Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 18 April 2013

ဖြည့်ဆည်းခဲ့သော ပါရမီတော်များ - ၃


ဒီနေ့ဟာဖြင့် မင်္ဂလာအပေါင်းခညောင်းသော နေ့လေး တစ်နေ့လို့ ဆိုချင်ပါတယ်။ ဘာလို့ပါလဲဆိုတော့ မြတ်ဘုရားရဲ့ ပါရမီတော်ဆယ်ပါးလုံး စုံညီစွာသိခွင့်ရမယ့်နေ့မို့ ကျနော်တို့တွေအတွက် ကောင်းမှုပါရမီတွေ စုံလင်စွာ သိခွင့်ရသောနေ့မို့ပါပဲ။
“ကောင်းမှုပါရမီ” ဆိုတာလေး ပြန်ပြောရမယ်ဆိုရင်တော့ ကိုယ်ကျိုးကို ပဓာနမထားဘဲ သူတစ်ပါး၏ ကောင်းကျိုးကို လည်းကောင်း၊ သံသရာမှ လွတ်မြောက်ဖို့ကို လည်းကောင်း၊ ရည်မှန်း၍ ပြုလေ့ရှိသော သူမြတ်တို့၏ လုပ်ငန်းပင်ဖြစ်၏။
ဆိုလိုတာကတော့ မြင့်မြတ်သူတို့၏ အလုပ်လို့ ပြောချင်တာပါပဲနော်။
ကဲ…ဒီနေ့တော့ ဖြင့် မြင့်မြတ်သူတို့ရဲ့ ဖြည့်ကျင့်ရမယ့် ပါရမီဆယ်ပါးလုံး စုံလင်စွာ သိရတော့မှာမို့ လွန်စွာ အားတက်လျှက် ကုသိုလ် စိတ်တို့နှင့်အတူ ဆွေးနွေးပွဲလေး စတင်ပါပြီ။

မေး။ ။ ရှေ့တုန်းက သိခဲ့ရတဲ့ ပါရမီတွေထဲက ဒါနပါရမီ၊ သီလပါရမီ၊ ပညာပါရမီ၊ ၀ီရိယပါရမီနဲ့ ခန္တီပါရမီတွေကိုတော့ ဖြင့် ကျနော်တို့ အနေနဲ့ တတ်စွမ်းသလောက် ကြိုးစား ဖြည့်ကျင့်လို့ရမှာဖြစ်ပေမယ့် ကျန်တဲ့ နေက္ခမ္မပါရမီကတော့ဖြင့် တော်တော်လေးကို အားကုန်သုတ်လို့ ရုန်းရမယ်နဲ့တူပါရဲ့။ ဘယ်လိုသဘောရသလဲဆိုတာလေးလည်း ပြောပါဦးဗျ။


ဖြေ။ ။ အင်း။ ပြောရမယ်ဆိုရင်တော့ နေက္ခမ္မပါရမီအနေနဲ့ ကိလေသာတောက လွတ်အောင် အရင်ရုန်းကြမယ်လေ။ ကိလေသာတောကလွတ်ဖို့ဆိုတာ ကိလေသာကို အောင်နိုင်တဲ့ လက်နက်နဲ့ တိုက်မှ ဖြစ်မယ်နော်။ အဲဒါကလည်း ၀ိပဿနာဥာဏ်လက်နက်ပဲမဟုတ်ပါလား။ အဲဒီဝိပဿနာဥာဏ်လက်နက်ရဖို့ကျ ၀ိပဿနာတရားအားထုတ်ကြရမယ် မလား။ ကျနော်တော့ အဲဒီနည်းနဲ့ နေက္ခမ္မပါရမီကို ဖြည့်လို့ရမယ်လို့ ယူဆတယ်လေ။ အဲလိုဆိုလည်း ဖြစ်တယ်မလား။


မေး။ ။ အင်းဗျ။ ခင်ဗျား အကြံဥာဏ်ကောင်းတာပဲ။ ကျနော်တို့ ဒါဆို ရှေ့က ပါရမီ ခြောက်မျိုးလုံး ကိုယ့်တစ်နိုင် ဖြည့် လို့ရတာပေါ့နော်။ ကဲ ဒါဆို ဒီနေ့ဆက်မယ့် ပါရမီတော်လေးတွေလည်း ထပ်မံ ဝေမျှပါဦး။ စလိုက်ကြစို့လား။


