Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Tuesday 23 October 2012
ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အထောင် ရဲစခန်း အပိုင်၊ ရှားခဲကြီး-ရှားခဲလေးအင်း ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်
ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ရှားခဲအင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ မီဒီယာ သတင်းများ၊ အင်တာနက် သတင်းများတွင် ဖြစ်စဉ်မှန် ဖေါ်ပြမှု မရှိဘဲ လိုရာဆွဲ၍ ဖေါ်ပြနေမှုများ ရှိနေပါသည်။
 ထို့ကြောင့် ဖြစ်စဉ်မှန်အား စိစစ် ဖေါ်ထုတ် ခဲ့ပါသည်။ ဖြစ်စဉ်မှန်မှာ ၂ဝ၁၂ ခုနှစ်၊ မေလ (၁၄) ရက်နေ့ ဝ၉၅ဝ အချိန်တွင် ကျုံပျော် မြို့နယ်၊ မြို့ကုန်းရပ်ကွက်နေ ကျော်ကြီး (၄၈)နှစ်၊ ထွန်းမိုး (၃၇)နှစ်၊ဓနုဖြူမြို့နယ်၊ ကွင်းကောက် ကျေးရွာနေ ဦးစိုး (၆၃)နှစ်တို့ (၃)ဦးသည် ကျုံပျော်မြို့နယ်၊ မြို့ကုန်း ရပ်ကွက်နေသူ (၁ဝဝ)ဦးခန့်အား ဦးဆောင်၍ ပုသိမ်မြို့တွင် ပြုလုပ်သည့် အင်းလေလံတွင် ရှားခဲကြီး-ရှားခဲလေးအင်းအား လေလံပစ်သည့် ကိစ္စနှင့်ပတ်သက်၍ ကျေနပ်မှုမရှိ သဖြင့် စီတန်းလှည့်လည်ခြင်းနှင့်ဆန္ဒပြခြင်းကို ဥပဒေနှင့်အညီ တရားဝင်ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ အော်ဟစ်ကြွေးကြော်ပြီး စီတန်းလှည့်လည် မှုပြုခဲ့ရာမှ စတင်ဖြစ်ပွားခဲ့ပါသည်။
၎င်းအပြင် ဇွန်လ (၆)ရက်နေ့တွင်လည်း အဆိုပါ ရှားခဲကြီး-ရှားခဲလေး အင်းအား ဒေသခံအားလုံး အဖွဲ့ခွဲခြားခြင်းမပြုဘဲ တစ်ဖွဲ့တည်းစနစ်ဖြင့် လုပ်ဆောင်ကြရန် ညှိနှိုင်း ခဲ့သော်လည်း ဦးမြင့်ဟန် (ဝိုင်းဝိုင်းလည် ငါးကုန်ထုတ် သ/မ အသင်း)အား ဝင်ရောက် လုပ်ကိုင်စေမှုအပေါ်ကျေနပ်မှုမရှိသဖြင့်‘‘ရှားခဲကြီးအင်း-ရှားခဲလေးအင်းအား ရေလုပ်သား များမှ လုပ်ကိုင်ခွင့်ပြုရန် တောင်းဆိုမှု’’နှင့် ‘‘ ငြိမ်းချမ်းစွာ ဆန္ဒပြပါသည်’’ ဟူသော ဆိုင်းဘုတ် (၂)ခုကို  ကိုင်ဆောင်ကာ လူအင်အား (၁၅ဝ)ဦးခန့်ဖြင့် ဆန္ဒပြခဲ့ကြပြီး ၁၆၁ဝ နာရီတွင် လူစုခွဲ သွားခဲ့ကြပါသည်။
ဇွန်လ (၁၅) ရက်နေ့တွင် ဝိုင်းဝိုင်းလည် ငါးကုန်ထုတ် သ/မ အသင်းဥက္ကဌ ဦးမြင့်ဟန်သည် ရှားခဲကြီး- ရှားခဲလေးအင်းအား လေလံရကြောင်းနှင့် ငါးရစ်ငါးသန် အချိန်ဖြစ်၍ ရေပေါ်ရေလျှံငါးများအား မဖမ်းကြရန်လိုက်လံ နှိုးဆော်ခဲ့သည်ကို မကျေနပ် ၍ သ/မအသင်းပိုင် တဲ၊ ပစ္စည်းနှင့်ငွေကြေး စုစုပေါင်း (၁ဝ၆၇၂ဝဝဝ)ကျပ်ခန့်တို့အား ကျော်ကြီး၊ စိုးသန်း(ခ)ဂေါ်ဇီလာ၊ အေးဝင်း၊ ဝင်းနိုင်(ခ)တလုပ်၊ အောင်စိုးနိုင်၊ သံလစိ တို့ (၆)ဦးတို့က ဖျက်ဆီးမှု ပြုခဲ့သဖြင့် ကျော်ကြီး ပါ(၆)ဦးအား အထောင်ရဲစခန်း (ပ) ၂ဝ/၁၂၊ ပြစ်မှုပုဒ်မ ၃၉၂/၄၅၂/၄၂၇ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပါသည်။
