ ၀ါဆိုလမှ တန်ဆောင်မုန်း လအထိဖြစ်ပြီး ဥပုသ်နေ့ တွေမှာ ပိုမိုရောင်းအား ကောင်းတယ်လို့ သိရပါတယ်။ ဒီလို ရောင်းအား ကောင်းတဲ့ ဖယောင်းတိုင် အရွယ်အစား ကတော့ အသေးဆုံး ဖယောင်းတိုင် ထုပ်များနဲ့ ရောင်စုံ ဖယောင်းတိုင် ထုပ်လေး တွေက ဈေးကွက် အတွင်း ပစ္စည်းပြတ် တဲ့အထိ ရောင်းအား ကောင်းတာ ဖြစ်ပါတယ်။ ဈေးကွက် အတွင်းရှိ ဖယောင်းတိုင်တွေ ကတော့ တစ်ထုပ်ကို အနည်းဆုံး ၁၅၀ ကျပ်မှ အများဆုံး ကျပ် ခြောက်သောင်း ကျပ်အထိ အစားစား ရှိပြီး ကျပ် ၂၀၀ ၀န်းကျင် ဖယောင်းတိုင်တွေ ကတော့ ပိုမို အရောင်းသွက် တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဈေးဝယ် စင်တာတွေ မှာလည်း သီတင်းကျွတ် ရာသီအတွက် ပရိုမိုးရှင်း အစီအစဉ် တွေနဲ့ ကုန်ပစ္စည်း ရောင်းချမှုများ ပြုလုပ်လျက် ရှိတာလည်း ဖြစ်ပါတယ်။ အခုလို ရောင်းချမှုမှာ သီတင်းကျွတ် ကာလ ကန်တော့ခံ ပစ္စည်းတွေ ဖြစ်တဲ့ မုန့်ပုံးများ၊ အ၀တ်အထည်များ၊ သစ်သီးခြင်းများနဲ့ အခြား အသုံးအဆောင် များကို သီးသန့် ပြင်ဆင် ရောင်းချမှု တွေပြုလုပ် လျက်ရှိတာ ဖြစ်ပါတယ်။ အခုလို ၀ါကျွတ် ကာလ အထူး အစီအစဉ်နဲ့ ရောင်းချမှုမှာ ပြင်ဆင် ထည့်သွင်း ထားတဲ့ ပစ္စည်းနဲ့ လျှော့ချတဲ့ ဈေးနှုန်းတွေ ကတော့ ဈေးဝယ် စင်တာ တစ်ခုနဲ့ တစ်ခု အနည်းငယ် ကွာခြားမှု ရှိတယ်လို့ သိရပါတယ်။


အခြေခံ လူတန်းစားများ အတွက် လူမှုဖူလုံရေး အိမ်ရာစီမံကိန်းကို အကောင်အထည် ဖော်မည်

အလုပ်သမား ၀န်ကြီး ဌာနမှ အကောင်အထည် ဖော်မယ့် လူမှုဖူလုံရေး အိမ်ရာ စီမံကိန်းကို အခြေခံ လူတန်းစားများ အတွက် အကောင်အထည် ဖော်ဆောင်မှာ
ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို အိမ်ရာ စီမံကိန်း အတွက်လည်း အောက်တိုဘာလ ၁၆ ရက်နေ့က အင်းယားလိတ် ဟိုတယ်မှာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ် ခဲ့ပါတယ်။ ဒီလို ပြုလုပ်ရ တာဟာ လူမှုဖူလုံရေး အိမ်ရာ စီမံကိန်း အကောင်အထည် ဖော်နိုင်ဖို့ နည်းဥပဒေ အတွင်း အသေးစိတ် အချက်အလက် များကို ထည့်သွင်း ရေးဆွဲနိုင်အောင် ဖြစ်ပါတယ်။

