Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 8 October 2012

သတင်းတိုများ


ရန်ကုန်မြို့တွင်းရှိ စည်းကမ်းမဲ့ ယာဉ်များ မှတ်သားဖမ်းဆီးမှု လျော့ကျ လာခဲ့

ရန်ကုန်တိုင်း ဒေသကြီး စည်ပင် သာယာရေး နယ်နိမိတ် အတွင်း စည်းကမ်းမဲ့ မောင်းနှင် လျက်ရှိ တဲ့ မော်တော် ယာဉ်များကို မှတ်သား ဖမ်းဆီး
အရေးယူ ဆောင်ရွက် လျက်ရှိရာ စက်တင်ဘာ လအတွင်းမှာ မှတ်သား ဖမ်းဆီးမှုတွေ လျော့ကျလာပြီ ဖြစ်ပြီး မော်တော်ယာဉ် အစီးရေ တစ်ထောင့် ကိုးရာကျော်ကို မှတ်သား ဖမ်းဆီး အရေးယူ ဆောင်ရွက် ခဲ့တာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး၊ ကြိုးမဲ့ ကြေးနန်းနဲ့ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ ရရှိတဲ့ စာရင်းများ အရ သိရပါတယ်။

အဲ့ဒီလို စက်တင်ဘာ လအတွင်း စည်းကမ်းမဲ့ ယာဉ်များရဲ့ မှတ်သား ဖမ်းဆီး အရေးယူ ခံရမှုဟာ ယခင်လ များထက် လျော့နည်းခဲ့ရာ ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်း အစီးရေ ငါးထောင့် သုံးရာကျော် ဖမ်းဆီး အရေးယူ ခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို မှတ်သား ဖမ်းဆီးရာ မှာတော့ ခရီးသည်တင် ယာဉ်များ လူပို တင်ဆောင်ခြင်း၊ မီးနီဖြတ် မောင်းခြင်း၊ လမ်းမများမှာ ယာဉ်ကို စည်းကမ်းမဲ့ ရပ်ထားခြင်း၊ နှစ်ထပ်ရပ် ထားခြင်းနဲ့ ခရီးသည်တင် ယာဉ်အချင်းချင်း ယှဉ်ပြိုင် မောင်းနှင်ခြင်း များကို မှတ်သား ဖမ်းဆီး ခဲ့တာပဲ ဖြစ်ပါတယ်။

အဲ့ဒီလို မှတ်သား ဖမ်းဆီးမှု ပြုလုပ်တာဟာ လမ်းများ ပိတ်ဆို့မှု မရှိစေဖို့နဲ့ ယာဉ်တိုက်မှု လျော့နည်းစေဖို့ အတွက် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်တယ် လို့လည်း တာဝန်ရှိသူရဲ့ ပြောပြချက် အရ သိရပါ တယ်။ ဒါ့အပြင် မှတ်သား ဖမ်းဆီးမှု လျော့နည်း စေဖို့အတွက် ရန်ကုန်တိုင်း ဒေသကြီး ကြိုးမဲ့ ကြေးနန်းနဲ့ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ တာဝန်ရှိ သူများနဲ့ ခရီးသည်တင် ယာဉ်လိုင်း များမှ တာဝန်ရှိ သူများဟာ ယာဉ်မောင်းများ စည်းကမ်း လိုက်နာစေဖို့ အတွက် ယာဉ်စည်းကမ်း ပညာပေး လုပ်ငန်းများ ပြုလုပ်ပေး နေတယ် လို့လည်း သိရပါတယ်။

ပုဂ္ဂလိကဘဏ်နှင့် ပတ်သက်ပြီးလတ်တလော ကောလဟာလ ဖြစ်မှုကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့

