Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 12 December 2012

နောက်ဆုံးအချိန်

“သေသောသူသည် သုသာန်သို့ သက်သက် သာသာ သွားသေသည်”
မြို့ပြ ယဉ်ကျေးမှုတစ်ဟုန်ထိုး ဖွံ့ဖြိုး တိုးတက် လာသော ရန်ကုန်မြို့တွင် နေထိုင်သော အောက်ဆုံး အဆင့် အခြေခံ လူတန်းစား အဖို့မူ အဆိုပါ စကားစုမှာ သူတို့အတွက် လှောင်ပြောင်နေ သလို ဖြစ်နေသည်။



ကင်ဆာရောဂါကို ဖြစ်ပွားစေသည့် ဆိုးဆေးများ လွှမ်းမိုးနေသည့် အစားအစာများ၊ ခန္ဓာကိုယ်အတွင်း အလုပ်အများဆုံးဖြစ်သည့် အသည်းကို မြန်မြန်ဆန်ဆန် ပျက်စီးစေနိုင်သည့် တန်ဖိုးနည်း အရက်သေစာများ၊ ၀င်ငွေနည်း လုပ်ငန်းခွင်နှင့် မလုံခြုံသော နေ့စဉ်ဘ၀များကို ဖြတ်သန်းနေရသော အခြေခံလူတန်းစားများအဖို့ နေရေးက မသက်သာ။ သူတို့ဘ၀နှင့် လက်လှမ်းမမီသော ဆေးဝါးကုသမှု စရိတ်ကို လက်လျှော့ ကာ လူသားတစ်ယောက်၏ သက်တမ်းမစေ့မီပင် လူ့လောကထဲမှ ထွက်သွားရသူများအဖို့ အသက်ရှင်သန်မှု၏ နောက်ဆုံးအချိန်တွင်လည်း သက်သောင့်သက်သာ မရှိလှ။

သေသောသူအဖို့ သက်သက်သာသာ မသေရသလို ကျန်ရစ်သူများအဖို့လည်း မသက်သာ။ ရန်ကုန်တွင် ကွယ်လွန်သွားသူ လူတစ်ယောက်ဈာပနအတွက် ကုန်ကျစရိတ်မှာလည်း မသေး။ ရန်ကုန်မြို့နေ အောက်ဆုံးအဆင့် လူတန်းစားများ၏ ဈာပနအများစု မြင်ကွင်းများတွင် နောက်ထပ်ဘယ်တော့မှ မတွေ့ရတော့မည့် သူအတွက် ပူဆွေးသောကများသာမက ထွက်သွားသူ၏ နောက် ဆုံးခရီးအတွက်လည်း ကျန်ရစ်သူများက ပူပန်ရပြန်သည်။ ၀င်ငွေနည်းအခြေခံလူတန်းစားများအဖို့ ရန်ကုန်ကဲ့သို့ လူဦးရေထူထပ်သော မြို့တွင် အသက်ရှင်သန်ရပ်တည်ရေးအတွက် မလွယ်ကူသလို သေဆုံးပြီးနောက်ပိုင်းတွင်လည်း မလွယ်ကူ။

ရန်ကုန်သည် တစ်ခြားလူဦးရေ ထူထပ်များပြားလာပြီး နိုင်ငံအနှံ့မှ ရွှေ့ပြောင်းလာရောက်သော သူများလည်း တဖွဲဖွဲဝင် ရောက်လျက်ရှိသည်။ လူဦးရေတိုးပွားမှုနှင့် အလုပ်အကိုင်အခွင့်အလမ်း မမျှတမှုကြောင့် နေ့စဉ်နှင့်အမျှ ဖြစ်သလိုလုပ်ကိုင်စားသောက်
ကာ အသက်ရှင်နေရသူများလည်း တစ်နေ့တစ်ခြားတိုးပွားနေသည်။ ၀င်ငွေနှင့် ထွက်ငွေ မမျှတသူများအဖို့ အသက်ရှင်သန်ရေးအတွက် ရုန်းကန်ရပ်တည်နေရင်း သေဆုံးသွားသည့်အခါတွင်လည်း မြေကျရန် ရုန်းကန်ရပြန်သည်။

ရန်ကုန်တွင် လူတစ်ယောက် ဈာပနအတွက် သဂြိုဟ်စရိတ်ချည်းသက်သက်ဆိုလျှင် အနည်းဆုံး ကျပ်ငါးသောင်းဝန်းကျင် ကုန်ကျသည်ဟု နာရေးကူညီမှု အသင်းများနှင့် နာရေးရှင်များက ပြောသည်။ အဆိုပါစရိတ်များထဲတွင် မီးရှို့ပစ်ရမည့် ဈေးမစစ်ရဟု အယူသည်းလေ့ရှိသော ခေါင်းတလား၏တန်ဖိုးမှာ ထက်ဝက်ခန့် ပါဝင်သည်။ ယင်းစရိတ်ကိုပင် မတတ်နိုင်သဖြင့် သေဆုံးသူ၏ ဈာပနအတွက် ကျန်ရစ်သူများက စိုးရိမ်သောက ရောက်ရသည့် အခြေအနေများလည်း ရှိသည်။

