မြန်မာ့အာမခံ လုပ်ငန်းမှ ရခိုင်ပြည်နယ်တွင် ဇွန်လ၌ ဖြစ်ပွားခဲ့သည့် ဆုံးရှုံးမှုများ အတွက် လျော်ကြေးငွေ ကျပ်သိန်း ၅၇၀ကျော် ပေးအပ်ခဲ့

ရခိုင်ပြည်နယ် စစ်တွေ မြို့မှာ ပြီးခဲ့တဲ့ ဇွန်လအတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွင် နေအိမ်၊ အဆောက်အအုံနဲ့ ဈေးများ မီးလောင် ဆုံးရှုံးမှုများ အတွက် မြန်မာ့
အာမခံ လုပ်ငန်းမှ ၎င်းတို့ထံမှာ အာမခံ ထားသူများကို လျော်ကြေး ငွေသိန်း ၅၇၀ ကျော် ပေးအပ် ခဲ့တယ်လို့ အောက်တိုဘာလ ၃ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာ့ အာမခံ လုပ်ငန်း ရုံးချုပ်မှာ ကျင်းပ ပြုလုပ်တဲ့ လျော်ကြေးငွေ ပေးအပ်ပွဲမှ သိရပါတယ်။

အဆိုပါ လျော်ကြေးငွေ ပေးအပ်မှုမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မသမာ ရှို့မီးကြောင့် ကူးစက် လောင်ကျွမ်းပြီး ဆုံးရှုံးမှု ဖြစ်ပွားခဲ့တဲ့ ဈေးနဲ့ အဆောက်အဦး များမှ အာမခံ ထားရှိတဲ့ စက်ရုံစုဈေးရဲ့ ဆိုင်ခန်းများ အပါအ၀င် မြ၀တီဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့ စီးပွားရေး ဘဏ်များမှ ချေးငွေ ရယူထားတဲ့ နေအိမ်များ အတွက် စုစုပေါင်းကျပ် သိန်း ၅၀၀ကျော် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဇူလိုင်လ အတွင်းက လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့တဲ့ ရန်ကုန်မြို့ ၊ တောင်ဒဂုံ မြို့နယ်ရှိ မေခအင်ဒတ်စထရီ(စ်) ကုမ္ပဏီ အတွက် ကုန်ပစ္စည်း လျော်ကြေး ငွေကျပ် သိန်း ၃၀ ကျော် ကိုလည်း အဆိုပါ အခမ်းအနားမှာ ပေးအပ် ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားမှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ယခုလက်ရှိ အချိန်မှာ မြန်မာနိုင်ငံမှာ အာမခံ လုပ်ငန်းကို မြန်မာ့ အာမခံ လုပ်ငန်း အပြင် ပုဂ္ဂလိက အာမခံ လုပ်ငန်း ၁၂ ခု ကိုလည်း ထပ်မံ လုပ်ကိုင်ခွင့်များ ချထားပေး လျက်ရှိတယ်လို့ သိရပါတယ်။

B.I.D အဖွဲ့မှ ပေးအပ်သည့် နိုင်ငံတကာ အရည်အသွေး ဆိုင်ရာ ရွှေတံဆိပ်ဆုအား Nampam ဟိုတယ်မှ ရရှိခဲ့

B.I.D အဖွဲ့မှ ပေးအပ်တဲ့ နိုင်ငံတကာ အရည်အသွေး ဆိုင်ရာ ရွှေတံဆိပ်ဆု (IQC) တစ်ဆုကို အင်းလေး ဒေသရှိ ရေပေါ်ဟိုတယ် တစ်ခုဖြစ်တဲ့ Nampam
ဟိုတယ်မှ ရရှိခဲ့တယ်လို့ အဆိုပါ ဟိုတယ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ဆုကို လာမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ လန်ဒန် မြို့မှာ ချီးမြှင့် ပေးအပ် သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ ဟိုတယ်ကို နိုင်ငံတကာ အရည်အသွေး ပြည့်မီမှု စံချိန်စံညွှန်း သတ်မှတ်ချက် အချက် ၁၀၀ ပြည့်မီတဲ့ အတွက် ပေးအပ်တာ ဖြစ်ပြီး ပြည်တွင်းနဲ့ ပြည်ပရှိ IQC အရည်အသွေး အကဲဖြတ်မှု ရွေးချယ်ရေး ကော်မတီမှ ခေါင်းဆောင်များက ရွေးချယ် ပေးအပ်တာ ဖြစ်ပါတယ်။

