Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 18 October 2012

၃၂ ခုမြှောက် NLD ရုံး ရခိုင်က ချင်းကျေးရွာတွင် ဖွင့်လှစ်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ၏ ၃၂ ခု မြှောက် ကျေးရွာ အဆင့် ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲကို ချင်းတိုင်းရင်းသား ကျေးရွာ တာရဲတွင် ယမန်နေ့ က ပြုလုပ်ခဲ့သည်။

တာရဲ ကျေးရွာသည်  အိမ်ခြေ ၃၅၀ ခန့်ရှိပြီး တောင်ကုတ်မြို့ အရှေ့ဖက် တောင်ကုတ် ချောင်းဖျားတွင် တည်ရှိသည်။  ယခုကဲ့သို့ ချင်းတိုင်းရင်းသား ကျေးရွာ တစ်ခုတွင် NLD ရုံးကို ပထမဆုံး အကြိမ် ဖွင့်လှစ်နိုင်ခဲ့သဖြင့်  မြန်မာ တိုင်းရင်းသားများ အကြား ချစ်ကြည် ရင်းနှီးမူကို ပိုမို ရရှိစေသည်ဟု တောင်ကုတ်မြို့နယ် ကော်မရှင် ဥက္ကဌ ဦးစိုးချစ်မောင်က နိရဉ္စရာသို့ ပြောသည်။

ချင်းတိုင်းရင်းသားကျေးရွာတွင် NLD ရုံးဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး ကိုယ်တိုင်သွားရောက် ဖွင့်လှစ်ပေးခဲ့သော  ဥက္ကဌ ဦးစောချစ်မောင်က ခုလို ဆက်ပြောသည်။

“ ကျွန်တော်တို့ အခုလို ချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ကျေးရွာမှာ NLD ရုံးဖွင့်ရတာက တိုင်းရင်း သားတွေ အားလုံး ရခိုင်၊ ချင်း၊ ဗမာ စုပေါင်းပြီး လက်တွဲညီညီ လုပ်ကိုင်ဆောင်ရွက်သွားဖို့၊ လူနေမှု နိမ့်ကျလှတဲ့ ချင်းတိုင်း ရင်းသားတွေရဲ့ဘ၀ကို  ညီအစ်ကိုရင်းပမာ ကူညီလက်တွဲပြီး ဒီမိုကရေစီ စနစ်ကို အကောင်အထည်ဖေါ် ဆောင် ရွက်သွားဖို့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်” ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် သူတို့ ရွာသို့ လာရောက် ရုံးဖွင့်သည့် အတွက် လှိုက်လှဲစွာ ကြိုဆိုကြောင်း ချင်းတိုင်းရင်းသား တစ်ဦးဖြစ်သူ ဦးထွန်းရင်က နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ လှိုက်လှဲစွာကြိုဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ခုလို တိုင်းရင်း သားတွေ အပေါ် မှာ ထားရှိတဲ့ မူဝါဒတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယ ပင်လုံ စိတ်ဓါတ်ကို သဘောကျတဲ့အတွက် ကျွန် တော်တို့ ချင်းတိုင်းရင်းသားတွေကို ကြိုဆို လက်ခံကြပါတယ်။ ဒါကြောင့် ၂၀၁၅ မှာ ကျင်းပမည့် ရွေးကောက် ပွဲမှာလဲ ရာနှုန်းပြည့် NLD ကို မဲပေးဖို့လဲ ကျွန်တော်တို့ ဆန္ဒရှိကြပါတယ်။”

ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို တောင်ကုတ်မြို့နယ် ကော်မရှင်ဥက္ကဌ ဦးစိုးချစ်မောင်၊ ရခိုင်ပြည် နယ် ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ကိုမောင်ဖြူနှင့် မအေးအေးနိုင်တို့ တက်ရောက် ဖွင့်လှစ်ခဲ့သည်။

တိုင်းရင်းသား အချင်းချင်း ချစ်ခင်အားကိုးမှု ပိုမိုတိုးတက် ကောင်းမွန်လာအောင် နောက်ထပ် ချင်းတိုင်းရင်းသား ကျေးရွာများတွင်လည်း ရုံးများ ဆက်လက် ဖွင့်လှစ်သွားမည်ဟု ဦးစိုးချစ်မောင်က ပြောသည်။

ရုံးဖွင့်ပွဲ အခမ်းအနားကို ဒေသခံ ချင်းတိုင်းရင်းသား ၅၀၀ ခန့်တက်ရောက်ခဲ့ပြီး တက်ရောက်သူများကို ချင်းရိုးရာ ၀က်သားဆန်ကောသုတ်နှင့် တည်ခင်းဧည့်ခံခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးများကို တောင်ကုတ်မြို့နယ်အတွင်း ကျေးရွာအနှံ့ ဖွင့်လှစ်ထားခဲ့ရာ ဖွင့်လှစ်ပြီးသော ကျေးရွာများမှာ ဆားပြင်ကျေးရွာ၊ ကျော်ကိုင်းကျေးရွာ၊ ဘူးရွှေ မော်ကျေးရွာ၊ ကုလရောင် ကျေး ရွာ၊ ပန်းထော်ကျွန်းရွာ၊ နတ်ကန်ရွာ၊ ငရုတ်တောင်ရွာ၊ မောင်းကျေးရွာ၊ နတ် မော်ကျေးရွာ၊ ခရိုင်ကျေးရွာ၊ ကင်း တောင်ရွာ၊ ဆင်တောင် စံပြကျေးရွာ၊ မအီမြို့နှင့် တောင်ကုတ်မြို့အတွင်းရှိ ချောင်းကောက်ရပ်ကွက်များတွင် ဖွင့်လှစ်ထားခဲ့ပြီဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ရုံးများ ရခိုင်ပြည်နယ်အတွင်းရှိ  ဂွ၊ သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ မာန်အောင်၊ မြေပုံ၊ မင်းပြား၊ ရသေ့တောင်နှင့် စစ်တွေမြို့များတွင် ဖွင့်လှစ်ထားပြီ ဖြစ်ကြောင်း သိရှိရသည်။

မောင်ရမ္မာ (နိရဉ္စရာသတင်းဌာန)



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့