Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 18 April 2013

ဖြည့်ဆည်းခဲ့သောပါရမီတော်များ-၂


ပါရမီတော် (၁၀)ပါးထဲကမှ ဒီနေ့ ဆွေးနွေးဖို့ အလှည့်ကျတာကတော့ ပညာပါရမီပဲမို့ ပညာ ပါရမီဖြည့်ပုံလေးက စလိုက်ကြရအောင်လား။
မေး။ ။ ပညာပါရမီဖြည့်တယ်ဆိုတော့ ဘယ်လို အချက်တွေနဲ့ ပြည့်စုံဖို့ လိုပါသလဲ။ ပြောပြပါဦး။
ဖြေ။ ။ ဟုတ်ကဲ့ပါ။ ကျနော်နားလည်သလို ပြောကြည့်မယ်နော်။
၎။ ပညာပါရမီဖြည့်ရာ၌
-ပထမအနေနဲ့ တတ်သိနားလည်အောင် သင်ကြားရမယ်။
-သင်ပြီးရင် မိမိပင်ကိုယ်ဥာဏ်ဖြင့် တစ်ဆင့်တိုးအောင် ကြံစည် စဉ်းစားရမယ်။
-အဲလို တတ်သိနားလည်ထားသော ပညာကို သူတစ်ပါးတတ်အောင် သင်ပြမှု၊ ထိုပညာဖြင့် အများ အကျိုးရှိအောင် ရွက်ဆောင်မှုကို ပြုကြရမယ်။
ဒါတွေက ပညာပါရမီဖြည့်ဖို့ အဓိကအချက်တွေပါပဲ။
မေး။ ။ အော် ..ဟုတ်ကဲ့။ ခုလို သေချာကျကျနန သိရတော့ ပိုပြည့်စုံသွားတာပေါ့နော်။ ပညာဒါန လုပ်တာလည်း ပညာပါရမီဖြည့်ခြင်းပဲလို့ ပြောနိုင်မယ်ထင်တယ်နော်။
ဖြေ။ ။ အင်းပေါ့။ သူတစ်ပါးကို ကိုယ်သိထားတာလေးနဲ့ ပြန်ပြီး အကျိုးပြုတာပဲလေ။ ဒါနလည်း မြောက်သလို ပညာပါရမီလည်း ဖြည့်ကျင့်ရာရောက်တာပေါ့။ ဘုရားလောင်းရဲ့ မဟောသဓာပညာရှိ ဘ၀မှာပဲ ကြည့်လေ။ စူဠနီဗြဟ္မဒတ်မင်းက ဇမ္ဗူဒိပ်၌ရှိသော မင်းပေါင်းတစ်ရာလောက်ကို ဖမ်းပြီး အဆိပ်ခတ်သော အရက်ကို တိုက်၍ သတ်ဖို့ ကြံခဲ့တယ်လေ။ အဲဒီအကြံကို မဟောသဓာက သူရဲ့ ဥာဏ်နဲ့ ပျက်အောင် ဖျက်ခဲ့တာပဲကြည့်။ သူတတ်ထားတဲ့ ပညာနဲ့ သူတစ်ပါးအကျိုးကို ပါရမီမြောက် ပြုလုပ်ခြင်းပဲမလား။ ဒါတင်ပဲလားဆိုတော့ ဘယ်ကမလဲ။ စူဠနီဗြဟ္မဒတ်မင်းနဲ့ ၀ိဒေဟရာဇ်မင်းတို့ စစ် ခင်းတဲ့အခါ မဟောသဓာက တစ်ယောက်တလေမျှ အသက်မသေရအောင် သူ့ပညာအစွမ်းဖြင့် စစ်ပြေ ငြိမ်းသည်အထိ စွမ်းဆောင်နိုင်ခဲ့တယ်။ ဒါတွေဟာ တကယ့် အတုယူထိုက်တဲ့ ပါရမီဖြည့်မှုတွေပဲလေ။
မေး။ ။ ဟုတ်ပါရဲ့။ ကျနော်ဖြင့် ဖတ်ရင်းနဲ့တောင် အဲဒီပါရမီတွေကို အစွမ်းကုန် ပြုချင်စိတ်ပေါက်လာ ပါပြီ။ ပညာပါရမီဖြည့်နိုင်ဖို့တော့ တတ်အားသရွေ့ကြိုးစားတော့မယ်ဗျာ။ ကဲ နောက်ထပ် ပါရမီလေး ပြောပြပေးပါဦး။
ဖြေ။ ။ ၀ီရိယပါရမီအလှည့်ပေါ့။
