Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 18 October 2012

ကျွန်တော်နှင့် Galaxy Ace


ကျွန်တော် “ပင်စင်နာ” (Pensioner)သည် အသက် ၇၀ ရှိပြီဖြစ်သော်လည်း လက်ကိုင်ဖုန်းကို Nokia အမျိုးအစားကိုသာ ကိုင်သုံးနေသည်မှာ ငါးနှစ်တောင် ကျော်ခဲ့ပါပြီ။ ကျွန်တော် ကျွမ်းကျင်တာဆိုလို့ ဖုန်းခေါ်မယ်၊ ဖုန်းလာရင်ပြောမယ် ဒီလောက်ပဲလုပ်တတ်ပါတယ်။ ဘာပြဿနာမှလည်း မရှိပါဘူး။

ဒါပေမဲ့ ကျွန်တော်နဲ့ စနေနေ့ ညနေတိုင်း ဂေါက်ကွင်းမှာ တွေ့နေတဲ့ သူငယ်ချင်းတွေအားလုံးက iPhone ၊ Galaxy SIII ၊ HTC ၊ Huawei တွေနဲ့ချည်းပဲ။ မိတ်ဆွေတစ်ယောက်များဆိုရင် ဖုန်းနှစ်လုံးတောင်ရှိသေး။ ဟိုဖုန်းက မြည်လိုက်၊ ဒီဖုန်းကမြည်လိုက်နဲ့ လက်တောင်မလည်ဘူး။ သူ့ကိုကြည့်ရတာ ကျွန်တော်ပါ စိတ်မောလာတယ်။ စကားကောင်းကောင်း မပြောနိုင်ဘူး။ ပြောမယ်လုပ်ရင်း ဖုန်းမြည်ရင်းပေါ့။ ထားပါတော့လေ...။

ကျွန်တော် တစ်နေ့ကျတော့ Touch Screen ပါတဲ့ ဖုန်းတစ်လုံး လိုချင်စိတ် ဘယ်ကနေဘယ်လို ဖြစ်သွားလဲမသိပါဘူး။ ရူးတယ်ပဲပြောပြော  လိုချင်စိတ်ကတော့ ပိုပြီးဆိုးလာတာ သေချာပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ Peer Pressure ပေါ့ဗျာ။ ပတ်ဝန်းကျင်ရဲ့ စေ့ဆော်မှုလို့လည်း ပြောလို့ရပါတယ်။

ဒါနဲ့ပဲ ကျွန်တော်လည်း မိတ်ဆွေတွေညွှန်းတဲ့ ပါရမီလမ်းက “လူကြီးမင်းဖုန်းဆိုင်”ကို ရောက်သွားပါလေရော။ ဖုန်းတွေကလည်း Brand အမျိုးမျိုး၊Function တွေကလည်း စုံလို့ပါပဲ။ ကိုယ်က အသက်လည်းရလာပြီး ခေတ်နောက်ကျန်နေတော့ မသိတာတွေလည်း များတာပေါ့လေ။ ဒါကြောင့် ဆိုင်က၀န်ထမ်းတွေကို မေးရမှာတောင် အားနာမိပါတယ်။ ဒီလိုနဲ့ပဲ ကိုယ်သိချင်တဲ့ Function တွေကို ရေးချပြီး ဆိုင်က ကလေးမလေးကို ပြလိုက်တယ်။ သူ့ကြည့်ရတာ တော်တော်လေး ဖုန်းအကြောင်း နားလည်ကျွမ်းကျင်ပုံ ရပါတယ်။ ကျွန်တော့်ကို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြတယ်။ ဒီလို“ပင်စင်နာ”ကြီးကို ရှင်းပြဖို့ဆိုရင် တော်ရုံစိတ်ရှည်မှုနဲ့ မရဘူးလေ။

တိုတိုပြောရရင် ဈေးနှုန်းသင့်တင့်တဲ့ Samsung Galaxy Ace ကို ၀ယ်ဖြစ်ခဲ့ပါတယ်။ ဖုန်းဈေးက ၁၈၈၀၀၀ ကျပ်ပါ။ ဒါပေမဲ့ Application တွေ၊ အင်တာနက်တွေ၊ မြန်မာ Font တွေ ထည့်လိုက်တော့ ဈေးနှုန်းက ကျပ်နှစ်သိန်းငါးသောင်းဝန်းကျင်လောက် ကျသွားတာပေါ့။

