Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 24 October 2012

၇ ရက်သားသမီးများအတွက် တသက်စာဗေဒင်ဟောစတမ်းလေးပါ

 ၇ရက်သားသမီးများအတွက်ဗေဒင်ယောစာတမ်းလေးကိုအောင်ကျော်ခန့်မှအခမဲ့ဟောပေးခဲ့ပါသည်

တနင်္ဂနွေ

၂၀၁၂ ဇန်န၀ါရီလမှစ၍ တနင်္ဂနွေသားသမီးများလည်း စာမေးပွဲကျခြင်း၊ အူကျခြင်း၊ စိတ်ဓါတ်ကျခြင်းများ မရပ်မနားဖြစ်တတ်သည်။ အမျိုးသားများအနေဖြင့် အမျိုးသမီးများ၏ သဘောကျခြင်းကိုလည်း ခံရတတ်သည်။ တနင်္ဂနွေနံအလုပ်များဖြစ်သည့် အုတ်စီခြင်း၊ အရက်ပုန်းရောင်းခြင်း၊ ဥ (ကြက်ဥ၊ ဘဲဥ) ရောင်းခြင်းများ အကျိုးပေးလတ္တံ့။ အချစ်ရေး အနေနှင့် မဖြစ်သေးသည်က များနေတတ်သည်။ အညံ့များပြေပျောက်စေရန် - တနင်္ဂနွေ၏ အညွန့်နံဖြစ်သော စနေနံပါသည့် တောက်တဲ့ ကို ဓါးမနှင့်ခုတ်ပြီး ထွန်စက်အောက်တွင် ထားကာ “ဒို့ကတော့ … ဒို့ကတော့ … ဒိုးရတော့မယ် အချစ်ရေ” ဟု သက်စေ့ရေရွတ်ပေးပါ။

တနင်္လာ

၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး မွေးနေ့ပိုင်ရှင်များဖြစ်သည်။ နေစရာ၊ စားစရာ မပူရသော နေရာမျိုးရကိန်းရှိသည် (ဥပမာ - ထောင်)။ အချိန်တန်လျှင် ပြုစုယုယမည့်လူများ ဝိုင်းနေတတ်သည် (ဥပမာ - ဆေးရုံအရေးပေါ်ခန်းအတွင်း)။ ကိုယ်ကောင်းစားစဉ်က ထောက်ပံ့ခဲ့သည့်အကျိုးကြောင့် သင် သူတောင်းစားဖြစ်လျှင် အကြွေထည့်မည့်လူ ပေါတတ်သည်။ အချစ်ရေးတွင် ကံပွင့်နေသဖြင့် အရူးလိုက်ဆွဲကိန်း၊ တခုလပ်၊ မုဆိုးဖိုများနှင့်ငြိကိန်းများပင် ကွက်ကွက်ကွင်းကွင်း မြင်နေရသည်။ ကံကောင်းသထက် ကောင်းစေရန် - ကုက္ကိုလ်ပင်အောက်တွင် ကြံရည်ရောင်းသော ကလေးအမေကို ကိုးယိုးကားယား အဝတ်များဝတ်၍ ကစ် (Kiss) သွားပေးပါ။

အင်္ဂါ

စ၊ဆ၊ဇ၊ဈ၊ည နှင့်စသော အင်္ဂါသားသမီးများမှာ အနည်းငယ် အားနည်းနေတတ်သည်။ ဇရက်မင်းစည်းစိမ်နှင့် နေလိုသော်လည်း ဆိုက်ကားသမားလို ရုန်းကန်နေရတတ်သည်။ ရွေးကောက်ပွဲပင် ဝင်ခွင့်မရှိ၊ ထောက်ခံပွဲတွင်ပင် မဲပေးခွင့်မရှိသော အခြေအနေများ ကြုံလာရလတ္တံ့။ ဆန္ဒပြပွဲတွင် ပါမိပါက ဆေးရုံ၊ ဇရပ်၊ ဈေးအိမ်သာများတွင် သီတင်းသုံးရအံ့။ ကျန်းမာရေး အညံ့ကြီးမဟုတ်သော်လည်း ညအိပ်လျှင် မျက်လုံးပိတ်သွားခြင်း၊ ဆီးသွားလျှင် အရည်များဖြစ်နေခြင်း စသည့် ကုသမရနိုင်သော ဝေဒနာလေးများရှိတတ်သည်။ အဆိုးတွေပျောက်၊ အကောင်းတွေ ရောက်စေရန် ကြာသာပတေးနေ့တွင် ပရုပ်လုံးကို ပန်းကန်နှင့်ထည့်ပြီး ပလုပ်ပလောင်းစားပါ။

ဗုဒ္ဓဟူး

ရတနာပုံဈေး မီးလောင်မှုအပြီးတွင် ဗုဒ္ဓဟူး သားသမီးတို့၏ ကံကြမ္မာမှာ အထူးပင် ထွန်းလင်းအံ့။ သို့သော် နေ့တူနံတူများ ဒုက္ခပေးတတ်သဖြင့် ရပ်ကွက်လူကြီး၊ ရဲ၊ လမ်းပြပုလိပ်၊ ဝန်ကြီးတို့နှင့်တည့်အောင်ပေါင်းပါ။ ရေငတ်တုန်း ရေနံတွင်းထဲကျ ဆိုသလို မျှော်လင့်ထားသည်များ ဖြစ်လာတတ်သည်။ ရောဂါဟောင်းများ ပြန်ထတတ်သဖြင့် ရောဂါသစ်များရှာထားပါ။ ရင်ခုန်စရာ လက်တွဲဖေါ်ကို တွေ့ရနိုင်သော်လည်း ရုတ်တရက် သင်လေဖြတ်သွားသဖြင့် လွဲကောင်းလွဲနိုင်သည်။ ယတြာအနေဖြင့် လမ်းမကြီးတစ်ခုပေါ်တွင် ကန့်လန့်လှဲကာ “လိပ်ခေါင်းဖြစ်လို့ လမ်းမပေါ် လှဲနေတာ၊ လာမကြည့်နဲ့၊ လုပ်လိုက်လို့ လဲသေနေမယ်” ဟု ကျယ်ကျယ်လောင်လောင် လေးဆယ့်ငါးခါ အော်ပါ။