ဖြေ။ ။ဒီနေ့စကြမယ့် ပါရမီတော်ကတော့ သစ္စာပါရမီ ပါပဲ။


၇။ သစ္စာပါရမီဆိုတာ


ဆရာတော်ကြီးရှင်းပြထားတဲ့ သစ္စာပါရမီသဘောလေးကို ပြန်မျှရရင်
“လိမ်၍ပြောခြင်း၊ ပြောတဲ့အတိုင်း မလုပ်ခြင်းကား လူအများကို အထင်မှားအောင် လှည့်စားခြင်းတစ်မျိုးမည်၏။ ထို့ကြောင့် လူတစ်ယောက်ကို ဖြစ်စေ၊ အများကို ဖြစ်စေ အထင်မှားအောင် မုသားလည်း မပြော ကြွားဝါ၍လည်း မပြောဘဲ ပြုနိုင်သလောက် ပြော၍ ပြောသည့်အတိုင်း ပြုခြင်းသည် သစ္စာပါရမီ၏ သဘောတည်း။”
ဒီသစ္စာပါရမီအပေါ် ကျနော်နားလည်လိုက်တာက သူတစ်ပါးအကျိုးပျက်စေအောင် မုသားပြောခြင်းကို အဓိက ထား ရှောင်ရှားရမယ်လို့ နားလည်မိတယ်။


မေး။ ။လုပ်သလောက်သာပြော၍ ပြောတဲ့အတိုင်းလည်း လုပ်ခြင်းသည် သစ္စာလို့ ဆိုတာကို ခုမှသိခွင့် ရတော့ တယ်။ အပြောအဆိုကို အတော့ကို သတိထားမှနော်။ ဇာတ်တော်လေးနဲ့ ရှင်းပေးပါဦး။


ဖြေ။ ။ ဘုရားလောင်းလျာဟာ ဘ၀ပေါင်းများစွာ သစ္စာပါရမီကို ဖြည့်ကျင့်ခဲ့ပါတယ်။ အဲဒီထဲကမှ ဇာတ်တော်တစ်ခု ထုတ်ပြောရရင် သုတသောမမင်းဘ၀မှာ သစ္စာပါရမီဖြည့်ကျင့်ပုံလေးကတော့ အသက်နဲ့ရင်းပြီး သစ္စာစောင့်ထိန်းခဲ့ပုံ လေးမို့ သိရအောင် ပြန်မျှမယ်နော်။
ဘုရားအလောင်းတော်သည် မဟာသုတသောမမင်းဖြစ်စဉ် ရှင်ဘုရင်ဘ၀မှ လူသားစားမှုကြောင့် ထွက်လာခဲ့ရသော “ပေါရိသာဒ” မည်သူ တစ်ယောက်လည်း တောထဲမှာနေ၏။ ထို ပေါရိသာဒသည် တစ်နေ့သောအခါ သစ်ငုတ်စူး၍ ခြေဖ၀ါး၌ဖြစ်သော အနာကို “နတ်မင်း ကယ်မပါ။ ၇ ရက်အတွင်း ပျောက်အောင်(မ)လျှင် ဇမ္ဗူဒိပ်မင်း အပေါင်းတို့၏ လည်ချောင်းသွေးဖြင့် သူ့ဘာသာ ပျောက်သွားသည်ကို “နတ်မသည်”ဟုထင်ကာ ဇမ္ဗူဒိပ်မင်းတို့ကို ယဇ်ပူဇော်ရန် ဖမ်းထားလေသည်။