ယခု ရက်ပိုင်းတွင် လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ ပုဂ္ဂလိက ဘဏ်နဲ့ ပတ်သက်ပြီး ကောလဟာလ ဖြစ်ပေါ်မှုကို ဖြေရှင်းခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲကို
အောက်တိုဘာလ ၆ ရက်နေ့က ရန်ကုန်မြို့၊ ရန်ကင်း မြို့နယ်ရှိ မြန်မာနိုင်ငံ ဘဏ်များ အသင်းမှာ ပြုလုပ်ခဲ့ ပါတယ်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲ မှာတော့ ယခုလက်ရှိမှာ ကောလဟလ ထွက်ပေါ် လျက်ရှိတဲ့ ပုဂ္ဂလိက ဘဏ်အပြင် ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်လုပ်ငန်း များဟာ ပုံမှန်အတိုင်း လည်ပတ်လျက် ရှိပြီး ယခုလက်ရှိ ပြင်ပမှာ ပုဂ္ဂလိက ဘဏ်အချို့ ဖျက်သိမ်းမှု များနဲ့ လုပ်ငန်း ရပ်နားမှု ရှိနေခြင်းမှာ ကောလဟာလ သတင်းများသာ ဖြစ်သလို အခုလို ကောလဟာလ သတင်းများ ထွက်ပေါ် လာမှုဟာ ဘဏ်တွေရဲ့ အကျိုး စီးပွားကို ထိခိုက်စေဖို့ အတွက် မလိုလား သူများမှ ထုတ်လွှင့်တဲ့ သတင်းသာ ဖြစ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုတော်ဘဏ် ရန်ကုန် ဘဏ်ခွဲမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြား ချက်အရ သိရပါတယ်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲ မှာတော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရန်ကုန် ဘဏ်ခွဲမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်၊ CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ၊ ဦးဝင်းအောင်နဲ့ ကမ္ဘောဇ ဘဏ်မှ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင် တို့မှ ရှင်းလင်း ဖြေကြားမှုများ ပြုလုပ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။


လာမည့် ကျွဲကောရာသီ အတွက် ကျွဲကောသီး အလုံးရေ တစ်သိန်း လေးထောင်ကျော် စင်္ကာပူနိုင်ငံမှ မှာယူ

မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ
လာမယ့် ကျွဲကော ရာသီမှာ ပြည်တွင်းမှ ကျွဲကောသီး အရေအတွက် တစ်သိန်း လေးသောင်းကျော် ၀ယ်ယူဖို့ စင်္ကာပူ နိုင်ငံက မှာယူထား တယ်လို့ သိရပါတယ်။ လက်ရှိ မှာလည်း ပြည်တွင်းရဲ့ ကျွဲကောသီး တင်ပို့မှု အခြေအနေ ကတော့ စင်္ကာပူ နိုင်ငံတစ် နိုင်ငံတည်း ကိုသာ တင်ပို့ရောင်းချ လျက်ရှိတာ ဖြစ်ပါတယ်။

ဒီလို တင်ပို့ရာ မှာလည်း ပျားရည် ကျွဲကောမျိုး တစ်ခုတည်း ကိုသာ တင်ပို့တာ ဖြစ်ပါတယ်။ စင်္ကာပူ နိုင်ငံသို့ တင်ပို့ရာမှာ ကျွဲကောသီး တစ်ကီလိုဂရမ် အလေးချိန်ကို မြန်မာငွေ ၅၇၅ ကျပ် ရရှိတာ ဖြစ်ပါတယ်။ ဒီလို ပြည်ပသို့ ကျွဲကောသီး တင်ပို့ရာမှာ အကျိုးအမြတ် နည်းပေမယ့် ကျွဲကော စိုက်ပျိုးသူများ အနေနဲ့ အရှုံး မရှိဘူးလို့ သိရပါတယ်။ နောက်ပိုင်း မှာလည်း ဒေသမျိုး ဖြစ်တဲ့ ပန်းရောင် ကျွဲကောသီးမျိုး ကိုလည်း ပြည်ပသို့ တင်ပို့ဖို့ စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ ယခုလက်ရှိ မှာတော့ မြန်မာနိုင်ငံရဲ့ ကျွဲကောသီး များကို မလေးရှား နိုင်ငံမှလည်း ကျွဲကောသီးများ ၀ယ်ယူဖို့ ကမ်းလှမ်းမှုများ ရှိတယ်လို့ သိရပါတယ်။



စက်တင်ဘာ လအတွင်း ရွှေတိဂုံ စေတီတော်သို့ ပြည်ပဘုရားဖူး ဧည့်သည် နှစ်သောင်းကျော် လာရောက် ဖူးမျှော်ခဲ့

