Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 20 December 2012

ရပ်/ကျေး ရွေးချယ်ပွဲများရှိ ယာယီသန်းခေါင် စာရင်း ပြဿနာမှာ လျှို့ဝှက်မဲ အထိ ရိုက်ခတ်နေ

ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ် အတွင်း ရပ်/ကျေး အုပ်ချုပ် ရေးမှူး ရွေးချယ်မှုတွင် ဥပဒေနှင့် မညီညွတ်သည့် ကိစ္စရပ်များ အတွက် နိုင်ငံတော် သမ္မတထံသို့ စာရေးသား တင်ပြသွားမည် ဖြစ်ကြောင်း သင်္ဃန်းကျွန်း မြို့နယ်မှ   ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ဆိုသည်။

“ ဥပဒေပြဋ္ဌာန်းချက်တွေအတိုင်း လုပ်နေတဲ့နေရာမှာ ပေါ်ပေါက်လာတဲ့ ပြဿနာတွေပါ၊ လျှို့ဝှက်မဲ ပေးတဲ့နေရာတွေမှာပါ ထိခိုက်လာတဲ့ ပြဿနာတွေရှိတယ်၊ ရပ်ကွက်အတွင်း ကွင်းဆင်းလေ့လာပြီး ဥပဒေနဲ့ မညီညွတ်တဲ့ကိစ္စတွေ စာရေးတင်ဖို့ အစီအစဉ်ရှိပါတယ်၊ ဒီတစ်ပတ် အတွင်းတင်မှာပါ”ဟု အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီမှ ရှေ့နေဦးသိန်းညွှန့်က ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်မှု စနစ်နှင့် ပတ်သက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

အလုံမြို့နယ် အမှတ်(၂) မိုးကောင်းသစ်ဆိပ်ဝင်း ကျူးကျော်ရပ်ကွက်၌ နေထိုင်သူများအနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွင် ၀င်ရောက်မဲပေးခွင့် မရရှိကြသောကြောင့် မြန်မာနိုင်ငံသား ဖြစ်ခွင့်ရသည့်အပေါ် သံသယရှိနေကြောင်းကိုလည်း ဒေသခံများထံက သိရှိရသည်။

“၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ ၀င်ရောက်မဲပေးခွင့်ရပါတယ်။ အဲ့ဒီတုန်းကတော့ ၀င်ရောက် မဲပေးခွင့်ရပြီးတော့ အခု ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲမှာ ပါဝင်မဲပေးခွင့်မရဘူး၊ ကျူးကျော်နေတဲ့ လူတွေအကုန်လုံး ယာယီသန်းခေါင်စာရင်းပဲရှိလို့မလို့ ၀င်ရောက်မဲပေးခွင့် မရခဲ့ဘူး။ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲမှာ ကျွန်တော်တို့ပါဝင်ခွင့်မရတော့ ဘယ်သူက ကျွန်တော်တို့ကို အုပ်ချုပ်မှာလည်း။ နိုင်ငံသားအဖြစ်ကော အသိအမှတ်ပြုကြရဲ့လားလို့တောင် သံသယဖြစ်မိပါတယ်။” ဟု အမှတ်(၂) မိုးကောင်းသစ် ဆိပ်ဝင်း ကျူးကျော်ရပ်ကွက်အတွင်းနေထိုင်သည့် ကိုဘိုမြင့်က ပြောသည်။

အုပ်ချုပ်ရေးမှူးရွေးချယ်မှုတွင် လူရွေးပြီး မဲပေးခွင့်ပြုခြင်းကြောင့် မဲပေးပိုင်ခွင့်မရှိသူများမှာ ရပိုင်ခွင့်နှင့် လူ့အခွင့်အရေးဆုံးရှုံးသကဲ့သို့ ခံစားရကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