သုတသောမမင်းသည် ပေါရိသာဒလက်သို့ ရောက်သောအခါ ပုဏ္ဍားတစ်ဦးထံသို့ တရားဂါထာ နားထောင်ဖို့ရန် ၀န်ခံ ခဲ့သော ကတိ(ဂတိ)ကို သတိရ၍ “တရားနာပြီးလျှင် ပြန်လာပါမည်”ဟု ပေါရိသာဒထံ တောင်းပန်၏။ ပေါရိသာဒလည်း တက္ကသိုလ်ပညာသင်စဉ်က ဆရာဖြစ်ခဲ့ဖူး၍ ပြန်လွှတ်လိုက်၏။ တရားနာပြီးသောအခါ သတ်တော့မည်ကို သိပါလျှက် သစ္စာမဖျက်ဘဲ မကြောက်မရွံ့ အသက်စွန့်၍ ပြန်လာခဲ့ပေသည်။ {သို့သော သုတသောမမင်း၏ တရားစကားကြောင့် မင်းအားလုံးပင် အသတ်မခံရတော့ဘဲ ပေါရိသာဒလည်း သူ့ထီးနန်းကို သူပြန်ရလေသည်}။


ကဲ ဒီဇာတ်တော်မှာ ကြည့်ရင် သူပြန်သွားရင် အသတ်ခံရမယ်မှန်းသိတာကိုပဲ ပြန်လာမယ်လို့ ပြောခဲ့တဲ့ ဂတိစကားကို စောင့်ထိန်းနိုင်တာမို့ ဒါကိုပဲ “သစ္စာပရမတ္ထပါရမီ”လို့ သိလိုက်ရပါပြီနော်။


မေး။ ။ အင်းဗျာ။ မြတ်ဘုရားရဲ့ ပါရမီဖြည့်ကျင့်ပုံအကြောင်း တစ်စတစ်စတိုးတိုးပြီး သိလာရလေလေ ပိုလို့ ပိုလို့ စိတ် မှာ ကြည်ညိုရလေလေပါပဲနော်။ သာမန်လူတွေ လုပ်နိုင်ခဲသော မြင့်မြတ်သော အလုပ်တွေမို့ တကယ့်ကို တန်ဖိုးထား လေးစားဖွယ်သာ ဖြစ်ပါတော့တယ်ဆိုတာ ပြောမပြတတ်အောင် ဖြစ်လာရပါပြီ။ ကဲ ဆက်ပါဦးဗျာ။


ဖြေ။ ။ ဒါဆို နောက်ထပ် ပါရမီ တစ်ပါး ဆက်ကြဦးစို့။


၈။ အဓိဋ္ဌာန်ပါရမီ


အဓိဆိုတာ စွဲမြဲတာ။ ဇွဲသန်တာကို ဆိုလိုပါတယ်။ ဌာန ဆိုတာ တည်တံ့ခြင်းဆိုတော့ စွဲမြဲဇွဲသန်စွာ တည်အောင်ပြုခြင်း ပေါ့နော်။ ဒါကိုပဲ ဆရာတော်ကြီးက ဘယ်လို ရှင်းပြထားသလဲဆိုတော့ “ဒါနစသော ပါရမီကို စွဲစွဲမြဲမြဲ ဇွဲကောင်းကောင်း နှင့် ပြုလုပ်မည်ဟု ဆုံးဖြတ်ထားမှု၊ ဆုံးဖြတ်သည့်အတိုင်း ပြုလုပ်မှုကို “အဓိဋ္ဌာန်”ဟုခေါ်၏။”
တဆက်တည်း ထုတ်ပြထားတဲ့ ဇာတ်တော်ကတော့ ဘုရားအလောင်းတော် တေမိမင်းသားဘ၀မှာ အဓိဋ္ဌာန်ပါရမီ ဖြည့်ကျင့်တော်မူပုံလေးပဲပေါ့။