အဲ့ဒီဆုကို နိုင်ငံပေါင်း ၁၀၀ ကျော်မှ ၀င်ရောက် ယှဉ်ပြိုင်တာ ဖြစ်ပြီး မြန်မာနိုင်ငံ အင်းလေး ဒေသရှိ ရေပေါ်ဟိုတယ် တစ်ခု ဖြစ်တဲ့ Nampam ဟိုတယ် မှလည်း အဆိုပါဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ဆုကို နိုင်ငံပေါင်း ၁၁၇ နိုင်ငံမှ နိုင်ငံတကာ အဆင့်အတန်း အရည်အသွေးများ ပြည့်မီတဲ့ ဟိုတယ်များကို စစ်ဆေးပြီး ပေးအပ်တာ ဖြစ်ပါတယ်။ အဲ့ဒီ ဆုကို နှစ်ပေါင်း ၂၆ နှစ်အတွင်း နိုင်ငံပေါင်း ၁၀၀ ကျော်ကို ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ခရီးစဉ်မှ ပြန်လည် ရောက်ရှိလာရာ ပြည်သူအများအပြား လာရောက် ကြိုဆိုခဲ့

ပြည်သူ့ လွှတ်တော် တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်ဟာ
အမေရိကန် ခရီးစဉ် ကနေ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို အောက်တိုဘာလ ၄ ရက်နေ့ ည ၁၀ နာရီက ပြန်လည် ရောက်ရှိလာရာ ပြည်သူ အများ လာရောက် ကြိုဆိုခဲ့ ကြတယ်လို့ သိရပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၁၅ ရက်နေ့က အမေရိကန် ခရီးစဉ်ကို စတင် သွားရောက်ခဲ့ပြီး ကွန်ကရက် လွှတ်တော်က ချီးမြှင့်တဲ့ အမေရိကန် ပြည်ထောင်စုရဲ့ အမြင့်ဆုံး ရွှေတံဆိပ် ဆုကို လက်ခံ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် အမေရိကန် နိုင်ငံမှ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိတဲ့ အခါ သက်ဆိုင်ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင်များ၊ ပြည်သူများ အပြင် အနုပညာရှင် များကလည်း လာရောက် ကြိုဆိုခဲ့ ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ခရီးစဉ် အတွင်း အမေရိကန် သမ္မတ အိုဘားမား၊ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တို့နဲ့လည်း တွေ့ဆုံ ခဲ့တယ်လို့ သိရပါတယ်။

လာမည့် ဘဏ္ဍာနှစ် အတွင်း မင်္ဂလာတောင်ညွန့် မြို့နယ် အတွင်း မီးသတ်စခန်း တည်ဆောက် သွားမည်

ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ် အတွင်းမှာ မီးသတ်စခန်း တည်ဆောက်မှုကို လာမယ့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွင်း ဆောက်လုပ်
သွားဖို့ရှိတယ်လို့ မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို တည်ဆောက်မှု ကိုတော့ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ စက်ဆန်း ဂိုဒေါင် အနီးမှာ တည်ဆောက် သွားမှာ ဖြစ်ပါတယ်။ အခုလို မင်္ဂလာတောင်ညွန့် မြို့နယ် အတွင်း မီးသတ်စခန်း တည်ဆောက် ရတာဟာ အဆိုပါ မြို့နယ်မှာ မီးသတ်စခန်း မရှိတဲ့အပြင် ကြီးမားတဲ့ မီးလောင်မှုလည်း ဖြစ်ပေါ်ခဲ့ဖူး တဲ့အတွက် ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါ မြို့နယ် အတွင်း နေထိုင်သူ ပြည်သူလူထုကို မီးဘေး အန္တရာယ်မှ ကာကွယ် စောင့်ရှောက်ဖို့ အတွက် ဖြစ်တယ် လို့လည်း သိရပါတယ်။ အဆိုပါ မီးသတ်စခန်း ဆောက်လုပ်မှု ကိုတော့ ၂ ယူနစ်မီးသတ် စခန်းပုံစံ တည်ဆောက် သွားမှာ ဖြစ်ပြီး အဆောက်အဦးကို ၅၈ ပေ၊ ပေ ၂၀၀ အကျယ်အ၀န်း နဲ့တည်ဆောက်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ မီးသတ်စခန်း တည်ဆောက်မယ့် မြေနေရာကို မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်မှ တည်ဆောက်ခွင့် ပေးထား ပြီးပေမယ့် တည်ဆောက်မှု ဘတ်ဂျက် အတွက် ခွင့်ပြုမိန့် မရသေးတာကြောင့် အခုနှစ် အတွင်း မစတင် သေးတာ ဖြစ်ပါတယ်။ လက်ရှိကာလ အတွင်း ရန်ကုန်တိုင်း ဒေသကြီးမှာ သန္ဓေမီးသတ်စခန်း ၄၂ ခုနဲ့ အရံမီးသတ် စခန်း ၆ ခု ရှိတယ် လို့လည်း သိရပါတယ်။