ဇွန်လ (၁၆)ရက်နေ့တွင် ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီးသော ကျုံပျော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အဖွဲ့နှင့် ပူးပေါင်းအင်အား (၃ဝ)ဦးသည် တရားခံ ကျော်ကြီးနှင့် ဝင်းနိုင် (ခ) တလုပ်တို့၏ နေအိမ်များသို့ ဝင်ရောက် ရှာဖွေဖမ်းဆီးရာ ရွာသား (၇ဝ)ဦးခန့်မှ အကြမ်းဖက်ရန် ကြိုးစားအားထုတ်မှုများ ပြုလာခဲ့သည့်အပြင် အခင်းဖြစ်အရပ်သို့ ထပ်မံသွားရောက်၍ တဲများကို ဖျက်ဆီးခဲ့ကြပါသည်။
စက်တင်ဘာလ (၂၂)ရက်နေ့ ၂ဝဝဝ အချိန်တွင် ရှားခဲကြီး-ရှားခဲလေးအင်းသို့ ကျော်ကြီး၊ ထွန်းမိုး၊ အသေး၊ ဝင်းနိုင်(ခ) တလုပ်၊ စိုးသန်း၊ မမြင့်ခင်တို့ ဦးဆောင် သောအဖွဲ့ရောက်လာ၍ အော်ဟစ်ဆဲဆိုပြီး ဂျင်ကလိ၊ လေးခွ များဖြင့် ပစ်ခတ်၍ အင်းတဲ (၂)လုံးနှင့် တဲတွင်းရှိ ပစ္စည်း၊ ငွေသားစုစုပေါင်းတန်ဘိုး (၂၉၇၅ဝဝဝဝ)ကျပ်ခန့်အား ဖျက်ဆီးသွားခဲ့သဖြင့် ကျော်ကြီးပါ (၆)ဦးအား အထောင်ရဲစခန်း (ပ) ၃၁/၂ဝ၁၂၊ ပြည်သူပိုင် ၆ (၁)ဖြင့် ထပ်မံအမှုဖွင့် အရေးယူ ခဲ့ရပါသည်။ ဖြစ်ပွားခဲ့သော မှုခင်းများအား ထိန်းသိမ်းကွပ်ကဲရန်အတွက် ဟင်္သာတခရိုင် ရဲတပ်ဖွဲ့မှူး၊ ပုသိမ် ခရိုင်ရဲတပ်ဖွဲ့မှူးတို့အား ကြပ်မတ်ကွပ်ကဲစေခဲ့ပြီး ရှေ့တန်းကွပ်ကဲရေးရုံးနှင့် အခြေစိုက်ရုံးများ ဖွင့်လှစ်ဆောင်ရွက် ခဲ့ပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးသည် စက်တင်ဘာလ(၂၅) ရက်နေ့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံရပ်မိရပ်ဖများအား တွေ့ဆုံခဲ့ပြီး လတ်တလော ဖြစ်ပွားနေသည့် ရှားခဲကြီး-ရှားခဲလေးအင်းနှင့် ဆက်နွယ်နေသောမှုခင်းများအား ထိန်းသိမ်း နိုင်ရန်အတွက် ကွပ်ကဲမှုနေရာများ ဖွင့်လှစ်ဆောင်ရွက်သွားရန်နှင့် ဖြစ်ပွားနေသည့်အခြေအနေ များတွင် ဆက်လက်ကျူးလွန်ပါက ဥပဒေနှင့်အညီအရေးယူ ခံရမည်ဖြစ်ကြောင်း၊ အင်းကိစ္စအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရှင်းလင်းပေးမည်ဖြစ်သဖြင့် မိမိကျေးရွာအုပ်စုအလိုက် ရာဇဝတ် မှုများ ဆက်လက်ကျူးလွန်ခြင်းမရှိအောင် ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှင်လင်း ပြောကြားခဲ့ပါသည်။
စက်တင်ဘာလ (၂၆)ရက်နေ့တွင်လည်း ဦးမြင့်ဟန်၏ နေအိမ်ရှေ့ဈေးဆိုင်၌ သမီး ဖြစ်သူ မသီတာမိုးထိုင်နေစဉ် ဝင်းနိုင်(ခ)တလုတ် ဦးဆောင်သည့် လူ(၅)ဦးခန့် ရောက် လာပြီး ဈေးဆိုင်ရှိမီးလုံးနှင့် နေအိမ်အားလေးခွဖြင့်ပစ်ခတ်ကာ နေအိမ်ထဲအထိဝင်ရောက်၍ ဘီဒို (၂)လုံး မှ မှန်(၃)ချပ်အား ဖျက်ဆီးခဲ့ပါသည်။