မေး။ ။ အဲဒါလေးပါ ရှင်းပြလိုက်ပါတော့။


ဖြေ။ ။ ဘုရားအလောင်သည် “တေမိမင်းသား” ဖြစ်ခဲ့ဖူး၏။ ထိုမင်းသာ မဖြစ်မီဘ၀က နတ်ပြည်၌ ဖြစ်ခဲ့ဖူး၏။ ထိုမင်း သား မဖြစ်မီဘ၀၌ ငရဲကျခဲ့၏။ ငရဲမကျမီဘ၀၌ ရှင်ဘုရင်ဖြစ်ခဲ့၏။ ထိုရှင်ဘုရင်ဘ၀၌ သတ်မှုဖြတ်မှုကို အမိန့်ပေးခဲ့ရ သဖြင့် ငရဲကျရခြင်း ဖြစ်သည်။ တေမိမင်းသားကလေးသည် တစ်လသားအရွယ် ရောက်၍ ထီးဖြူအောက်၌ ပက်လက် ကလေးနေစဉ် ထီးဖြူကို မြင်ရသည်မှစ၍ ရှေးဘ၀တွေကို သိမြင်သော “ဇာတိဿရ=ဘ၀ဟောင်းအောက်မေ့နိုင် သော”ဥာဏ်ကို ရလေသည်။ ထိုအခါ မင်းပြုခဲ့ပုံနှင့် ငရဲကျခဲ့ပုံကို တွေးကာ လွန်စွာ ကြောက်ရွံ့သဖြင့် ပဒုမ္မာကြာပန်း ကလေး နွမ်းသလို ညှိုးနွမ်းသွားရှာလေသည်။ ထိုဖြစ်ပုံကို (ရှေးက မိခင်ဟောင်းဖြစ်ခဲ့ဖူးသော)ထီးချက်စောင့် နတ်သ္မီး မြင်၍ “သားကြီးတေမိယ မကြောက်ပါနှင့်၊ မင်းမလုပ်ချင်လျှင် အအ၊ အဆွံ၊ နားထိုင်းတဲ့ဟန်ကို ဆောင်နေလိုက်ပါ” ဟု အကြံပေးလေသည်။ ထိုအခါမှစ၍ ငိုလည်းမငို၊ အရွယ်ရောက်လည်း မထိုင်မထ၊ ပြောသမျှလည်း မကြားသလို ဟန် ဆောင်၍ နေလိုက်ရာ အသက်တစ်ဆယ့်ခြောက်နှစ် ကြာလေသည်။ ထိုအခါကျမှ “ထီးနန်းနှင့်မတန်ဘူး”ဟု အယူရှိ၍ ခမည်းတော်မင်းကြီးက တော်ထဲသို့ ထုတ်သတ်ဖို့ရန် အမိန့်ပေးလေရာ တောထဲရောက်သော် ရသေ့ရဟန်းပြုသွားလေ သည်။


ကဲ ဘယ်လောက်အားကျဖို့ကောင်းလဲလို့နော်။


မေး။ ။ အင်းဗျာ ။ သူကတော့ ဇာတိဿရဥာဏ်ရထားလို့ သူ့အတိတ်ကို မြင်ပြီးကြောက်ပေမယ့် ကျနော်တို့မှာတော့ ဘာဥာဏ်မှလည်း မရတာကြောင့် မျက်ကန်း တစ္ဆေမကြောက်သလိုတောင် ဖြစ်နေပါပေါ့လားနော်။ အကယ်လို့များ အဲလိုဥာဏ်များရလို့ အတိတ်ကိုသာ ပြန်ကြည့်လို့ရခဲ့ရင်တော့လား။ ကျနော်တို့ အတိတ်တွေက ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလိုက်မလဲဆိုတာ ကြည့်တောင်ကြည့်ရဲမယ်မထင်တော့ပါဗျာ။


ဖြေ။ ။ အင်းလေနော်။ ဘာပဲဖြစ်ဖြစ် ကျနော်တော့ ခုလိုပြောရင်းနဲ့တောင် တေမိမင်းကို အားကျမိလာပြီ။ ဘယ်နှယ့်လဲ ၀စီပိတ်လေးဘာလေး တစ်ပတ်လောက်ဖြစ်ဖြစ် ချလိုက်ရအောင်လား။ ဘယ်လိုနေမလဲလို့။ တစ်ခါ လောက်များ အဲလို စကားမပြောဘဲ နေကြည့်လို့ရမယ့် အရသာလေးများ မြည်းစမ်းကြည့်ရမလားလို့။ ဒါပေမယ့် သူက တေမိလုပ်တာက အကြောင်းရှိတယ်လေနော်။ အတိတ်ကို ကြောက်တာရယ်။ အနာဂါတ်မှာရလာမယ့် မင်းစည်းစိမ်က လွတ်မြောက်ချင်တာရယ်ကြောင့်မလား။ ကျနော်တို့ကလည်း အဲလိုလုပ်မယ်ဆိုရင် ရည်ရွယ်ချက်ကောင်းမှ ကိုယ်လုပ် တဲ့အလုပ်က အဓိပ္ပါယ်ရှိနိုင်မှာပေါ့နော့။