နယ်မြို့များတွင် သေဆုံးသူများအတွက် ဂူသွင်းမြှုပ်နှံရန် ဆင်းရဲချမ်းသာ လူတန်းစားမရွေးအတွက် အခက်အခဲသိပ်မရှိလှသော်လည်း ရန်ကုန်တွင်တော့ ငွေကြေးချမ်းသာသူများသာ လုပ်နိုင်သည့်ကိစ္စဖြစ်သည်။ တစ်နေ့လျှင် ၀င်ငွေ ကျပ် ၁၀၀၀ ၀န်းကျင်သာရှိသော သူတစ်ယောက်အတွက်ဆိုလျှင် ဂူသွင်းမြှုပ်နှံရန်အတွက် သူ၏၀င်ငွေ လေးနှစ်နှင့်တစ်လခန့်စာမျှ ကုန်ကျမည်ဖြစ်သည်။ ရန်ကုန်တွင် ၄ ပေ ၆ ပေ မြေတစ်ကွက်ပေါ်တွင် ဂူသွင်းမြှုပ်နှံရန်အတွက် လူအနည်းဆုံး ငွေကျပ် ၁၅ သိန်းမျှ ကုန်ကျနိုင်သည်ဟု နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လေးနှစ်မျှ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည့် ကိုဇော်စိုင်းကပြောသည်။ တစ်ခါတစ်ရံတွင် ယခုထက် နှစ်ဆ၊ သုံးဆမျှ ကုန်ကျ
သည့် ဈာပနများလည်းရှိကြောင်း သူကပြောသည်။

“သေတာမလွယ်ဘူးဆိုတာ ရန်ကုန်မှာတော့ တကယ်မှန်တယ်” ဟု ၎င်းကပြောသည်။
ရန်ကုန်သည် အများမြင်တွေ့နေကြသလို အထပ်မြင့်အဆောက်အအုံကြီးများ၊ တစ်ရက်စာတည်းခိုခအတွက် ရာနှင့်ချီသော ဒေါ်လာငွေများ ပေးရသည့် ဟိုတယ်ခန်းများ၊ ဥဒဟိုသွားလာနေကြသော နောက်ဆုံးပေါ်ကားများ၊ နေ့စဉ်နှင့်အမျှ လူစည်ကားနေသော ဘီယာဆိုင်များဖြင့်သာ ဖွဲ့စည်းထားသည်မဟုတ်။ ရန်ကုန်တွင် လူစဖြစ်သည်မှ သေသည်အထိ ယင်းအရာများနှင့် လုံးဝမပတ်သက်ခဲ့ရဖူးသည့် လူတန်းစားများလည်းရှိသည်။ လူ့ဘ၀၏ နောက်ဆုံးခရီးတွင် ခွဲစရာရေအိုးအတွက် ၀ယ်ရန်ပိုက်ဆံမရှိသဖြင့် သူတစ်ပါးထံ အကူအညီတောင်း ရသည့်သူများလည်းရှိသည်။

ရန်ကုန်မြို့၏ သုသာန်များသို့ သွားရောက်ကြည့်ရှုမည်ဆိုပါက အဆိုပါ လူတန်းစားကွာဟမှုကို တွေ့နိုင်သည်။ သေဆုံးသူ၏ ပါးစပ်ထဲ အကြွေစေ့ထည့်သွင်းလေ့ရှိသည့် ဓလေ့မှအချိန်ကာလ၏ ပြောင်းလဲမှုအရဖြစ်လာသော အိတ်ကပ်ထဲ ပိုက်ဆံထည့်ပေးလိုက်သည့် ဓလေ့သို့ ကူးပြောင်းရာတွင် ထည့်ပေးစရာ ပိုက်ဆံမရှိသည်အထိ ဆင်းရဲသူများလည်း ရှိသည်။ ထုံးဖြူဖွေးဖွေးနှင့် ကျောက်ပြားအကောင်းစားများ ကပ်ထားပြီး ဆင်းရဲသား လူတန်းစားများ မိသားစုအလိုက်နေထိုင်ရာ အိမ်များ၏ တန်ဖိုးထက်ပင် ပိုကောင်းမွန်နိုင်သော အုတ်ဂူများလည်း တွေ့နိုင်သည်။

“နယ်မှာဆို ၀ါးကပ်ခင်း၊ လေးတိုင်စင် ထိုးပြီးသားပဲ။ ရန်ကုန်ကျတော့ ဒီဓလေ့ကို လက်မခံတော့ဘူး။ သေရင်ကားတန်းခေါ်တော့တာပဲ” ဟု ဒဂုံမြို့သစ်အရှေ့ ပိုင်းမှ ဦးကျော်စွာမြင့်က ပြောကြားသည်။