ကြာသာပတေး

“ကြာသာပတေးကြွက် - ထမင်းငတ်”လို့ ဆိုရလောက်အောင် ဝင်ငွေချို့တဲ့မည်။ ဘုန်းကြီးများပင် အတုဟု စွပ်စွဲခံရသဖြင့် ဆွမ်းခံရခက်သွားနိုင်ရုံသာမက ပျံတော်ပါမူတတ်သည်။ ဘလော့ဂ်ဂါများ ကံဆိုးလျှင် အဖမ်းခံရနိုင်သည်။ ပြည့်တန်ဆာလုပ်ငန်း၊ ဖဲဝိုင်း၊ ဘုံဆိုင်များပင် ခြောက်ကပ်အံ့။ မျက်နှာရူးများ၊ မယားကြောက်သူများကတော့ အနေအစားချောင်နေနိုင်သည်။ ကျန်းမာရေးအနေဖြင့် ပျားတုပ်ခံရခြင်း၊ ပုရွက်ဆိတ်ကိုက်ခံရခြင်း၊ မြွေပေါက်ခံရခြင်းစသော အသေးအမွှားလေးများ ရှိနိုင်သည်။ ဘုရားဖူးရင်း မာယာများသူနှင့် ကြုံတတ်သဖြင့် ဘေးဘယ်ညာကို သတိပြုပါ။ မဖြစ်မနေ လုပ်ရမည့် ယတြာမှာ အင်္ဂါနေ့တွင် စွယ်တော်ဘုရားသို့သွား၍ စောင်ခြုံရင်း စိပ်ပုတီးစိပ်ကာ “စိန်စီသော စစ်တပ်ကြီး ဆပ်ကပ်ပြပါဗျို့” ဟု ရေရွတ်ပါ။

သောကြာ

သောကြာသားသမီးများ ခေတ်ကောင်းချိန် ကုန်ဆုံးစပြုနေပြီဖြစ်သဖြင့် ဘုရား၊တရား ဦးစားပေးလုပ်သင့်သည်။ ပတ်ဝန်းကျင်၏ ကဲ့ရဲ့မှုကို မတော်တဆခံရသည့်အခါ တရားနှင့်ဖြေနိုင်အောင် ကျင့်ထားသင့်သည်။ ကောင်းအောင်လုပ်ပေးသမျှမှာ “သဲထဲရေသွန်” ဆိုသလို အရာမထင်ဖြစ်တတ်သည်။ ကျန်းမာရေးအနေနှင့် စိုးရိမ်စရာ မရှိဘဲ ရုတ်တရပ် သေသွားကိန်းသာမြင်သည်။ အချစ်ရေးတွင် သည်းသည်းလှုပ်ချစ်တတ်သူများ၊ “ဟန်နီ” ဟု တဖွဖွခေါ်နေမည့်သူများ ရှိတတ်သော်လည်း “အလာကောင်းပေမယ့် အခါနှောင်းခဲ့ပြီ” ဆိုသလို သင်က စိတ်သွားတိုင်း ကိုယ်မပါဖြစ်တတ်သည်။ ယတြာမှာ သောကြာနေ့ည ၁၂ နာရီတိတိတွင် ခွေးနှင့်ဝက်ကိုလက်စွဲကာ ခြင်ထောင်ကို အပတ် ၁၀၀ ပတ်ပါ။

စနေ

“စနေတို့ဘုန်း မိုးသို့ချုန်း” ဆို ဘုန်းတန်ခိုးကြီးအံ့။ နိုင်ငံရေးသမားများ ထောင်၊ တန်း၊ ထိပ်တုန်း၊ ဒဏ်ရာ၊ ထိန်ပင် စသည်တို့နှင့် ဝေးနေနိုင်သော ကာလကောင်းဖြစ်လေသည်။ စနေနံအလုပ်များဖြစ်သည့် တောင်းစားခြင်း၊ ထန်းရည်ဆိုင်၊ နို့ထွက်ပစ္စည်းများ၊ ဓါးမရောင်းခြင်းများ နေပြည်တော်ဘက်တွင် အဆင်ပြေနိုင်သည်။ တိတ်တခိုးချစ်လာသော တောသူ၊ တောသားလေးများနှင့် မေတ္တာမျှတတ်သည်။ နှလုံးရောဂါသည်များ နှစ်ရက်အတွင်း ပျက်စီးကိန်းရှိသည်။ ယတြာမှာ စနေနေ့ နေ့လယ် ၁၂ နာရီတွင် ဒန်းတစ်ခုအပေါ်မတ်တပ်ရပ်ပြီး တောင်ပံရိုးတစ်ခုကိုကိုက်ကာ “တပ်မတော်ကြီးလည်း ချီလာပါပြီ” ဟု စစ်ချီဟန်လုပ်ပါမှ အဆိုးများ ပြေပျောက်ပေမည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့