မေး။ ။ ဟုတ်ပါရဲ့။ ဘာပဲလုပ်လုပ် အကြောင်းအကျိုး ဆက်စပ်မှုတော့ရှိမှဗျ။ လုပ်ချင်ရာ အကြောင်းမဲ့ စွတ်လုပ်လို့ ရည်ရွယ်ချက်မရှိဘဲနဲ့ ဆိုရင်တော့ ပါရမီမြောက်မှာ မဟုတ်ဘူးလေနော်။ နောက်ထပ်ပါရမီနှစ်ပါးတောင် ကျန်သေးတာ မို့ ဆက်ကြဦးစို့လား။


ဖြေ။ ။ ဟုတ်ကဲ့ပါ။ နောက်ထပ် အလှည့်ကျမယ့် ပါရမီကတော့ မေတ္တာပါရမီပါပဲ။


၉။ မေတ္တာပါရမီ


မေတ္တာဟူသည် သူတစ်ပါးတို့ကို ကြီးပွားစေလို ချမ်းသာစေလိုသော သဘောတည်း။ ထို့ကြောင့် မြင့်မြတ်သော စိတ်ဓါတ်ရှိသူတို့သည် မိမိအပေါ်၌ သူတစ်ပါးက မတော်မတရား ပြုထားစေကာမူ ထိုသူ၏ အပြစ်အနာအဆာကို (လက်စားချေမည်ဟု) မရှုတော့ဘဲ အကြောင်းကိစ္စပေါ်လာလျှင် ကိုယ်ကသာ သူ့အကျိုးကို ဆောင်ရွက်ကြလေသည်။


မြင့်မြတ်သူတို့ရဲ့ အလုပ်ထဲမှာ မေတ္တာပါရမီကလည်း တစ်ခုအပါအ၀င်ပဲနော်။ တကယ့်မေတ္တာစစ်စစ်နဲ့ အများအကျိုး သယ်ပိုးဖို့ကို လမ်းညွှန်ထားတာပဲပေါ့။ အဲဒီမှာ ဘုရားအလောင်းတော် သူဝဏ္ဍသာမရသေ့ဘ၀ကို နမူနာယူလေ့လာ ကြည့်ကြမယ်။ သုဝဏ္ဍသာမရသေ့ကို “သုဝဏ္ဍသျှမ်”လို့ အများသိနေကြ၏။ ဘုရားအလောင်းတော်သည် သတ္တ၀ါ တို့အပေါ်၌ များသောအားဖြင့် မေတ္တာထားလေ့ရှိ၏။ သုဝဏ္ဍသျှမ် ရသေ့ကလေးဘ၀နှင့် ဧကရာဇာမင်းဘ၀တို့၌ကား အထင်အရှား မေတ္တာပွားတော်မူခဲ့ပါသည်။


ဘုရားအလောင်းတော်သည် သုဝဏ္ဍသျှမ် ရသေ့ကလေးဖြစ်စဉ် တောထဲ၌ မျက်မမြင် မိဖ၂ပါးကို ပြုစုနေ၏။ တောထဲ ၌ ရှိကြသော ခြသေ့င်္၊ သစ်ကျားနှင့် တောကောင်လေးတွေအပြင် တောထဲမှာ ပျော်မွေ့ကြသော သမင်၊ဒရယ်၊ ဂျီ စသော သားကောင်များအပေါ်၌လည်းကောင်း၊ ဌက်တိရစ္ဆာန်တို့အပေါ်၌လည်းကောင်း တကယ့် မေတ္တာစိတ်ဖြင့် ချစ်ခင် နေရှာပေသည်။
နောက်ထပ် ဧကရာဇာမင်းဘ၀ကို ကြည့်ဦးမလား။ အဲဒီဧကရာဇာမင်းဟာ မေတ္တာတရားအလွန်ကြီးမား၏။ တစ်ခါသော် အခြားမင်းတစ်ယောက်သည် စစ်တပ်ဖြင့် တိုင်းပြည်ကို လုယူဖို့ရန် လာ၏။ ထိုရန်သူမင်းကိုပင် ရန်သူဟု သဘောမထားဘဲ မိခင်၏ မေတ္တာကဲ့သို့ တကယ့်မေတ္တာဖြင့် ခုခံတိုက်ခိုက်မှု မပြုဘဲ တိုင်းပြည်ကို စွန့်လိုက်လေသည်။