အဲ့ဒီ ဆွေးနွေး မှုအရ အခြေခံ လူတန်းစားများရဲ့ လစာ အတန်းအစား အပေါ် မူတည် ၀ယ်ယူနိုင်မယ့် အိမ်ရာကို သတ်မှတ် ပေးခြင်း၊ အဆောက်အအုံ ဆောက်လုပ် နိုင်ဖို့အတွက် နှစ်ရှည် ငွေချေးငှား နိုင်မယ့် ပြည်တွင်း ဘဏ်များ၊ ပြည်ပ အကူအညီများ၊ အထောက်အပံ့များ ရယူဖို့တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ရာ စီမံကိန်းမှာ နေထိုင်ခွင့် ရယူပြီးမှ ကျန်ငွေ ပေးသွင်းမှု မပြုသူတွေကို ဥပဒေ အကြောင်းအရ ဆောင်ရွက်သင့်တဲ့ အကြောင်းအရာ တွေကိုလည်း ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို ဆွေးနွေး ရာမှာတော့ ရရှိလာတဲ့ အချက်အလက် တွေကို သုံးသပ်ပြီး အဆိုပါ လူမှုဖူလုံရေး အိမ်ရာ စီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်မှာ ဖြစ်ပါတယ်။ ကျင်းပခဲ့တဲ့ အလုပ်ရုံ ဆွေးနွေးပွဲ ကိုတော့ အလုပ်သမား ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး၊ လူမှုဖူလုံရေး အိမ်ရာ စီမံကိန်း ဖော်ဆောင်ရေးမှ တာဝန်ရှိသူများ ဆောက်လုပ်ရေး ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များနဲ့ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။


စားသောက်ကုန် အရည်အသွေးများ စစ်ဆေးရန် အတွက် ခေတ်မီ စက်နှစ်လုံး ၀ယ်ယူသွားမည်

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ လက်အောက်ရှိ ဈေးများ အတွင်း ရောင်းချ လျက်ရှိတဲ့ စားသောက်ကုန် အမျိုးမျိုးရဲ့ အရည်အသွေး
ပြည့်မီမှု ရှိ၊ မရှိ စစ်ဆေးဖို့ အတွက် ခေတ်မီ စက်နှစ်လုံး ၀ယ်ယူ သွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ကျန်းမာရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ၀ယ်ယူရာမှာ စက်တစ်လုံးဟာ စားသောက်ကုန်များ အတွင်း အရောင်ဆိုးဆေး၊ ဓာတုဆိုးဆေး ပါဝင်မှု ရှိ၊ မရှိ စစ်ဆေးဖို့နဲ့ တစ်လုံး ကတော့ ပြည်သူတွေ နေ့စဉ် စားသုံးမှုမှာ ပါဝင်တဲ့ စားသုံးဆီ အမျိုးမျိုးရဲ့ အရည်အသွေးနဲ့ ကျန်းမာရေး ညီညွတ်မှု ရှိ၊ မရှိ စစ်ဆေး နိုင်ဖို့ကို  အသုံးပြုမှာ ဖြစ်ပါတယ်။

အဆိုပါစက် ၂ လုံး ကိုတော့ ဂျပန်နိုင်ငံမှ ၀ယ်ယူ ထားတာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလမှာ ပြည်တွင်းသို့ ရောက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို စက်များ ရောက်ရှိ လာပြီးရင်တော့ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ စတင်ကာ အသုံးပြု စစ်ဆေး သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ အဆိုပါ စက်များ အသုံးပြုဖို့ အတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ကျန်းမာရေး ဌာန အောက်ရှိ B.E (Chemical) ရ ၀န်ထမ်းများကို သင်တန်းများ ပို့ချ ပေးသွားမှာ ဖြစ်ပါတယ်။