ကဲ - ဖုန်းလည်းရရော သင်တန်းကတော့ စပါပြီ။ ဖုန်းခေါ်နည်း၊ ပိတ်နည်း၊ Contacts ရှာ နည်း၊ Gmail အသုံးပြုပုံ၊ စာရိုက်နည်း၊ ရိုးရိုးစာလုံး၊ စာလုံးအကြီးရေးနည်း စသည်ကို ဆိုင်က၀န်ထမ်းက ပြပေးပါတယ်။ ကျွန်တော့်ကို ဖုန်းသုံးတာသင်ပေးတဲ့ ကလေးမလေးက အသက် ၂၀ ကျော်လောက်ပဲ ရှိမယ်။ ပါးစပ်ကလည်းပြော၊ လက်ကလည်းရိုက်ပြ၊ မြန်လွန်းလို့ ခဏခဏ ပြန်ပြခိုင်းရတယ်။ ဒါကိုပဲကြည့်လေ။ လူငယ်နဲ့လူကြီး အသက်တင်ကွာတာ မဟုတ်ပါ။ ဦးနှောက်သင်ယူမှုကလည်း ကွာတယ်ဆိုတာ သိလိုက်ပါတော့တယ်။

သင်တန်းကတော့ လွယ်လွယ်နဲ့မပြီးသေးပါ။ Gmial ၊ Skype ၊ Viber စတာတွေကို ဖွင့်နည်းပိတ်နည်းတွေကိုပါ သင်ယူရပါသေးတယ်။ ကြာလာတော့ ဦးနှောက်က Hang ဖြစ်လာချင်တယ်။ ဒါနဲ့ ကလေးမလေးကို နောက်မှဆက်သင်ပါရစေလို့ တောင်းပန်ပြီး တစ်နေ့တာသင်တန်းကို နားခဲ့ပါတယ်။

အိမ်လည်းရောက်ရော ဖုန်းကိုဖွင့်ကြည့်တယ်။ အိုကေပါပဲ။ ကျွန်တော့်ညီမရဲ့ဖုန်းကို ခေါ်ကြည့်တယ်။ ဒါလည်းရနေပြီ။ ဒါနဲ့ ခလုတ်တွေကို ဆက်နှိပ်ကြည့်လိုက်၊ ပိတ်လိုက်လုပ်မိတယ်။ သြော်..“မျောက်အုန်းသီးရတယ်”ဆိုတာ ဒါပဲဖြစ်မယ်လို့ တွေးမိတယ်။

စနေနေ့ ညနေလည်းရောက်ရော ထုံးစံအတိုင်း ဂေါက်ကွင်းက သူငယ်ချင်းတွေလည်း ဖုန်းမခေါ်လာဘူးလို့တွေးပြီး စောင့်နေတယ်။ နောက်တော့ အိမ်ရှေ့မှာနေတဲ့ သူငယ်ချင်းကလာပြီး “မင်းဖုန်းပိတ်ထားတာလား”ဆိုပြီး မေးတယ်။ ချက်ချင်းပဲ ဖုန်းကိုကြည့်လိုက်တော့ လေယာဉ်ပုံကလေး ပေါ်နေတယ်။ အဲဒါ Flight Mode ဆိုတာ နောက်မှသိရတယ်။ လေယာဉ်အတက်အဆင်း ဖုန်းမသုံးရအောင် ခဏပိတ်ထားတဲ့ ခလုတ်ဖြစ်တယ်။ သြော်.. ဒါကြောင့်ကိုး။

ဖုန်းပွင့်သွားပြီးနောက် ဖုန်းခေါ်သံကြားတယ်။ ဒါနဲ့ ဖုန်းကိုကောက်ကိုင်လိုက်ပြီး “ဟယ်လို၊ ဟယ်လို”ဆိုပြီး အကြိမ်ပေါင်းများစွာ ပြောနေမိပြန်ရော။ ဒါပေမဲ့ ဘာသံမှမကြားရဘူး။ နောက်တော့မှ ဖုန်းရဲ့ Screen ကို ညာဘက်တွန်းလိုက်မှ အသံကြားရတယ်။ ဆိုင်မှာတုန်းက ဆရာမလေးကတော့ သင်ပေးလိုက်မှာပါ။ ဒါပေမဲ့ ကျွန်တော့်မှတ်ဉာဏ်တွေက အောက်နေပြီ။