{ထိုမေတ္တာတော်ကြောင့်ပင် နောင်အခါ ထိုမင်းတို့ ချစ်ခင်ကြ၍ တိုင်းပြည်ကို ပြန်ရလေသည်။}

ဇာတ်လမ်းလေးကတော့ ဒါပါပဲကွယ်။ ဒီမှာပဲ မေတ္တာလက်နက် အစွမ်းထက်ပုံကို သိသာထင်ရှားစွာ သိခွင့်ရလိုက်ပါပြီ။


မေး။ ။ အင်းလေ။ ကျနော်ဖြင့် ခု သာသနာ့ဝန်ဆောင် ဆရာတော်ကြီးတွေနဲ့ ကြုံတိုင်း သတိထားမိပါတယ်။ တကယ့် ကို အေးချမ်းမှုကို သူတို့မျက်နှာဖူးလိုက်တာနဲ့ ရစေတယ်ဗျာ။


ဖြေ။ ။ ဟုတ်တယ်။ ဟုတ်တယ်။ ကျနော်လည်း အဲတိုင်းပဲ ဘာလို့များ ဆရာတော်ကြီးတွေ အဲလောက် အေးချမ်းပါလိမ့်လို့ တွေးမိနေတယ်။ တကယ်ဆိုသူတို့လုပ်ဆောင်နေတဲ့ သာသနာ့တာဝန်တွေက တရစပ်ကို မနား တမ်းနော်။ နားချိန်မရှိအောင် သာသနာ့အကျိုးကို ရွက်ဆောင်တော်မူနေပါလျှက် တစ်စက်ကလေးမှ ပင်ပန်းတဲ့ပုံ တောင် မပေါ်တာတော့ တော်တော်လေး မထူးဆန်းဘူးလား။ ဒါထက်ကို သူတို့ ၀န်းကျင်ကသက်ရှိတွေတိုင်းဟာ လည်း အေးငြိမ်းမှုတွေနဲ့ ချမ်းသာနေကြတာ အထင်ကရကို တွေ့နေ မြင်နေရပါတယ်လေနော်။ ခုမှ ဆက်စပ်မိသွား တယ်။ တကယ်တော့ သူတို့မှာ မေတ္တာလက်နက်ရှိတာ အသေအချာပဲ ဖြစ်ရမယ်။


မေး။ ။ သိပ်ဟုတ်တာပေါ့ဗျာ။ အင်း ကျနော်တို့လည်း အားကျနေရုံနဲ့တော့ မပြီးသေးဘူးဗျ။ မေတ္တာပို့ခြင်း၊ မေတ္တာပွား ခြင်း၊ မေတ္တာဆောင်ခြင်း အမှုတွေကို ကြိုးစားလုပ်ဖို့ တာဝန်တစ်ခု ရှိလာပြီလို့ ခံစားရတယ်လေ။