မေး။ ။ ဘုရားလောင်းဟာ ဘယ်လိုများ ၀ီရိယပါရမီကို ဖြည့်ခဲ့ပါသလဲဆိုတာလေး လုပ်ပါဦး။ သိချင် လှပြီ။
ဖြေ။ ။ အရှင်ဇနကာဘိဝံသရေးတာလေးအတိုင်း ပြန်ဖော်ပြရရင်တော့
၅။ ၀ီရိယပါရမီဖြည့်ရာတွင်
“အကုသိုလ် အပြစ်မရှိသာ ကိစ္စများနှင့် တွေ့ကြုံလာလျှင် ကြောက်ခြင်း၊ ရွံ့ခြင်း နောက်တွန့်ခြင်း မရှိဘဲ(အသက်စွန့်တန်လျှင် စွန့်၍)ကြိုးစားသောအားဖြင့် ၀ီရိယ(လုံ့လ)ပါရမီကို ဘုရားအလောင်း ဖြည့်တော်မူ ခဲ့ပါတယ်။”
ဘုရားလောင်းတော်ဟာ ဘယ်သောအခါမှ လုံ့လ၀ီရိယကို လျှော့ချလေ့မရှိခဲ့ပါဘဲ ဘ၀ပေါင်းများစွာ ၀ီရိယပါရမီကို ဖြည့်ကျင့်တော်မူခဲ့တယ်။
မေး။ ။ အင်း..နားထောင်ရင်းနဲ့တောင် စိတ်ထဲ ခွန်အားတွေ ရလို့ အားတွေတက်လာသလိုပဲ။ ဘာပဲ ဖြစ်ဖြစ် မလျော့သော ဇွဲဝီရိယတို့နဲ့ ကြိုးစားရမယ်ဆိုတဲ့ ယုံကြည်ချက်တွေ ပိုရှိလာစေတယ်နော်။
ဖြေ။ ။ ဟုတ်ပါလေ့။ ကျနော်တို့ဖြင့် တစ်ခါတစ်ခါ အသေးအမွှားကိစ္စတွေကြောင့် တကယ့်အကျိုးများ သော အလုပ်တွေ နှောင့်နှေးသွားတတ်တာလေး ခုမှ သေချာ အလေးဂရုပြုမိလာတယ်။ အဲလိုများ ကြုံလာခဲ့ရင်တော့ ကျနော်တို့တွေ ခုဘုရားလောင်းတော် ဖြည့်ကျင့်ခဲ့သော ၀ီရိယပါရမီတော်ကို ပြန် ပြောင်း အောက်မေ့လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြုပြင်လို့ ရသွားတာပေါ့နော်။
မေး။ ။ မှန်လိုက်လေဗျာ။ တနည်းပြောရင်တော့ အားနည်းသွားတိုင်း သောက်စရာ အားဆေးလေးရလိုက်သလိုပဲလို့ တောင် ပြောရမလိုဖြစ်နေပေါ့။ ဒါနဲ့ ဒီမှာရော ဖြစ်တော်စဉ်ထဲက ဘ၀တစ်ခုလောက် ဇာတ်ကြောင်း လေးထုတ်ပြီး ပြောပါဦးဗျာ။ ဒါမှ ပိုမှတ်မိသွားမှာပေါ့။
ဖြေ။ ။ သိသာထင်ရှားသော ဇနကမင်းသားဘ၀ကတော့ လူတိုင်းနားလည်ထားပြီးဖြစ်ပါတယ်လေ။ ဒါကြောင့် တခြားတစ်ခုပဲ ထုတ်ပြောလိုက်တော့မယ်နော်။ အဲဒါကတော့ လှည်းမှူးကြီး ဖြစ်ခဲ့တဲ့ ဘ၀က သူ့ရဲ့ တပည့် လှည်းကုန်သည်အပေါင်းကို ရေမရှိတဲ့ သဲကန္တာရခရီး၌ ရေမရလို့ သေကြရတော့မယ့် အဖြစ်မှာ ရေရအောင်ကြိုးစားပြီး အသက်ပေါင်းများစွာကို ကယ်တင်ခဲ့တယ်လေ။ အဲဒီမှာ လုံ့လ၀ီရိယ အပြည့်နဲ့ ကြိုးစားခဲ့တာက အသက် ကယ်တင် ရာရောက်သောကြောင့် ပရမတ္ထ၀ီရိယပါရမီမြောက်ပါတယ်။