နောက်တစ်ဆင့် နိုင်ငံခြားကို အီးမေးလ်ပို့မယ်ပေါ့နော်။ မေးလ်ဆိုတဲ့ “M” ပြထားတဲ့ခလုတ်ကို နှိပ်လိုက်တယ်။ စာရိုက်ဖို့ Compose Mail ကို နှိပ်လိုက်တော့ Email Address နှင့် Subject တွေ ပေါ်လာတယ်။ ကဲ- စာစရိုက်ပါပြီ။ Key တွေကို ဘယ်လိုနှိပ်နှိပ် မပေါ်လာပါဘူး။ Cursor ကို နှိပ်လိုက်တော့မှ ဆက်ရိုက်လို့ ရတော့တယ်။

ပြီးတော့ Screen က သိပ်ပြီးနူးညံ့တော့ “W” ကိုနှိပ်ရင် “E” ဖြစ်၊ “A” ကိုနှိပ်ရင် “S” ဖြစ် စသည်ဖြင့် ကမောက်ကမတွေ ဖြစ်နေတော့တာပဲ။ ဒါတောင် တိုတိုလေးရိုက်တာကို အချိန် ၁၅ မိနစ်လောက် ပေးလိုက်ရတယ်။ အသက်ကြီးမှ လက်ပေးသင်နေရတဲ့ ခွေးလိုမျိုး ဖြစ်နေတော့တာပေါ့။ ကိုယ့်ဟာကိုယ်ပြန်ပြီး အားပေးရတော့တာပါပဲ။ “စိတ်ရှည်ရမယ်။ ဒါပြဿနာမဟုတ်ဘူး။ စိန်ခေါ်မှုတွေလို့ ခံယူရမယ်”ဆိုတာပေါ့။

ကျွန်တော် နောက်တစ်နေ့ကတော့ တစ်ဆင့်တက်ပြီး စမ်းသပ်ပြန်ပါတယ်။ ဒါကတော့ ဖုန်းကအင်တာနက်ကိုဖွင့်ပြီး G-Talk ကို ၀င်ကြည့်တာပါပဲ။ စာရိုက်တာလည်း အမှားနည်းလာတယ်။ တိုးတက်လာတဲ့ သဘောပေါ့နော်။ အကျေနပ်ကြီး ကျေနပ်နေမိပါတော့တယ်။ ဒါပေမဲ့ နေ့လယ် အင်တာနက်ကို တစ်ခါပြန်ဖွင့်တဲ့အခါကျတော့ သူ့အလိုလို “ON” နေတာ တွေ့ရတယ်။ ဒီလိုမျိုး ဖွင့်ရက်ကြီးဖြစ်နေတာ ငါးနာရီလောက်ရှိပြီ။ ဒုက္ခပါပဲဆိုတဲ့ စကားလုံးတစ်လုံးကလွဲပြီး ဘာမှမပြောတတ်၊ ပြန်လည်းမပိတ်တတ်ပေါ့။ ခလုတ်တစ်ခုနှိပ်ဖို့အတွက် “လူကြီးမင်း”ဆီ ပြေးရမယ်ဆိုရင်လည်း ဓာတ်ဆီဖိုးတောင် မကာမိပါဘူး။ သင်ခန်းစာပေါ့ဗျာ။

Touch Screen က လက်မငြိမ်တဲ့သူ၊ လက်တုန်တဲ့သူဆိုရင် ဘယ်လိုမှမဖြစ်ဘူး။ ခလုတ်တစ်ခုကိုနှိပ်တဲ့အခါ နည်းနည်းလေးမှ အမှားမခံဘူး။ ဘယ်ညာအတိမ်းအစောင်းလည်း မခံဘူး။ စူးစိုက်မှု(Concentration) အပြည့်ရှိမှ ရတယ်။ သမာဓိကောင်းဖို့ လိုအပ်ပါတယ်။ စာရိုက်လို့ တွေ့တဲ့အမှားတွေ ပြောပြရရင်တော့ အများကြီးပါပဲလေ။ တဖြည်းဖြည်းတော့ မှန်လည်းမှန်လာသလို မြန်လည်းမြန်လာပါတယ်။