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ ရွှေတိဂုံ စေတီတော်သို့ ပြည်ပ ဘုရားဖူး ဧည့်သည် နှစ်သောင်းကျော် လာရောက် ဖူးမျှော်
ခဲ့တယ်လို့ ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ တာဝန်ရှိ သူတစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ကာလတွင် ရွှေတိဂုံ စေတီတော်ကို ပြည်ပခရီးသွားများ ၀င်ရောက်မှုမှ ၀င်ကြေး အနေနဲ့ အမေရိကန် ဒေါ်လာကိုးသောင်း ကိုးထောင်ကျော်နဲ့ FEC 3029 ကျပ်ကို ရရှိခဲ့ပါတယ်။ အဲ့ဒီပြည်ပ ဘုရားဖူး ဧည့်သည်များ စက်တင်ဘာ လအတွင်း ၀င်ရောက်မှုမှာ ထိုင်းနိုင်ငံမှ ခရီးသွားများ အများဆုံး ၀င်ရောက် ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံမှ ဒုတိယ အများဆုံး ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုရီးယား၊ ပြင်သစ်၊ ဂျာမနီ၊ သီရိလင်္ကာ၊ ဘယ်လ်ဂျီယမ်၊ အစ္စရေး၊ နယ်သာလန် အစရှိတဲ့ နိုင်ငံများ မှာလည်း ဘုရားဖူး ဧည့်သည် ၀င်ရောက်မှုများ ရှိတယ်လို့ သိရပါတယ်။ ရွှေတိဂုံ စေတီတော်ကို ပြည်ပ ဘုရားဖူး ဧည့်သည် ၀င်ရောက်မှုဟာ တစ်ရက်ကို ပျမ်းမျှ ၆၈၀ကျော် ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လ အတွင်း မှာတော့ ပြည်ပ ဘုရားဖူး ဦးရေ နှစ်သောင်း တစ်ထောင်ကျော် ၀င်ရောက် ခဲ့တာဖြစ်ပြီး စက်တင်ဘာ လအတွင်း မှာတော့ ခရီးသွား နှစ်သောင်း ကျော်သာ ၀င်ရောက်ခဲ့တဲ့ အတွက် စက်တင်ဘာ လဟာ ဘြဂုတ်လနဲ့ နှိုင်းယှဉ်ပါက ဘုရားဖူး ဧည့်သည် ၀င်ရောက်မှု လူဦးရေ တစ်ထောင် နီးပါး အနည်းငယ် ကျဆင်း ခဲ့ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံကို လာရောက် လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွား ဧည့်သည် အများစုဟာ ရွှေတိဂုံစေတီတော်သို့ လာရောက် ဖူးမျှော်ကြပြီး နောက်ပိုင်းမှာ ပြည်ပ ခရီးသွား ရာခိုင်နှုန်း တိုးတက် လာတာ နဲ့အမျှ ရွှေတိဂုံစေတီသို့လာရောက် ဖူးမျှော်မှုများ ပိုမိုများပြား နိုင်တယ်လို့ သိရပါတယ်။


အခွန်ရှောင်၍ အမည်ပေါက် ပြောင်းလဲခြင်း မရှိသည့် မော်တော်ယာဉ်များ အရေးယူ သွားရန်ရှိ

ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ၏ ၂၀ ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးမှာ
တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ မော်တော် ယာဉ်တွေမှာ အခွန်ရှောင်ပြီး အမည်ပေါက် ပြောင်းလဲခြင်း မရှိတဲ့ မော်တော်ယာဉ် တွေကို သက်တမ်း တိုးခွင့်များ မပြုတော့ဘူးလို့ သိရပါတယ်။

အဆိုပါ အစည်းအဝေးမှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ရန်ကုန်တိုင်း ဒေသကြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့ အနေနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်တဲ့ ယာဉ်များကို အိမ်တိုင် ရာရောက် အကြောင်းကြား ရာမှာ အမည်ပေါက် ပိုင်ရှင် ကိုသာ အကြောင်းကြားရန်နဲ့ အခွန်ရှောင်ပြီး အမည်ပေါက် ပြောင်းလဲခြင်း မရှိတဲ့ မော်တော် ယာဉ်များကို ကုန်လမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနဲ့ တိုင်ပင်ပြီး သက်တမ်း တိုးခွင့်မပြုဖို့ ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တွေ အနေနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်တဲ့ ခရီးသည်တင် ဘတ်စ်ကားများနဲ့ အငှားယာဉ် တက္ကစီများ အပါအ၀င် မော်တော်ယာဉ်များကို အရေးယူ ဆောင်ရွက်ရာမှာ လူပုဂ်္ဂိုလ်၊ အဖွဲ့အစည်း ခွဲခြားမှုမရှိပဲ တိကျစွာ မှတ်သားပြီး ထိထိရောက်ရောက် အရေးယူဖို့ သတ်မှတ် ထားတယ် လို့လည်း သတင်း ရရှိပါတယ်။

