Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 11 October 2012

ပထမဆုံး အကြိမ်မှ နှောင်နှစ်ပေါင်း များစွာသို့ အစိုးရနှင့် KNPP တို့ရဲ့ ဒီးကူပွဲ


 ကရင်နီ(ကယား) တို့ရဲ့ရိုးရာဓလေ့ အထွတ်အမြတ်ထဲက  နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိကြတဲ့ ပွဲတော်ထဲမှာ ယခုလိုအချိန်အခါမျိုးမှာ အကျယ်တဝင့်ကျင်းပနေတဲ့ ဓလေ့က ဒီးကူပွဲဆိုတာ ကရင်နီလူမျိုး၊ အမျိုးသားတိုင်းက သိကြပါတယ်။

ဒီတနှစ်ရဲ့ လွိုင်ကော်မြို့တော် ခန်းမမှာ ကျင်းပနေတဲ့ အဲ့ဒိုပေါ်မှီ (ခေါ်) စုပေါင်းဒီးကူပွဲတော်အခမ်းအနား မှာတော့ ခန်းမရဲ့ အတွင်းအပြင်မှာ လုံခြုံရေးရဲတွေက အပြည့်ရှိနေကြတာကို တွေ့ရပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးနှင့် KNPP အဖွဲ့ဝင်ကိုယ်စားလှယ်များ ပထမဆုံးအကြိမ် ဒီးကူပွဲတော် မှာတွေ့မြင်ရစဉ် (ဓါတ်ပုံ-ကေတီ)
ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးနှင့် KNPP အဖွဲ့ဝင်ကိုယ်စားလှယ်များ ပထမဆုံးအကြိမ် ဒီးကူပွဲတော် မှာတွေ့မြင်ရစဉ် (ဓါတ်ပုံ-ကေတီ)

အခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့တာဖြစ်ပြီး တခြားနှစ် တွေထက် တမူထူးခြား ဖြစ်နေ တာတခုက ဒေသခံ လူထုတွေ အပါအ၀င် ပြည်နယ် အစိုးရ ဝန်ကြီးတွေနဲ့ အပစ်အခတ် ရပ်စဲရေး ယူထားတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ပါတီဝင်တွေရဲ့ မျက်နှာစုံညီ ဒီးကူ ပွဲတော် ဖြစ်နေလို့ပါ။

လွိုင်ကော်မြို့ပေါ်မှာ အခုလို အနေအထားမျိုးနဲ့  တွေ့ရတာဟာ ပထမဦးဆုံး အကြိမ်ပဲ ဖြစ်ပါတယ်ဆိုပြီး အခမ်းအနားမှာ လုံခြုံရေး ယူထားတဲ့ ရဲတပ်ဖွဲ့ဝင် ဝန်ထမ်း တဦးက အခုလို ပြောပါတယ်။

“အရင်တုန်းက ဒီလိုမရှိဘူးလေး အစဉ်အလာ မရှိဘူး သူတို့ကိုဒီလို အရင်ခန်းမတွေမှာ တခါမှမတွေ့ဖူးဘူး။ တခါမှမလုပ်ဖူးဘူး။ ကယားရိုးရာ ပွဲတော်ကိုဒီလိုလုပ်တာ ဒါက ပထမဦးဆုံး ဖြစ်တယ်။ ပြောရရင်တော့ ကယားပြည်နယ် ငြိမ်းချမ်းပြီပေါ့ ကယားပြည်နယ် အေးချမ်းသွားရင် ကျနော်တို့လည်း အေးချမ်းတယ်လေး”  လို့ အခမ်းအနားရဲ့ အပြင်ဘက် စားပွဲဝိုင်း တနေရာကနေ ဒီးကူပွဲတော် ရိုးရာအက ဖျော်ဖြေပွဲကိုကြည့်ရှု့ အားပေးရင်း ပြောသွားတာဖြစ်ပါတယ်။

ကရင်နီတိုင်းရင်းသားရိုးရာအက ဖျော်ဖြေပွဲမှာ တင်ဆက်သွားတဲ့ ကယန်းအကရဲ့ အဓိပ္ပါယ် ကိုတော့  မူခင်သွယ်က  “ဒီသီချင်းရဲ့အဓိပ္ပါယ်က ကယန်းတမျိုးသားလုံးကိုပြန်ဆုံတယ် ကယန်းမျိုးနွယ်စု လေးမျိုးကနေပြီး လူကြီးလူငယ်မရွေး ဆုံပြီးအဲဒီမှာကျမတို့ ခေါင်ရည်တွေ သောက်ကြတယ် တွေ့ဆုံရင်းနှီးကြတယ်။ ပိုမိုခင်မင်လာကြရတယ်” လို့ ပြောပါတယ်။

ရိုးရာဒီးကူအက ကပြဖျော်ဖြေတင်ဆက်နေစဉ် (ဓါတ်ပုံ-ကေတီ)
ရိုးရာဒီးကူအက ကပြဖျော်ဖြေတင်ဆက်နေစဉ် (ဓါတ်ပုံ-ကေတီ)