အခုလိုခေတ်မီစက်များ ၀ယ်ယူပြီး စားသောက်ကုန် စစ်ဆေးဖို့ စီစဉ်ရ တာဟာ လာမယ့် SeaGame ပြိုင်ပွဲမှာ ပြည်တွင်းကို လာရောက်ကြမယ့် ပြည်ပ ဧည့်သည်များနဲ့ ပြည်သူတွေ အနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဘေးအန္တရာယ် ကင်းတဲ့ အစားအစာ များကို စိတ်ချစွာ ၀ယ်ယူ စားသောက် နိုင်စေဖို့ ဖြစ်တယ်လို့ သိရပါတယ်။



လူဦးရေ ကန့်သတ်ချက်ကြောင့် နည်းပညာ တက္ကသိုလ် ဘွဲ့ကြို သင်တန်း ၀င်ခွင့်ရမှတ် မြင့်တက်

ရန်ကုန် နည်းပညာ တက္ကသိုလ်နဲ့ မန္တလေး နည်းပညာ တက္ကသိုလ်တို့မှာ ပြန်လည် ဖွင့်လှစ်မယ့် ဘွဲ့ကြို သင်တန်း အတွက် လူဦးရေ ကန့်သတ်ချက်
ရှိတာကြောင့် ၀င်ခွင့် ရမှတ်တွေ မြင့်တက် သွားတယ်လို့ ရန်ကုန် နည်းပညာ တက္ကသိုလ်မှ တာဝန် ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ ယခင်က အဆိုပါ သင်တန်း တွေရဲ့ ၀င်ခွင့် အတွက် တက္ကသိုလ် ၀င်တန်းအောင် ရမှတ် ၄၅၀ သတ်မှတ်ထား ပေမယ့် ယောကျာ်းလေး အတွက် အမှတ် ၅၀၀ နဲ့ မိန်းကလေး ၀င်ခွင့် အမှတ် အနိမ့်ဆုံး ၅၀၄ မှတ်ကို ပြောင်းလဲ သွားတာ ဖြစ်ပါတယ်။

အဆိုပါ ဘွဲ့ကြို သင်တန်းဟာ ယခုနှစ်မှာ ပြန်လည် ဖွင့်လှစ်မှု စတင်တဲ့ နှစ်ဖြစ်တာကြောင့် လူဦးရေ ၂၅၀ သာ လက်ခံပြီး ဖွင့်လှစ်မှာ ဖြစ်လို့ အခုလို တက္ကသိုလ် ၀င်ခွင့် အမှတ်တွေ မြင့်တက် သွားတာ ဖြစ်ပါတယ်။ အဆိုပါ နည်းပညာ တက္ကသိုလ် ဘွဲ့ကြို သင်တန်း လက်ခံမှု အတွက် ရန်ကုန် နည်းပညာ တက္ကသိုလ်မှာ အောက်မြန်မာပြည် စာစစ်ဌာနများမှ တက္ကသိုလ်ဝင်တန်း အောင်မြင် သူများ တက်ရောက် သင်ကြားနိုင်ပြီး မန္တလေး နည်းပညာ တက္ကသိုလ် မှာတော့ အထက်မြန်မာပြည် စာစစ်ဌာန များမှ အောင်မြင်သူများ တက်ရောက် သင်ကြား နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ဖွင့်လှစ်မယ့် နည်းပညာ တက္ကသိုလ် သင်တန်း ကာလ ကတော့ ၆ နှစ်ဖြစ်ပြီး၊ သင်တန်း ကာလလုံး ပြီးစီး အောင်မြင် တဲ့အခါ BE ဘွဲ့နဲ့ B.Arch ဘွဲ့ကို တိုက်ရိုက် အပ်နှင်း ချီးမြှင့်မှာ ဖြစ်ပါတယ်။ တက်ရောက် လိုသူတွေ ကတော့ အဆိုပါ သင်တန်း ဖွင့်လှစ်တဲ့ နေ့မှစပြီး ၂ ပတ်အတွင်း ကျောင်းအပ်နှံကာ တက်ရောက် ရမှာ ဖြစ်တယ်လို့ သိရပါတယ်။