ဒီလိုနဲ့ Galaxy က User Friendly ဖြစ်လာတယ်။ Gmail ၊ G-Talk တွေတင် မကပါဘူး။ Skype ၊ Viber စတာတွေရော၊ SMS ရော ပို့တတ်လာတယ်။ ဖုန်းကတော့ Connection ပေါ်မှာ မူတည်တာပေါ့နော်။ ကနေဒါနဲ့ ပြောတာတောင် မြို့တွင်းမှာပြောသလို ကြည်ကြည်လင်လင် ကြားရတယ်။

အခုဆိုရင် လမ်းသွားရင်း ဓာတ်ပုံရိုက်ကြည့်တယ်။ 5MP ဆိုတော့ ပုံတွေက ထင်ထင်ရှားရှား မြင်ရတယ်။ လျှပ်တစ်ပြက် မြင်လိုက်ရတဲ့ဟာ ဥပမာ-လမ်းဘေးဈေးသည်တွေ၊ စီတန်းလမ်းလျှောက်ဆန္ဒပြတာတွေ၊ ယာဉ်တိုက်မှုတွေ စသည်ဖြင့်ရိုက်ပြီး ဂျာနယ်တိုက်တောင် ပို့လို့ရပြီ။ Photo Journalist တောင် လုပ်ချင်လာသေးတယ်။

မနေ့ကတော့ Zawgyi One ကို Install လုပ်ပြီး မြန်မာစာရိုက်ကြည့်တော့ အင်္ဂလိပ်စာထက် အများကြီးခက်တယ်ဆိုတာ တွေ့ရတယ်။ “ဘဦး ရေကူးနေသည်” ဆိုတဲ့စာတန်းကို ၁၅ မိနစ်လောက် ရိုက်လိုက်ရတယ်။ မြန်မာ Font ထည့်တယ် ဆိုတာကလည်း အယ်ဒီတာ့ထံပေးစာရေးဖို့၊ အခါအခွင့်သင့်လို့ ရေးစရာအကြောင်းပေါ်လာရင် ရေးဖို့ပေါ့နော်။ နောက်ပြီး ၀က်ဘ်ဆိုက်တွေမှာပေါ်တဲ့ Myanmar Blog တွေကို ဖတ်ချင်တာလည်း ပါတာပေါ့နော်။ သတင်းဦး သတင်းထူးတွေကို ဦးဦးဖျားဖျား ဖတ်ချင်တဲ့ မျှော်လင့်ချက်ကလေးနဲ့ပေါ့လေ။

ကျွန်တော့်လို ပင်စင်နာ အလုပ်လက်မဲ့တွေကို မျှဝေချင်တာလေး ရှိပါတယ်။ Galaxy ရပြီးကတည်းက ကျွန်တော့်အတွက် တစ်နေ့မှာ ၂၄ နာရီ ရှိတဲ့အချိန်လေးဟာ နည်းနေသေးတယ်လို့တောင် ထင်ရပါသေးတယ်။ အနောက်နိုင်ငံတွေမှာရှိတဲ့ အသက်အရွယ်ကြီးတဲ့သူတွေ ဖြစ်လေ့ရှိတဲ့ အတိတ်မေ့ရောဂါ (Alzheimer) မဖြစ်ချင်ရင် လက်ကိုင်ဖုန်းတစ်လုံးဝယ်ပြီး ကမ္ဘာကြီးနဲ့ရော မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပါ အဆက်အသွယ် မပြတ်အောင် အမြဲဆက်သွယ်နေပါ။ စိတ်ဓာတ်ကျမှု (Depression)တွေ၊ အထီးကျန်နေတာတွေ လုံးဝမဖြစ်စေရဘူးလို့ အာမခံရဲပါတယ်။

(မှတ်ချက်-ဤဆောင်းပါးသည် ဘ၀လွတ်မြောက်ရေးအတွက် လောကုတ္တရာတရားများ ကျင့်ကြံအားထုတ်နေသော ကျွန်တော့် သူငယ်ချင်းမိတ်ဆွေများအတွက် မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့