စက်တင်ဘာလ (၂၇)ရက်နေ့တွင် ရှားခဲကျေးရွာ၊ ခရေလမ်း၌ ဝင်းနိုင်(ခ) တလုတ်သည် တစ်လမ်းတည်းနေဦးသန်းလွင်(ရှားခဲကျေးရွာအရန်မီးသတ် တပ်ကြပ်ကြီး)၏ ဇနီးဖြစ်သူ မဌေးလှိုင်အားနေအိမ်အတွင်း အကြောင်းမဲ့ဝင်ရောက်ရိုက်နှက်သဖြင့် မဌေးလှိုင်၏ခေါင်းတွင် ဖူးယောင်ဒဏ်ရာရရှိခဲ့ကြောင်း၊ ၄င်းနောက် ဝင်းနိုင်(ခ)တလုတ် သည် ဟင်္သာတမြို့နယ်၊ ရှားခဲကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊ ည ၂၁၁၅ နာရီခန့်တွင် ရှားခဲကျေးရွာ၊ ခရေလမ်းအတိုင်းပြန်လာစဉ် လူတစ်စု (စိစစ်ဆဲ)မှ ဝင်းနိုင်(ခ)တလုတ်အား ဓါး/တုတ်တို့ ဖြင့်ဝိုင်း၍ ထိုးခုတ်ရိုက်နှက်ခဲ့ရာ ဝင်းနိုင်(ခ)တလုတ် တွင်ဒဏ်ရာရရှိပြီး လဲကျနေခဲ့ကြောင်း ရှားခဲကျေးရွာအုပ်ချုပ်ရေးမှူး၏ အကြောင်းကြား ချက်အရ ကျုံပျော်မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ ဦးဆောင်သည့် တပ်ဖွဲ့ဝင်များဖြင့်  အခင်းဖြစ်အရပ်သို့ သွားရောက်စစ်ဆေးစဉ်  ရှားခဲအုပ်စု၊  မြို့ကုန်းရပ်ကွက်သို့ အရောက်တွင် ကျား/မ (၁၅ဝ)ကျော်ခန့်ရှိ လူအုပ်ကြီးမှ ဌာနဆိုင်ရာ  ယာဉ်(၃)စီးအား   တုတ်၊   ဓါး၊  လေးခွများဖြင့်   ကားများအား   ပစ်ပေါက်ခဲ့သဖြင့်
လုံခြုံရေး ယာဉ်ပေါ်ပါ ရဲတပ်ကြပ် ခင်မောင်လွင် (ခရရ ပုသိမ်)၏ ဝဲမျက်ခုံး ပေါက်ပြဲဒဏ်ရာ (၁)ချက်(မစိုးရိမ်ရ)ရရှိခဲ့ပြီး ယာဉ်(၂)စီး၏ ရှေ့လေကာမှန်ကွဲ၊ ဘေးမှန်ကွဲ၊ တာယာ (၃)လုံး ကွဲသွားခဲ့ပါသည်။
ဆက်လက်၍ လူအုပ်ကြီးမှာ ရပ်တန့်ခြင်းမရှိဘဲ မင်းမဲ့စရိုက်ဆန်စွာ ပြုမူဖျက်ဆီး ဆောင်ရွက်လာခြင်းကြောင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ခြောက်လှန့်သည့်အနေဖြင့် ရိုင်ဖယ်သေနတ်အား မိုးပေါ်ထောင်ပစ်ခတ်ခဲ့သော်လည်း လူအုပ်ကြီးမှ ဆက်လက် ရှေ့သို့တက်လာသဖြင့် တပ်ဖွဲ့ဝင်များမှ ကိုက်(၁ဝဝ) အကွာသို့ ဆုတ်ခွာပေးခဲ့ရာ လူအုပ်ကြီးမှ မရပ်တန့်ဘဲ ခဲ၊ အုတ်များဖြင့် ထပ်မံပစ်ပေါက်ကာ အကြမ်းဖက် လာသောကြောင့် အဓိကရုဏ်းနှိမ်နင်းရေးသေနတ် (ဂရီနာ)ဖြင့် ခြောက်လှန့်၍ ပစ်ခတ်ခဲ့ရာ အကြမ်းဖက် အုပ်စုတွင် ပါဝင်သူများအနက် ကိုကြည်သိန်း (၂၉)နှစ်၊ ကွင်းကောက်ရွာ၊  သပြေငူအုပ်စု၊ ကိုကျော်စန်းဝေ (၃၃)နှစ်၊ ကွင်းကလေးရွာ၊ သပြေငူအုပ်စု၊ ကိုဝင်းသန်း (၃ဝ)နှစ်၊ ခရေပင်လမ်း၊ ရှားခဲရွာ၊ ကျော်ဇင်သန်း(၂၅)နှစ်၊ မြို့ကုန်းရပ်၊ ရှားခဲကျေးရွာနေသူတို့ (၄)ဦးအား ထိမှန်ခဲ့သဖြင့် ကျုံပျော်မြို့နယ်၊ အထောင် ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ကိုကြည်သိန်းမှာ အထောင်ဆေးရုံ၌ပင် သေဆုံးခဲ့ပါသည်။ ထို့အပြင် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့သည် ဒဏ်ရာရသူ ဝင်းနိုင်(ခ)တလုတ် အား ရှားခဲ တိုက်နယ် ဆေးရုံမှ ဟင်္သာတဆေးရုံးသို့ လွဲပြောင်းပို့ဆောင်စဉ် ဝင်းနိုင်မှာလည်း သေဆုံး သွားခဲ့ ပါသည်။ ဝင်းနိုင်(ခ)တလုတ် သေဆုံးမှုအား အထောင်ရဲစခန်း (ပ) ၃၄/ ၂ဝ၁၂၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိပါသည်။