၎င်း၏သားဖြစ်သူသည် လွန်ခဲ့သည့် လေးနှစ်ခန့်က ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်းမှ ရရှိသည့်ဒဏ်ရာဖြင့် တစ်လအကြာတွင် ကွယ်လွန်သွားခြင်းဖြစ်သည်။

သားဖြစ်သူ၏ ၀င်ငွေ တစ်ခုတည်းဖြင့်သာ ရပ်တည်နေရသည့်သူတို့မိသားစုအဖို့ ပိုင်ဆိုင်သမျှငွေမှာ ဆေးဝါးကုသမှုပြုလုပ်ခဲ့သဖြင့် ဈာပနအတွက်ပင် စရိတ်မကျန်တော့ဟု ဆိုသည်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ခန့်က ဧရာဝတီတိုင်းမှ ရန်ကုန်သို့ ရောက်လာသောသူက လူတစ်ယောက်၏ ဈာပနအတွက် ရန်ကုန်တွင် ကုန်ကျစရိတ်မှာ များလွန်းသည်ဟု ဆိုသည်။

“တောမှာ အရပ်ကူပါ လူဝိုင်းပါပဲ။ ဒီမှာ အဲဒီတုန်းက နာရေးကူညီမှုအသင်းဆိုတာလည်း သိပ်မသိကြသေးဘူး။ တော်တော် ဒုက္ခရောက်တယ်” ဟု ဦးကျော်စွာမြင့်ကပြောသည်။

သေဆုံးသူများ၏ ဈာပနအတွက် အကူအညီပေးရမှုမှာ တစ်ရက်လျှင် ၄၀ ခန့်ရှိသည်ဟု နာရေးကူညီမှုအသင်း(ရန်ကုန်)မှကို
ဇော်စိုင်းကပြောသည်။ တစ်ခါတစ်ရံတွင် အရေအတွက်မှာ ၇၀ နီးပါး အထိ ရှိတတ်သည်ဟု သူကပြောသည်။

ယင်းတို့အထဲတွင် အလွန်အမင်းဆင်းရဲချို့တဲ့သူများ၏ ဈာပနများမှာ အလွန်အမင်း စိတ်ထိခိုက်ဖွယ် အခြေအနေများလည်း ရှိကြောင်း ၎င်းကဆိုသည်။

“အလောင်းမြေကျဖို့ အသင်းက ကူညီပေးတယ်။ ဒါတောင် သင်္ချိုင်းကနေ အိမ်ပြန်စရာ စရိတ်တောင်မရှိရှာလို့ လမ်းစရိတ်တောင် ပြန်ကူညီပေးရလောက်အောင် ဆင်းရဲတဲ့သူတွေနဲ့ ကြုံရဖူးတယ်” ဟု ၎င်းကဆိုသည်။

နာရေးကူညီမှုအသင်း(ရန် ကုန်)အနေဖြင့် နေ့ချင်းအသုဘချ မည့်သူများအတွက် အလောင်း သယ်ယူပေးခြင်းနှင့် မီးသဂြိုဟ်ခတို့အတွက် အခမဲ့ကူညီသည်ဟု ဆိုသည်။ ကွယ်လွန်ပြီး သုံးရက်အကြာတွင် အသုဘအခမ်းအနားပြုလုပ်လိုပါက အအေးခန်း(ရေခဲတိုက်)အတွင်းထားရာတွင် ကုန်ကျမည့်စရိတ် တစ်ရက် ၁၅၀၀ ကျပ်နှုန်းဖြင့် နှစ်ရက်စာ ကျပ် ၃၀၀၀ ကို ထပ်မံထောက်ပံ့သည်ဟုဆိုသည်။ သို့သော်လည်း သုံး ရက်ကြာတွင် နောက်တစ်ခေါက် ပြန်လာရန်ပင် စရိတ်မရှိသောကြောင့် နေ့ချင်းပြီး သဂြိုဟ်ရန် ဆောင်ရွက်ကြသည့်သူများလည်း ရှိကြောင်း ကိုဇော်စိုင်းက ပြောသည်။

ယခုအခါ ရန်ကုန်မြို့ရှိ မြို့နယ်အတော်များများတွင် နာရေးကူညီမှု အသင်းများ ပေါ်ပေါက်လာသဖြင့် အခြေခံ လူတန်းစားများ၏ အခက်အခဲမှာ အထိုက်အလျောက် ပြေလည်မှုများ ရှိလာခဲ့သည်။ သို့သော်လည်း ဘ၀နောက်ဆုံးခရီးအတွက် စိတ်ပူနေရသူများ
လည်း ရှိနေဆဲဖြစ်သည်။

ရေးသားသူ-ထွန်းခိုင် ။ 7Day News Journal

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့