ဆေးရုံလေးရုံတွင် ကောက်ယူမှု စစ်တမ်းအရ မိခင်မှ ကလေးသို့HIV ပိုးကူးစက်မှု ၁၃ ရာခိုင်နှုန်း အထိရှိနေ

ကျင်းပပြုလုပ် လျက်ရှိတဲ့ မိခင်မှ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခြင်း ကာကွယ်ရေးနဲ့ အိတ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်တဲ့ ကလေးများ ဆိုင်ရာ အကြောင်းအရာများကို
ရုပ်သံ မီဒီယာတွေထံ အသိပေး ရှင်းလင်းတဲ့ အလုပ်ရုံ ဆွေးနွေးပွဲမှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ရန်ကုန်မြို့ရှိ ဆေးရုံကြီး လေးခုမှာ စစ်တမ်း ကောက်ယူမှု အရ မိခင်မှ ကလေးသို့ HIV ပိုးကူးစက်မှု နှုန်းဟာ အနည်းဆုံး ၁၁ ရာခိုင်နှုန်းမှ အများဆုံး ၁၃ ရာခိုင်နှုန်း အထိ ကူးစက်မှု ရှိနေတယ်လို့ သိရပါတယ်။

ဒီလို စစ်တမ်း ကောက်ယူခဲ့တဲ့ ဆေးရုံ လေးခု ကတော့ ဗဟို အမျိုးသမီးဆေးရုံ၊ တောင်ဥက္ကလာ ဆေးရုံ၊ မြောက်ဥက္ကလာ ဆေးရုံနဲ့ သင်္ကန်းကျွန်း စံပြဆေးရုံတို့ ဖြစ်ပါတယ်။ အဲ့ဒီလို စစ်တမ်း ကောက်ယူပြီး ရရှိလာတဲ့ စစ်တမ်းတွေ အရ မိခင်မှ ကလေးကို အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်မှုတွေ ရှိနေတာကြောင့် ဒီလို ဖြစ်ပွားမှုကို လျော့ကျ လာအောင် ၂၀၀၁ ခုနှစ် ကတည်းက စတင်ပြုလုပ် ခဲ့ပါတယ်။ အခုလို ပြုလုပ်မှု မှာလည်း မြို့နယ်ပေါင်း ၂၀၀ ကျော်ရှိ ဆေးရုံ ၃၈ ခုမှာ မိခင်များ ကိုယ်ဝန် ဆောင်မှု စတင်စဉ် ကတည်းက သွေးစစ်ဆေးမှုများ ပြုလုပ်ပေးခြင်း၊ HIV ပိုးရှိတဲ့ ကိုယ်ဝန်ဆောင် များကို ကိုယ်ဝန် ၁၄ ပတ်မှ စတင်ပြီး ARV ဆေးတိုက်ကျွေးခြင်း တို့ကို ပြုလုပ် ဆောင်ရွက် ပေးလျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်မှုတွေ ပြုလုပ်ပေးရာ မှာတော့ မြို့နယ်ပေါင်း ၂၀၀ ကျော်ရှိ ကိုယ်ဝန်ဆောင် မိခင် ၈၀ ရာခိုင်နှုန်း ကိုသာ စစ်ဆေးမှုတွေ ပြုလုပ်ပေး နိုင်သေးပြီး ရာနှုန်းပြည့် ဆောင်ရွက် ပေးနိုင်မှုတော့ မရှိသေးဘူးလို့ သိရပါတယ်။