ဖြစ်စဉ်တွင် အကြမ်းဖက်သူလူအုပ်စုနှင့် အခင်းဖြစ်နေရာတွင်ရှိသော တပ်ဖွဲ့ဝင် အင်အားမှာ မမျှတဘဲ ပစ်ခတ်ကာကွယ်မှုမပြုလုပ်ခဲ့ပါက လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ထိခိုက်သေကြေဒဏ်ရာ ရနိုင်ခြင်း၊ လူအုပ်စုမှာ ရဲတပ်ဖွဲ့အား အကြမ်းဖက်မှုပြုသည့်အပြင် ကျေးရွာအား မီးရှို့ရန်နှင့် ဖျက်ဆီးမှုများ ပြုလုပ်ဆောင်ရွက်တော့မည့် အခြေအနေတွင် ရောက်ရှိနေခြင်းတို့ကြောင့် အခြေအနေကို ထိန်းသိမ်းဆောင်ရွက်ခြင်း မပြုလျင်မဖြစ်သည့် အတွက် ပစ်ခတ်ကာကွယ် ခဲ့ရခြင်း ဖြစ်ပါသည်။
အထက်ပါ ရှားခဲအင်းဖြစ်စဉ်အား သတင်းရလျင်ရခြင်း စက်တင်ဘာလ ၂၇ ရက် နေ့တွင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးသည် ပုသိမ်ခရိုင်နှင့် ဟင်္သာတ ခရိုင်ရဲတပ်ဖွဲ့မှူး တို့အား လုံလောက်သောအင်အားစုဖွဲ့စေပြီး ရှားခဲကျေးရွာသို့စေလွတ်ခဲ့ခြင်း၊ စက်တင်ဘာလ ၂၈ ရက်နေ့ တွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အတူ အခင်းဖြစ်နေရာသို့ ထွက်ခွာခဲ့ရာ အထောင် ရဲစခန်းသို့ရောက်ရှိ၍ အခင်းဖြစ်အခြေအနေများအား သုံးသပ်ခြင်း၊ လုံခြုံရေး တာဝန် ဆောင်ရွက်နေမှု များအား လိုက်လံစစ်ဆေးခြင်း၊ ရှားခဲကျေးရွာ အခင်းဖြစ်အရပ်အား စစ်ဆေး ကြည့်ရှုခြင်း၊ လိုအပ်သည့်နေရာများတွင် လုံခြုံရေးအင်အား ထပ်မံဖြည့်တင်းခြင်းများ ဆောင်ရွက် ခဲ့ပါသည်။
စက်တင်ဘာလ ၂၈ ရက်နေ့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား ကျုံပျော်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် အခင်းဖြစ်အခြေအနေများအား တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးမှ ဖြစ်စဉ် အား ရှင်းလင်းတင်ပြပြီး ရှားခဲကျေးရွာဓမ္မာရုံတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေး နှင့်မွေးမြူရေးဝန်ကြီးတို့မှ အင်းပတ်ဝန်းကျင်ရှိ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖ များ၊ ရွာသူရွာသားများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များနှင့်တွေ့ဆုံ၍  ဝန်ကြီးချုပ်မှ အမှာစကားပြောကြားခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးမှ ရှားခဲကြီး-ရှားခဲလေးအင်းအား ဝိုင်းဝိုင်းလည် သ/မအသင်းအား လုပ်ပိုင်ခွင့်ပေးထားခြင်းမှ ရုပ်သိမ်း၍ ဘုံစားအင်းအဖြစ် သတ်မှတ်ကြောင်းကြေငြာခြင်း၊ တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့အား ဝိုင်းဝန်းကူညီပေးရန် ဆွေးနွေးခြင်း၊ လိုအပ် သည်များ ဖြည့်ဆည်းဆောင် ရွက်ပေးခြင်း၊ သေဆုံး/ဒဏ်ရာရသူ ဦးကြည်သိန်း၏ နေအိမ်သို့ သွားရောက်ပြီး မိသားစုများနှင့်တွေ့ဆုံကာ ဆန်၊ ထောက်ပံ့ငွေနှင့် ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခြင်း၊ အားပေးစကားများ ပြောကြားခြင်း၊ လုံခြုံရေးတာဝန် ဆောင်ရွက်မှုနှင့်ပတ်သက်၍ လုံခြုံရေးနှင့် ဆက်သွယ်မှုစနစ် မပြတ်တောက် စေရေး၊ ညအချိန် မီးဆလိုက်၊ အသံချဲ့စက်များ အသုံးပြုနိုင်ရေး ကြိုတင်ဆောင်ရွက်ထားရှိရန် ညွန်ကြားခြင်းကို့အား ဆောင်ရွက်ခဲ့ပါသည်။
ဖြစ်စဉ်များနှင့်ပတ်သက်၍ စတင်ဖြစ်ပွားချိန်ကပင် အကြမ်းဖက်သူ လူအုပ်စုအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်သက်ဆိုင်ရာဌာနအသီးသီးတို့မှ ဒေသခံ ကျေးလက် ပြည်သူများ၏ ပညာရေး အခြေခံနည်းပါးမှုနှင့် သာမန်လက်လုပ်လက်စား ပြည်သူ များအား ထိခိုက်နစ်နာမှု မရှိစေလိုသည့်အတွက် ဥပဒေချိုးဖေါက်မှုများ အကြိမ်ကြိမ်  လုပ်ဆောင် ခဲ့သော်လည်း   စည်းရုံးရေးနည်းလမ်းဖြင့်   ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း၊ သို့ရာတွင် ကျော်ကြီး၊ ဝင်းနိုင်(ခ)တလုတ်တို့သည် တာဝန်ရှိသည့် အုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ အသီးသီးတို့၏ သဘောထားကြီးမှု အပေါ် အခွင့်ကောင်းယူ၍ မင်းမဲ့စရိုက်ဆန်ဆန် ပြုကျင့်မှုများကို အတင့်ရဲစွာ အန္တရာယ်ပြုရန်အထိ ကျူးလွန်လာခြင်းဖြစ်ပါသည်။ ရဲတပ်ဖွဲ့ အနေဖြင့် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဒဏ်ရာ ရရှိသူ ကျော်စန်းဝေ၊ ဝင်းသန်း၊ ကျော်ဇင်သန့်
တို့အား ပုသိမ်ဆေးရုံကြီးမှတဆင့် ရန်ကုန်ဆေးရုံကြီးသို့ ဆက်လက် တင်ပို့ ကုသပေးခဲ့ရာ လူနာများမှာ ကျန်းမာရေးအခြေအနေ ကောင်းမွန်လာပြီဖြစ်ကြောင်း သိရှိ ရပါသည်။
လက်ရှိအခြေအနေတွင် အခင်းဖြစ်ဒေသအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးအတွက် ပုသိမ်ခရိုင်ရဲတပ်ဖွဲ့၊ ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှူးများအား အနီးကပ်ကြီးကြပ် ကွပ်ကဲစေ၍ မအူပင်ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်အရန်တပ်ခွဲအား ဓနုဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ အသင့်ထားရှိကာ ခရိုင်ရဲတပ်ဖွဲ့မှူး (၃)ဦးကို စဉ်ဆက်မပြတ် ဆက်သွယ်ဆောင်ရွက်၍ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ခဲ့ကြောင်း  သိရသည်။
No comments:
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့