၂၀၁၃ ခုနှစ်၌ ဗီဇာ-မာစတာ ကတ်များ သုံးစွဲနိုင်ရန် ပြည်တွင်းရှိ ဘဏ်တစ်ခုမှ စီစဉ်နေ

ပြည်တွင်း ပုဂ္ဂလိက ဘဏ်တစ်ခု ဖြစ်တဲ့ သမ၀ါယမ ဘဏ်အနေနဲ့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ စတင်ကာ ဗီဇာမာစတာ ကတ်များ အသုံးပြုနိုင်ဖို့ စီစဉ်
ဆောင်ရွက် လျက်ရှိတယ်လို့ အဆိုပါ ဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ဘဏ်ဟာ အခုလို သုံးစွဲနိုင်ဖို့ အတွက် လက်ရှိမှာ ITဆိုင်ရာ ချိတ်ဆက်မှုတွေကို  ပြုလုပ် ဆောင်ရွက် လျက်ရှိပါတယ်။ ပြည်တွင်းမှာ အခုလို ဗီဇာ-မာစတာတွေ သုံးစွဲနိုင်ပါက ပြည်ပ နိုင်ငံသားတွေ အနေနဲ့ ငွေကြေး သုံးစွဲမှုမှာ အလွယ်တကူ အသုံးပြု လာနိုင်မှာ ဖြစ်ပါတယ်။

ဒီလို ပြည်တွင်းကို လာရောက်တဲ့ ပြည်ပ ဧည့်သည်တွေ အနေနဲ့ အဆိုပါ ဗီဇာ၊ မာစတာ ကတ်တွေ ယူဆောင် အသုံးပြုလို့ ရတဲ့အခါ လက်ရှိ သုံးစွဲနေ သလို ငွေကြေး သယ်ဆောင် အသုံးပြုဖို့ မလိုတော့ဘူးလို့ သိရပါတယ်။ ဒါ့အပြင် ယခင်ကလို ငွေသား မလောက်ငမှု အခက်အခဲ များလည်း မကြုံတွေ့ရ တော့မှာ ဖြစ်ပါတယ်။ ဒီလို ဗီဇာ၊ မာစတာ ကတ်လုပ်ကိုင်ခွင့်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ခွင့်ပြုပေး ပြီးဖြစ်လို့ နိုင်ငံသားတွေ ပြည်ပ သွားတဲ့အခါ မှာလည်း ယူဆောင် အသုံးပြု သွားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။


ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အတွက် လူကူးမီးအိမ် သစ်များ တပ်ဆင်လျက်ရှိ

ရန်ကုန်မြို့ရဲ့ အချက်အချာ နေရာများနဲ့ မြို့ပြလမ်း များမှာ လမ်းအသုံးပြု သူများ အတွက် ယာဉ်အန္တရာယ် ကင်းရှင်းစေဖို့နဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း
ဥပဒေကို ဆောင်ရွက် နိုင်ဖို့ အတွက် လူကူး မီးအိမ်သစ် များကို တပ်ဆင် ပေးလျက် ရှိတယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ လမ်းနှင့် တံတား ဌာနမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ လူကူး မီးအိမ်သစ်များ တပ်ဆင်ရာမှာ ဗိုလ်ချုပ်လမ်းနဲ့ ဆူးလေ မီးပွိုင့်မှာ လေးခု၊ အနော်ရထာ လမ်းနဲ့ ဆူးလေ ဘုရားလမ်းမှာ လေးခု၊ ကုန်သည် လမ်းနဲ့ ဆူးလေ လမ်းဆုံမှာ ရှစ်ခု၊ တပ်ဆင် ထားပါတယ်။