ယခုလို KNPP တိုင်းရင်းသား အဖွဲ့ဝင်ကိုယ်စားလှယ်တွေနဲ့  ရိုးရာပွဲတော် အတူတကွ ဆင်နွှဲနေရတာက ပြည်နယ်အစိုးရအဖွဲ့ကနေ ရင်းနှီးမှုတွေ ပိုမိုခိုင်မြဲစေဖို့ ဖိတ်ခေါ်ခဲ့တာကြောင့် ဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။

ပြည်နယ်အစိုးရ ဝန်ကြီးချုပ် ဦးခင်မောင်ဦး (ခ) ဘူးရယ်က “ဒီတစ်နှစ်မှာ ကျနော်တို့ KNPP နဲ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်တာပေါ့နော် လုပ်တာလဲ အောင်မြင် လာတယ်။ ပြည်ထောင်စု အဆင့်ကို ရောက်လာပြီ ပြည်ထောင်စုအဆင့်ကို ရောက်လာပြီဆိုတော့ KNPPနဲ့ ကျနော်တို့က ကယား တိုင်းရင်းသားတွေပဲ သူစိမ်းတွေ မဟုတ်ကြဘူး။

ကျနော်ကိုယ်တိုင်ကယား အဲဒီတော့ ကျနော်တို့ညီအစ်ကိုတွေ ပြန်တွေ့ကြတယ်။  KNPP ကို ကျနော်နဲ့ ညီလိုအစ်ကိုတွေလို ပါဝင်ဆင်နွဲတာကို ကျနော်ကိုယ်တိုင်က ဖိတ်ခေါ်ခဲ့တာပါ”  လို့ ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

ကရင်နီအမျိုးသားတရပ်လုံးရဲ့ အထိမ်းအမှတ် ပွဲတော်ကို အခုလို ပြည်တွင်းမှာ ကျင်းပခွင့်ရတာကို ဂုဏ်ယူတယ်လို့ KNPP ရဲ့လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံဖြစ်တဲ့ ခူးဒယ်နီယာက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ဒီးကူပွဲက ကျနော်တို့ကရင်နီတွေရဲ့ ထုံးတမ်းစဉ်လာ ကျင်းပတဲ့ ပွဲဖြစ်တယ်။ တချိန်တုန်းကတော့ ဒီလိုမျိုး စုစုစည်းစည်းနဲ့ မလုပ်နိုင်ခဲ့ဘူးပေါ့ ဒါကတော့ အမျိုးသားတရပ်ရဲ့ အထိမ်းအမှတ် လက္ခဏာတခု ဖြစ်တယ်ပေါ့ လူမျိုးကွဲ ဒီအမျိုးသားကရင်နီတွေရဲ့ အမျိုးသားထု တရပ်လုံးအတွက် ဒီ ဒီးကူပွဲကျင်းပ ခွင့်ရတာကိုပဲ အများကြီးဂုဏ်ယူတယ်”

စုပေါင်း ဒီးကူပွဲတော်ကို တက်ရောက်လာတဲ့ တိုင်းရင်းသား လူငယ်မောင်မယ်တွေ တွေ့ရစဉ် (ဓါတ်ပုံ-ကေတီ)
စုပေါင်း ဒီးကူပွဲတော်ကို တက်ရောက်လာတဲ့ တိုင်းရင်းသား လူငယ်မောင်မယ်တွေ တွေ့ရစဉ် (ဓါတ်ပုံ-ကေတီ)

လွိုင်ကော်မြို့တော်ခန်းမမှာပြုလုပ်တဲ့ စုပေါင်းဒီးကူပွဲကို ကယားပြည်နယ်၊ ကယားစာပေနှင့် ယဉ်ကျေးမှု ကော်မတီကနေပြီး ကြီးမှူးကျင်းပခဲ့တာ ယခုဆိုရင် တတိယအကြိမ်မြောက် ရှိနေပါပြီ။

အခမ်းအနားမှာ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ၊ KNPP အဖွဲ့ဝင် ကိုယ်စားလှယ်တွေ၊  ငြိမ်းချမ်းရေး အဖွဲ့ အစည်းတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ဘာသာရေးအကြီးအကဲတွေ၊ ဒေသခံ မြို့မိမြို့ဖတွေ၊ လွိုင်ကော်မြို့နယ် ဖရူဆိုမြို့နယ်က ယဉ်ကျေးမှုအဖွဲ့တွေနဲ့ INGOs အဖွဲ့အစည်းတွေ အပါအဝင် စုစုပေါင်းလူဦးရေ ၄၀၀ ကျော်တက် ရောက်ခဲ့ကြပါတယ်။

ဒီးကူလိုပဲစုစည်းကြပြီး ကယားတိုင်းရင်းသား ပြည်သူပြည်သားတွေ အားလုံးနဲ့ တိုင်းရင်းသား ညီကိုမောင်နှ မတွေ ယခုလို ရိုးရာဓလေ့တွေ အတူတကွ ဆင်နွှဲကြတဲ့ ဓလေ့ကို နှောင်မှာလည်း ဆက်လက်ရှင်သန် နေပါဦးမယ်လို့ ဝန်ကြီးချုပ်ကပြောပါတယ်။
ကန္တာရ၀တီတိုင်း(မ်)
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့