မေး။ ။ အော် တကယ့်ကို လူအများရဲ့ အသက်ကို ကယ်တင်လိုသောစိတ်ဆန္ဒနဲ့ လုံ့လထား ကြိုးစား ခဲ့တာကတော့ အံ့ချီးမကုန်အောင်ပါပဲလား။ ဟုတ်ပါပြီ။ ကျေးဇူးတင်ပါတယ်။ ဒီနေ့ရော ဘယ်ပါရမီထိ ပြောဖို့ရည်ရွယ်ထားသေးလဲ။
ဖြေ။ ။ အင်း..သုံးခုထိတော့ ပြောကြမယ်လေ။ ဒါကြောင့် နောက်တစ်ခုဖြစ်တဲ့ ခန္တီပါရမီလေး ဆက်ကြတာပေါ့။
၆။ ခန္တီပါရမီ
အရှင်ဇနကာဘိဝံသရေးတဲ့ ခန္တီပါရမီရဲ့ သဘောလေးကတော့
“ငါ့အပေါ်၌ လူမိုက်ပြုသော စော်ကားမှုကို ငါက ပြန်ပြုလျှင် ငါလည်း သူ့လိုလူမိုက်ဖြစ်မှာဘဲ” ဟု စိတ်ထဲမှာ တွေးဆ၍ ဒေါသမထွက်ဘဲ စိတ်ပျက်အားငယ်၍လည်း မနေဘဲ စိတ်အေးအေးနှင့် မိမိကသာ အနာခံလိုက်ခြင်းသည် ခန္တီပါရမီ၏ သဘောတည်း။
မေး။ ။ အင်း ကျနော်တို့တော့ တော်တော်မွေးရဦးမှာပါ။ ခန္တီပါရမီကတော့ဖြင့် သာမန်လူတွေ ဖြည့်ကျင့်ဖို့ ခဲယဉ်းလိမ့် မယ်ထင်ပါရဲ့။
ဖြေ။ ။ အဲလိုတော့လည်း မလျော့လိုက်ပါနဲ့။ ဘာပဲဖြစ်ဖြစ် ဘုရားကို ကြည်ညိုသူတစ်ဦးအနေနဲ့တော့ အတတ်နိုင် ဆုံး သည်းခံခြင်းအမှုကို ကြိုးစားလုပ်ဆောင်ကြရမယ်မလား။
မေး။ ။ ဟုတ်တော့ ဟုတ်ပါတယ်။ ပြောတော့သာလွယ်ပေမယ့် တကယ့်တကယ်တန်း ကြုံလာတဲ့အခါမှာ သည်းခံခြင်းက နောက်မှလိုက်ပြီး ဒေါသက အရင်ရှေ့ဆုံးက ထွက်လာတော့တာပါပဲ။ ဒါနဲ့ ဘုရားလောင်း ခန္တီပါရမီ ဖြည့်ကျင့်ပုံလေးကို လုပ်ပါဦး။ သိပြီး ထပ်ကြည်ညိုနိုင်အောင်ပေါ့။
ဖြေ။ ။ ဘုရားအလောင်းတော်ဟာ အများအကျိုးကို သည်ပိုးရွက်ဆောင်၍ ခေါင်းဆောင်ရသော ဘ၀တိုင်းမှာ သည်းခံ ခြင်း ခန္တီပါရမီကို ဖြည့်ခဲ့ပါတယ်။ မျောက်မင်းဘ၀မှာ သည်းခံလိုက်ပုံများတော့ ရင်ထဲနင့်အောင်တောင် ခံစားသွားရ တာမို့ အဲဒီဇာတ်တော်လေးပဲ ပြောပြလိုက်တော့မယ်နော်။

မေး။ ။ ပြောဗျာ။ ၀မ်းနည်းသင့်လည်း ၀မ်းနည်းကြရုံပဲပေါ့။
ဖြေ။ ။ ဘုရားအလောင်းတော်ဟာ အားကောင်းသော မျောက်မင်းဖြစ်ခဲ့ပါတယ်။ ပုဏ္ဍားတစ်ယောက်ကား သစ်ပင် တက်ရာ၌ သစ်ကိုင်းကျိုးပြီး ချောက်ထဲ ကျနေလေတယ်။ ထိုပုဏ္ဍားကို မျောက်မင်းက တွေ့ပြီး ချောက်မှ ကယ်တင် ခဲ့တယ်လေ။ အဲဒီနောက် မျောက်မင်းဟာ မောပန်းပြီး ပုဏ္ဍားရဲ့ ပေါင်ပေါ်မှာ ခေါင်းအုံးပြီး