ဖြေ။ ။ ဟုတ်ပါရဲ့။ ဒီလိုဆို ကြိုးစားလုပ်ကြမယ်လေနော်။


မေး။ ။ ကဲပါ။ နောက်ဆုံးတစ်ခုဖြစ်တဲ့ ဥပေက္ခာ ပါရမီလေးပါ ဆက်လိုက်ကြပါဦးစို့လား။


ဖြေ။ ။ ဟုတ်ပ။ စကားကြားဖြတ်ဝင်လိုက်တာနဲ့ စာတောင် အတော်ရှည်သွားပေါ့။


၁၀။ ဥပေက္ခာပါရမီ


မုန်းလည်းမမုန်း၊ ချစ်လည်းမချစ်ဘဲ အလယ်အလတ်၌ တည့်မတ်သောစိတ်ကို “ဥပေက္ခာပြုခြင်း- လျစ်လျူရှုခြင်း” လို့ခေါ်၏။ တဲ့။ ထိုသို့ရှုရာ၌လည်း ပုဂ္ဂိုလ်ကို ရှုသည်မဟုတ်။ ထိုပုဂ္ဂိုလ်များပြုသော အမှုအပေါ်၌သာ (စော်ကားလည်း မမုန်း၊ ရိုသေလေးစားလည်း မချစ်ဘဲ) လျစ်လျူခြင်း ဖြစ်သည်။


ဘုရားလောင်းတော်ရဲ့ မြင်သူတိုင်း ကြက်သီးထလောက်အောင် ဥပေက္ခာပါရမီဖြည့်ကျင့်ခဲ့ပုံကို “လောမဟံသ”ဖြစ်စဉ် အခါမှာ တွေ့မြင်နိုင်ပါတယ်။


ဘုရားလောင်းတော်သည် မိဖတို့ ကွယ်လွန်ကြသောအခါ များစွာကျန်ရစ်သော စည်းစိမ်တို့ကို မက်မော်ခြင်း မရှိဘဲ ရသေ့ပြုလို၏။ သို့သော် ရသေ့ပြုလုပ်သွားလျှင် လူအများက အထင်ကြီး၍ ချီးမွမ်းကြလိမ့်မည်ဟု ယူဆသဖြင့် ရသေ့ လည်း မလုပ်ဘဲ အ၀တ်တစ်ထည်ဖြင့် ရောက်ရာ ပေါက်ရာ ထွက်ခွာသွားလေ၏။


လေးလေးစားစား ပြုသောနေရာ၌ ကြာကြာမနေ တစ်ရက်သာနေ၏။ မလေးမစားပြုသူများသော နေရာ၌သာ ကြာကြာ နေ၍ ဥပေက္ခာပါရမီကို ဖြည့်ကျင့်လေသည်။ ရွာတစ်ရွာ၌ကား ဘုရားအလောင်းတော်ကို ကလေးတွေနှင့် သေသောက်ကြူးတွေက အများဆုံး လှောင်ကြ ပြောင်ကြကုန်၏။


အလောင်းတော်သည် သုသာန်၌ လူရိုးကို ခေါင်းအုံး၍ အိပ်၏။ ကလေးတို့ လာ၍ တံတွေးထွေးကြ။ ကျင်ကြီးကျင်ငယ် စွန့်ကြလေကုန်၏။ ထိုသူတို့အပေါ်၌ စိတ်မဆိုး၊ တစ်ချို့ လိမ္မာသူတို့က ပန်းနံ့သာနှင့် စားကောင်းသောက်ဖွယ်ကို ပေး လှူကုန်၏။ ထိုသူတို့၏ အပေါ်၌လည်း မချစ်၊ နှစ်မျိုးလုံးအပေါ်၌ လျစ်လျူရှုကာ ဥပေက္ခာဖြင့် နေလေသည်။{ထိုဘ၀၌ ဥပေက္ခာကို အခံနိုင်ဆုံးပင် ဖြစ်လေသည်} တဲ့။
ကဲ ဒီမှာပဲ ပါရမီတော် ဆယ်ပါးလုံး စုံညီစွာ ပြီးဆုံးသွားပါပြီ။


လူတိုင်းလည်း မြင့်မြတ်သော အလုပ်ဖြစ်သည့် ပါရမီမြောက် အလုပ်များကို ကြိုးစားလုပ်ဆောင်နိုင်ကြလို့ မြင့်မြတ်သူများ ဖြစ်နိုင်ကြပါစေ။
ကျမ်းကိုး။ ။ အရှင်ဇနကာဘိဝံသ၏ ပန္နရသမ ကျမ်းစာ ဘုရားဖြစ်တော်စဉ် စာအုပ်မှ ထုတ်နုတ်ရေးသား မျှဝေခြင်းဖြစ်သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့