၂ နှစ်တာ ကာလအတွင်း HIV/AIDS ရောဂါ မဟာဗျူဟာ စီမံချက်ကို အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကျော် ကုန်ကျခံ ဆောင်ရွက် လျက်ရှိ

ကျန်းမာရေး ၀န်ကြီးဌာန အနေနဲ့ မြန်မာနိုင်ငံ ခုခံအား ကျဆင်းမှု ကူးစက် ရောဂါ အမျိုးသား မဟာဗျူဟာ စီမံကိန်း ၂၀၁၁-၂၀၁၅ကို အကောင်အထည်
ဖော်ဆောင်ရွက် လျက်ရှိပြီး အဆိုပါ စီမံကိန်းရဲ့ ပထမ ၂ နှစ်တာ ကာလ အတွင်းမှာ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကျော် အကုန်ကျခံ ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါ အမျိုးသား မဟာဗျူဟာ စီမံကိန်းဟာ ကျန်းမာရေး ၀န်ကြီးဌာနမှ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ အတွင်းက စတင် လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ မဟာဗျူဟာ စီမံကိန်းမှာ HIV/AIDS ရောဂါ ကူးစက်မှု ပပျောက်စေရေး အတွက် မဟာ ဗျူဟာများ ချမှတ် ဆောင်ရွက် လျက်ရှိပါတယ်။ အဆိုပါ စီမံကိန်းမှာ ဆောင်ရွက် လျက်ရှိတဲ့ လုပ်ငန်းစဉ်များ အနေနဲ့ အန္တရာယ် ရှိတဲ့ လိင်ဆက်ဆံမှုနဲ့ မူးယစ်ဆေးဝါး ထိုးသွင်းမှု တို့ကြောင့် HIV ပိုးကူးစက်ခြင်းကို ကာကွယ်ရေးနဲ့ HIV ပိုးကူးစက် ခံရသူများ၊ AIDS လူနာများ အတွက် စဉ်ဆက်မပြတ် ပြီးပြည့်စုံတဲ့ ပြုစုကုသ စောင့်ရှောက်ရေး လုပ်ငန်းများ ပါဝင်ပါတယ်။ ဒါ့အပြင် HIV ပိုးကူးစက် ခံရသူများ AIDS လူနာများနဲ့ ၎င်းတို့ရဲ့ မိသားစုများ အပေါ် ဆိုးကျိုး သက်ရောက်မှုများ လျော့နည်း စေရေးနဲ့ HIV ရောဂါနဲ့ ပတ်သက်တဲ့ အသိပညာပေး လုပ်ငန်းစဉ်များကို ဆောင်ရွက် လျက်ရှိတာ ဖြစ်ပါတယ်။

အဆိုပါ အမျိုးသားမဟာဗျူဟာ စီမံကိန်းမှာ ၂၀၁၁-၂၀၁၂ ၂ နှစ်တာ ကာလ အတွင်းမှာ ခန့်မှန်း ကုန်ကျစရိတ် အနေနဲ့ အမေရိကန် ဒေါ်လာ ၁၁၁.၇ သန်း ခန့်မှန်း ကုန်ကျမှာဖြစ်ပြီး ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ စီမံချက် ကာလ ၅ နှစ်တာ ကာလ အတွင်း မှာတော့ အမေရိကန် ဒေါ်လာ ၃၄၃.၆ သန်း ခန့်မှန်း ကုန်ကျမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စီမံချက် ဆောင်ရွက်ရန် အတွက် ဘဏ္ဍာငွေ ထောက်ပံ့မှု ကိုတော့ ကမ္ဘာ့ရန်ပုံငွေ အဖွဲ့ The Global Fund မှ ရန်ပုံငွေ ထောက်ပံ့ပေးဖို့ သဘောတူညီ ထားပြီး လက်ရှိ အနေအထား အရ နိုင်ငံအတွင်း HIV/AIDS လုပ်ငန်းများ ဆောင်ရွက်ရာမှာ လိုအပ်တဲ့ ငွေရဲ့ ၉၅ ရာခိုင်နှုန်း ခန့်ကို အပြည်ပြည် ဆိုင်ရာ အလှူရှင် အဖွဲ့အစည်း များမှ လှူဒါန်းလျက် ရှိတယ်လို့ အဆိုပါ အမျိုးသား မဟာဗျူဟာ စီမံကိန်း အရ သတင်း ရရှိပါတယ်။