ဒါ့အပြင် ပြည်လမ်းနဲ့ အလုံလမ်းမှာ ရှစ်ခု၊ ပြည်လမ်းနဲ့ ရှင်စောပု လမ်းမှာ ရှစ်ခု ကိုလည်း တပ်ဆင် ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ လူကူး မီးအိမ် များဟာ ဒစ်ဂျစ်တယ် အယ်လ်အီးဒီ မီးလုံးများနဲ့ လူရုပ်ပုံ ပါတဲ့ မီးအိမ်များ ဖြစ်ပြီး လမ်းအသုံးပြုသူ ခရီးသွားများ အလွယ်တကူ သိမြင်စေဖို့ အတွက် ၂၄ နာရီ မီးဖွင့် တပ်ဆင် ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုလို တပ်ဆင်မှု သာမက ယာဉ်မောင်းများ ယာဉ်အန္တရာယ် ကင်းရှင်းစေဖို့နဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေန နဲ့အညီ မောင်းနှင် နိုင်ဖို့ အတွက်လည်း စီစီတီဗီ ကင်မရာ များကိုပါ ယာဉ်ကြော ရှုပ်ထွေးတဲ့ နေရာတွေမှာ ထပ်မံ တပ်ဆင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များ အသင်းမှ အတိုးနှုန်း သက်သာသည့် ပြည်ပချေးငွေ ရရှိရန် ရေလုပ်ငန်း ၀န်ကြီးဌာနသို့ တင်ပြ

နိုင်ငံတော်မှ တဆင့် ပြည်ပ နိုင်ငံများမှ အတိုးနှုန်း သက်သာတဲ့ ချေးငွေများ ချေးပေးဖို့ အတွက် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနကို မြန်မာနိုင်ငံ
ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များ အသင်းမှ တင်ပြ ထားတယ်လို့ အဆိုပါ အသင်း တာဝန်ရှိသူရဲ့ ပြောကြားချက်အရ သိရပါတယ်။ အဲ့ဒီလို ချေးငွေ ရယူ လိုတာဟာ ပြည်ပ နိုင်ငံများမှ လုပ်ငန်းသုံး ဒီဇယ်များ တင်သွင်းဖို့ အတွက် ဖြစ်ပြီး ချေးငွေ အနေနဲ့ မြန်မာ ငွေကျပ် သိန်းပေါင်း လေးသောင်းခန့် လိုအပ်တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီးမှ ပင်လယ် ငါးဖမ်း လှေများဟာ တစ်လကို ဒီဇယ်ဂါလံပေါင်း ၁၅ သိန်းခန့် လိုအပ်တာ ဖြစ်ပါတယ်။ ဒီဇယ် ဈေးနှုန်းမှာ ၁ ပီပါကို ကျပ် တစ်သိန်း ကိုးသောင်း ၀န်းကျင် ဖြစ်တာကြောင့် အရင်းအနှီး ကုန်ကျစရိတ် များပြား နေတာ ဖြစ်ပါတယ်။ အခု လက်ရှိမှာ ရန်ကုန် အခြေစိုက် ငါးဖမ်းလှေ အစီး ခုနှစ်ထောင်ခန့် ရှိတာ ကြောင့်လည်း အဆိုပါ လှေများ အတွက် လုပ်ငန်းသုံး ဒီဇယ်များကို ဈေးနှုန်း သက်သာစွာနဲ့ ပြည်ပမှယူကာ ပြန်လည် ရောင်းချ နိုင်အောင် အခုလို ချေးငွေ ရယူဖို့ တင်ပြရတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ စီစဉ် ထားတဲ့ ပြည်ပမှ တင်သွင်းမယ့် လုပ်ငန်းသုံး ဒီဇယ်ဆီကို မလေးရှား နိုင်ငံ ဒါမှမဟုတ် စင်္ကာပူ နိုင်ငံတို့မှ ၀ယ်ယူမှာ ဖြစ်ပြီး ဒီလို ၀ယ်ယူခဲ့ရင် ပြည်တွင်းမှာ ၀ယ်ယူရတဲ့ ဈေးနှုန်းထက် ကျပ်တစ်သောင်း ငါးထောင်ခန့် သက်သာမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။






No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့