အပူသည်များအတွက်
မျှော်မနေနဲ့၊ ပူမနေနဲ့ တော့
အစမရှိအောင် မျှော်ခဲ့ ပူခဲ့ရပြီ
အဆုံးမရှိအောင် မျှော်နေ ပူနေရအုံးမယ်
ပူလို့ ပူစရာရှိတာ ၊ပူစရာဖြစ်တာ
တစ်ခုခုတစ်ယောက်ယောက်ကို
သဘောကျ(သို့) မကျေမနပ်ဖြစ်တယ်
ဆိုကတည်းက အပူစတော့တာပဲ။
ဆရာတော် ဦးဥတ္တမသာရ
တရားအလုပ်ဆိုတာ
ဘုရားရဲ့ စိတ်ပိုင်းဆိုင်ရာ အမွေကို
ဆက်ခံနိုင်ဖို့ ကြိုးစားတာ တရားအလုပ်
အနေဆိုး၊ အသေဆိုး
လူ့ဘ၀ဆိုတာ အမှန်တကယ်မရှင်လို့
အသေလမ်းဆုံးတာပါ။
အမှန်တကယ်မပိုင်လို့
ဆုံးရှုံးရတာပါ။
တငါငါနဲ့ အနေဆိုးသလောက်
အသေဆိုးပြန်ကြုံရမှာပဲ
ငါမပါဘဲ အနေကောင်းနေတတ်မှ
အသေဆိုး ၊ အဖြစ်ဆိုးလွတ်မယ်။
ကံစီမံရာ
ဘယ်သူသတ်လို့မှ သေရတာမဟုတ်ဘူး
ကိုယ့်တဏှာ(ကံ)ကြောင့် ကိုယ်သေရတာချည်းပဲ။
အသေကို အရှင်မှတ်ပြီး သိမ်းပိုက်နေလို့
ငါချည်းသေနေရတာပါ။
အသေကို အသေမှန်းသိလို့ မသိမ်းပိုက်ရင်
ငါသေစရာ ကို မရှိတော့ပါ။
ကိုယ်ပြုလုပ်တဲ့ အကုသိုလ်အကြောင်းကံကြောင့် အကျိုးဒုက္ခပေါ်ပါသည်။
အကြောင်းကံ(တဏှာ) ကို သတ်မှ အကျိုးဒုက္ခရပ်ပါမည်။
တငါငါနဲ့ အကန်းနေ နေသရွေ့ကတော့ ကယ်ပါ ယူပါနဲ့ အကန်းသေ သေရဦးမယ်။
သေတာပဲ သိနေ သရွေ့ကတော့ သေတာကိုပဲ တဏှာနဲ့ ငြိတွယ်ပြီး မဆုံးနိုင်အောင် သေရုံပဲရှိတယ်။
မသေတာ(နိဗ္ဗာန်) ကို မဂ်ဥာဏ်နဲ့ သိမှ အသေလွတ်မယ်။
လိုရင်ပူစမြဲ
လိုချင်မှုကြီးလေ၊ မရခင်မှာလည်း မရမှာ ပိုပူရလေ၊ ရပြန်တော့လည်း ဆုံးရှုံးမှာ ပိုပူရလေ ၊ ထပ်ပြီးပိုလိုချင်လေလေပဲ ၊ ဘယ်တော့မှ မချမ်းသာ(အငတ်မပြေ)ဘူး ၊ ရလို့ လိုချင်၊
လိုချင်လို့ရနဲ့ အဆုံးမရှိဘူး၊ ဘာတွေရသလဲသေသေချာချာကြည့်တော့ အပူတွေရတာပါပဲ။
ရသရွေ့ပူနေရမှာပဲ၊ အရများလေ အပူကြီးလေ ၊ ငါထင်နေလို့ ငါပူ ပူနေရတာပါ၊ ငါမရှိတာ ခဏသိနေရင် ခဏပူစရာမရှိ၊ ငါမရှိတာ အမြဲသိနေရင် ဘယ်တော့မှ ပူစရာမရှိတော့ဘူး။
ငါစွဲ အတ္တပြုတ်မှ ငါပူ ဒုက္ခချုပ်မယ်၊ အမှန်မသိလို့ ဖြစ်ရတဲ့ ဒုက္ခချည်းပဲ။
No comments:
Post a Comment