သာကေတ မြို့နယ်တွင် ဓာတ်အားပေး စက်ရုံတည်ဆောက်မှု စတင်ပြီ

ရန်ကုန်တိုင်း ဒေသကြီး၊ သာကေတ မြို့နယ်မှာ သဘာဝ ဓာတ်ငွေ့ ဓာတ်အားပေး စက်ရုံနဲ့ စွန့်ပစ် ပစ္စည်းသုံး ဓာတ်အားပေး စက်ရုံ ဆောက်လုပ်မှုကို စတင်
ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ လျှပ်စစ်စွမ်းအား ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို ဆောက်လုပ်မှုကို ကိုရီးယား နိုင်ငံ Busan Korea Biotechnology ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ် တာဖြစ်ပြီး လျှပ်စစ် ဓာတ်အား ၅၀၀ မဂ္ဂါဝပ် ရရှိမှာ ဖြစ်ပါတယ်။

အဆိုပါ စီမံကိန်းမှာ စီမံကိန်း အဆင့်လိုက် ပြီးစီးအောင် ဆောင်ရွက်မှု အနေနဲ့ ၂၀၁၃-၁၄ ဘဏ္ဍာရေး နှစ်မှာ လျှပ်စစ် ဓာတ်အား ၁၆၆ မဂ္ဂါဝပ် ရရှိမှာဖြစ်ပြီး ၂၀၁၄-၁၅ ဘဏ္ဍာရေး နှစ်မှာတော့ ၁၆၆ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ရရှိမှာ ဖြစ်ပါတယ်။ အဆိုပါ ဓာတ်အားပေး စက်ရုံ တည်ဆောက်မှုမှ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် မှာတော့ သတ်မှတ် ထားတဲ့  လျှပ်စစ်ဓာတ်အား ၅၀၀ မဂ္ဂါဝပ်အပြည့် ရရှိမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါ သဘာဝ ဓာတ်ငွေ့ ဓာတ်အားပေး စက်ရုံနဲ့ စွန့်ပစ်ပစ္စည်းသုံး ဓာတ်အားပေး စက်ရုံကို ၂၀၁၄ နွေအမီ ပြီးစီးအောင် ဆောက်လုပ် သွားမှာဖြစ်ပြီး ဓာတ်အား ရရှိမှု မှာတော့ အဆိုပါ စက်ရုံရှိ ဓာတ်အားပေး စက်များ ပြီးစီမှု အပေါ်မှာ မှုတည်ပြီး ဘဏ္ဍနှစ် အလိုက် လျှပ်စစ်ဓာတ်အားများ ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်း ဒေသကြီးမှာ ယခုလို ဆောက်လုပ်မှု အပြင် တရုတ်နိုင်ငံ မှလည်း လှော်ကားမှာ သဘာဝ ဓာတ်ငွေ့ ဓာတ်အားပေး စက်ရုံ တစ်ရုံ၊ ထိုင်းနိုင်ငံမှ အလုံ မြို့နယ်မှာ သဘာဝ ဓာတ်ငွေ့ ဓာတ်အားပေး စက်ရုံ တစ်ရုံတို့ ကိုလည်း ဆောက်လုပ် သွားဖို့ ရှိတယ်လို့ သတင်း ရရှိပါတယ်။


ဒေသဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ် လျက်ရှိ

ဒေသဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ နိုင်ငံရေး၊ စီမံအုပ်ချုပ်ရေး၊ ဘဏ္ဍာရေး ကိစ္စရပ်များ ဖြေလျော့မှု ဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန်မြို့ ကန်တော်ကြီး
Palace Hotel မှာ ကျင်းပပြုလုပ် လျက်ရှိပါတယ်။ ဒီလို ကျင်းပ ပြုလုပ်မှုဟာ အောက်တိုဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့ အထိ ၃ ရက်ကြာ ကျင်းပပြုလုပ် လျက်ရှိတာ ဖြစ်ပါတယ်။ အခုလို ဆွေးနွေးပွဲမှာ နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး စတဲ့ အရာတွေကို ဗဟိုမှ ချုပ်ကိုင် ထားမှုတွေကို ပြောင်းလဲ လာတဲ့ ဒီမိုကရေစီ စနစ်နဲ့အညီ အဘက်ဘက်မှ လျော့ချ နိုင်ရေး အတွက် ရည်ရွယ် ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ဆွေးနွေးရာမှာ ဂျာမနီနိုင်ငံမှ ဖောင်ဒေးရှင်း ဖြစ်တဲ့ KAS အပြင်အခြား ပြည်ပနိုင်ငံ များဖြစ်တဲ့ အိန်္ဒိယ၊ တရုတ်၊ စပိန်၊ ဂျာမနီ၊ မလေးရှား၊ အင်ဒိုနီးရှား အစရှိတဲ့ နိုင်ငံများမှ ပညာရှင်များ မှလည်း ၎င်းတို့ အနေနဲ့ သက်ဆိုင်ရာ နိုင်ငံ အသီးသီးမှာ ဆောင်ရွက်ခဲ့ရတဲ့ အခြေအနေများ၊ အတွေ့အကြုံများ ကိုလည်း ဆွေးနွေးပေး ခဲ့ပါတယ်။ အဆိုပါ ဆွေးနွေးပွဲ ကိုတော့ အာရှနဲ့ ဥရောပ နိုင်ငံများမှ နိုင်ငံသား လွှတ်တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ပညာရှင်များနဲ့ တိုင်းနှင့် ပြည်နယ် အသီးသီးမှ လွှတ်တော် ဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်များ၊ ပါတီ ၈ခု ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြတယ်လို့ သိရပါတယ်။




GSM အင်တာနက် အသုံးပြုမှုများအဆင်ပြေစေရန် အဆင့်မြင့်တင်မှုများ ပြုလုပ်သွားမည်

ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန် ချက်အရ ဂျီအက်စ်အမ် အင်တာနက် အသုံးပြုမှုများ
အစဉ်ပြေစေဖို့ အတွက် ဂျီအက်စ်အမ် အင်တာနက် Network အဆင့်မြင့်တင်မှု တွေကို ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုလက်ရှိ ပြည်တွင်းမှာ GSM အင်တာနက် အသုံးပြုသူများ ပိုမိုများပြား လာပြီး သုံးစွဲမှု ပိုမို အဆင်ပြေ စေဖို့အတွက် Upgrade ပြုလုပ်မှုတွေကို ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

အဆိုပါ အဆင့်မြင့်တင်မှု မှာတော့ ရန်ကုန်မြို့တွင်း Huawei  GSM/UMTS စနစ်နဲ့ ချိတ်ဆက် အသုံးပြုလျက် ရှိတဲ့ Internet User များ နေ့စဉ် တိုးတက် များပြား လာတဲ့ အတွက် Huawei  network SGSN Capacity (2.75)G ကို သုံးစွဲမှု အစဉ်ပြေစေရန် Expansion ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ အခုလို ပြုလုပ်မှု တွေကြောင့် အောက်တိုဘာလ ၁၀ ရက်နှင့် ၁၅ ရက်နေ့တို့မှာ Huawei  network SGSN နဲ့ချိတ်ဆက် ထားတဲ့  GSM ဖုန်းများရဲ့ ၂.၇၅G internet အသုံးပြုမှု တွေဟာ နံနက် ၂ နာရီမှ နံနက် ၂ နာရီခွဲ အချိန်အထိ မိနစ် ၃၀ကြာ အင်တာနက်လိုင်း ခေတ္တ ပြတ်တောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ပြတ်တောက်ရာမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ Huawei GSM/UMTS စနစ် ချိတ်ဆက် အသုံးပြုတဲ့ နေရာတွေဖြစ်တဲ့ မရမ်းကုန်း၊ လှိုင်၊ အင်းစိန် စတဲ့ မြို့နယ်များ အပါအ၀င် မြို့နယ် ၁၂ မြို့နယ်မှာ ပြတ်တောက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် GSM/UMTS အင်တာနက် စနစ် ချိတ်ဆက် အသုံးပြု လို့ရနေတဲ့ နေရာတွေ ဖြစ်တဲ့ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ နေပြည်တော် ၊ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ ကယားပြည်နယ် တောင်ပိုင်း တို့မှာလည်း ခေတ္တ ပြတ်တောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။








No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့