 မြို့နယ်အချို့၌ ကျူးကျော်နေထိုင်သူများမှာ ယာယီသန်းခေါင်စာရင်းရှိသော်လည်း မဲပေးခွင့်မရှိ ဖြစ်နေချိန်တွင်   ရေကျော်မြို့နယ်မှ   ပြည်သူများအနေဖြင့် ယာယီသန်းခေါင်စာရင်းကိုင် ဆောင်ထားသော်လည်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွင် ၀င်ရောက်မဲပေး ခဲ့ရကြောင်း ဒီချုပ်ပါတီဝင် ဦးမျိုးညွှန့်ထံမှ သိရသည်။

အထက်ပါကိစ္စရပ်များနှင့်ပတ်သက်၍  လက်ရှိတာဝန်ယူထားရသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွင် တာဝန်ရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွင် မဲပေးခွင့်ရသူတစ်ဦးက သုံးသပ် ပြောကြား ခဲ့သည်။

“လွှတ်တော်ကိုယ်စားလှယ်တွေထက် အုပ်ချုပ်ရေးမှူးတွေက ပိုပြီး ရပ်ကွက်သူ ရပ်ကွက်သားတွေနဲ့ အထိအတွေ့များတယ်ဆိုတော့ ရပ်ကွက်မှာရှိတဲ့ ကိစ္စမှန်သမျှ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပိုပြီး သက်ဆိုင်တယ်။  ယာယီသန်းခေါင်စာရင်းနဲ့ နေတဲ့သူတွေက ရပ်ကွက်နဲ့မဆိုင်ဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ယာယီသန်းခေါင်စာရင်းနဲ့နေတဲ့လူတွေရဲ့ ကောင်းကျိုးဆိုးကျိုးကို ဘယ်သူတွေက လုပ်ပေးမှာလဲ။ “ ဟု အလုံမြို့နယ်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ၌ မဲပေးခွင့်ရခဲ့သူ မလဲ့လဲ့က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အချို့မြို့နယ်များတွင် အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲများ ကျင်းပပြုလုပ်ပြီး သော်လည်း အချို့မြို့နယ်များမှာ ပြီးစီးမှုမရှိသေးကြောင်နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများအား ဒီဇင်ဘာ(၃၁)ရက်နေ့ နောက်ဆုံးထား ကျင်းပပြုလုပ်ရန် ဒီဇင်ဘာလ(၁)ရက်နေ့နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို မြို့နယ်အတွင်း နေထိုင်သူများမှ ဆယ်အိမ်လျှင်တစ်ဦးနှုန်းဖြင့် မဲပေးရွေးချယ် ကာ ထိုဆယ်အိမ်မှူးများမှ ထပ်မံ၍ ရပ်/ကျေးအုပ်ချုပ်ရေးမှူးကို မဲပေးရွေးချယ်ကြသောစနစ်ဖြင့် ရွေးချယ်ခြင်း ဖြစ်သည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် နိုင်ငံသားဖြစ်သူ ၊ မိသားစုစားဝတ်နေရေး ဖူလုံမှုရှိသူ၊ သင့်တင့်သော ပညာအရည်အချင်းနှင့်   ဒေသက ကြည်ညိုလေးစား သိက္ခာသမာဓိရှိသူ ရပ်ကွက် အတွင်း အနိမ့်ဆုံးဆယ်နှစ် နေထိုင်လျက်ရှိသူ စသော ရပ်ကျေး အုပ်ချုပ်ရေး ဥပဒေပါ (၁၁)ချက်နှင့် ပြည်စုံသောအရည်အချင်း ရှိသူများကိုသာ ရွေးချယ်ကြရမည်ဖြစ်သော်လည်း လိုက်နာမှုနည်းသော မြို့နယ်များနှင့် ကျေးရွာများ၌ ယခုကဲ့သို့ ပြဿနာများ ဖြစ်ပွားလာခြင်းဖြစ်သည်။

ရွေးချယ်ခံရသော  ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှာ တရားဝင်လစာ (၇)သောင်းနှင့် ရုံးသုံးစရိတ် ကျပ်(၅)သောင်း ရရှိမည်ဖြစ်သည်။

မိုးမြင့်ကျော် (မြစ်မခ)
by Myit Makha Mediagroup


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့