အိပ်ပျော်သွားတယ်။ မျောက်မင်း၏ အသားကို ပုဏ္ဍားစားလို၍ ဦးခေါင်းကို ကျောက်ခဲဖြင့် ထုလေသည်။ ထိုအခါ မျောက်မင်းလန့်နိုးပြီး သစ်ပင်ပေါ် ခုန်တက်ပြေးပြီးလျှင် တခြားရန်သူကို မမြင်သောကြောင့် ပုဏ္ဍားထုမှန်းသိလေသည်။ ထိုသို့ သိသော် လည်း အပြစ်တင်ရုံသာ တင်၍ ထိုရန်သူ ပုဏ္ဍားကိုပင် မျက်စိလည်ကာ သေရှာမည်ကိုလည်း စိုး(အောက်သို့လည်း မဆင်းဝံ့သောကြောင့်) သစ်ပင်ချင်း ခုန်ကူးကာ လူသွားလမ်းရောက်အောင် လမ်းပြရှာပါသေးသည်။ တဲ့။
ကဲ…ဒါသာ ကြည့်တော့။ ဘယ်လောက်တောင် ခန္တီတရားလက်ကိုင်ထားခဲ့သလဲလို့။ ကျနော်ဖြင့် ဒီဇာတ်တော်လေး ကြားရချင်းကိုပဲ စိတ်ထဲ နင့်အောင် ခံစားရတယ်။ အော် ငါတို့ ဘုရားအလောင်းတော်ရဲ့ သည်းခံခွင့်လွှတ်နိုင်တဲ့ စိတ်ကား အနှိုင်းမဲ့လေစွလို့ မျက်ရည်လည်ရင်းနဲ့ လက်အုပ်ချီမိပါရဲ့။
မေး။ ။ အင်းဗျာ ကျနော်လည်း အဲလိုပဲ ခု ခံစားရပါတယ်။ ဒါတောင် မျောက်မင်းဘ၀မို့နော်။ အော် ငါတို့တွေဟာ ဘုရား သားသမီးဖြစ်ဖို့ဆိုရင် ဘုရားရဲ့ ပါရမီအမွေတွေ ခံထိုက်အောင် ကြိုးစားမှ တော်ပေတော့မယ်လို့လည်း တွေးမိ တယ်ဗျ။ ကဲဗျာ။ ဒီနေ့ သိလိုက်ရတဲ့ ပါရမီသုံးပါးကတော့ ကျနော်တို့ကို တကယ့်ကို အင်အားတွေလည်း ရစေသလို သည်းခံနိုင်မှုတွေလည်း တိုးလာဖို့ လမ်းပြပေးနေပါပြီနော်။ ဒါ့ကြောင့် အတတ်နိုင်ဆုံး ကြိုးစားလို့ မြတ်ဗုဒ္ဓလောင်းလျာ ဘ၀ရဲ့ အမှုန်အမွှားလေးပဲဖြစ်ဖြစ် မှီအောင်တော့ ကြိုးစားပါတော့မယ်လို့ ခုဒီမှာတင်ပဲ ဆုံးဖြတ်လိုက်ပါပြီ။
ဟုတ်ကဲ့ပါ။ ကျနော်တို့ရဲ့ ဒီနေ့အဖို့ ဆွေးနွေးခန်းလေးလည်း ဒီတင်ပဲ ပြီးဆုံးသွားခဲ့ပါပြီ။ ကျန်ရှိနေသေးသော ပါရမီတော်များအကြောင်းကိုလည်း လက်လှမ်းမှီသလောက် ပြန်လည်ဝေမျှသွားမှာမို့ လိုအပ်ချက်များရှိပါက လမ်းညွှန် နိုင်ပါကြောင်းလေး ပြောကြားရင်း ဒီနေ့အဖို့ ဒီမှာပဲ တော်ကြပါစို့လား။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ လိုရာဆန္ဒတို့ ပြည့်ဝကြပါစေလို့ ဆုတောင်းလိုက်ရပါတော့သည်။
မှတ်ချက်။ ။ အရှင်ဇနကာဘိဝံသ၏ စာအုပ်မှ ထုတ်နုတ်ပူဇော်ရေးသားပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့