Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 14 April 2013

သင်္ကြန်စိတ်ကူး....



                         နွေရောက်ပြီ......   အမိမြေတွင် မကြာမီ  သင်္ကြန်ကျတော့မည်....။   သင်္ကြန်ရက်အမီ 
ပိတောက်ပန်းတွေလဲ ပွင့်ကြမည်၊သင်္ကြန်မှာလဲ အားလုံး  ပျော်ကြမည်...။

                         ဥပုဒ် သီတင်းတွေလည်းဆောက်တည်ကြမည်၊  အလှူအတန်းတွေလည်းလှူဒါန်းကြမည်၊
အဘိုးအဘွားတို့ကိုလည်း နှစ်ဆန်းတစ်ရက်နေ့မှာ ခေါင်းလျော်၊ ခြေသည်းလက်သည်းဖြတ်၊ ရေမိုးချိုးပေးခြင်း၊
လှူဘွယ်ပစ္စည်းများ၊ ထောက်ပံ့ငွေများဖြင့် သက်ကြီးပူဇော်ခြင်း ကောင်းမှု၊ ဇီဝိတ ဒါန အသက်ကို စွန့်လှူခြင်း
ကောင်းမှုများပြု၍  နှစ်ဆန်းတစ်ရက်နေ့တွင် ပရိတ်တရားတော်များ နာကြားခြင်း..... စသည့် ကောင်းမှုများ
ပြုကြတော့မည်.....။

                        သင်္ကြန်တွင် ယိမ်းအဖွဲ့များ၊ သင်္ကြန်သီချင်းများဖြင့် စည်းကားနေတော့မည်၊  အလှပြယာဉ်
များဖြင့် ညဘက်တွင်လည်း  ရှုမ၀နိုင်အောင် လှပနေဦးမည်....။   ပူပြင်းလှသော နွေလည်တွင်  သင်္ကြန်ရေ 
အေးအေးလေးများဖြင့်  နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောကြမည်။  ပျော်ရွှင်စွာ၊ လှပစွာပေါ့..။

                       နှစ်ဟောင်းမှ အညစ်အကြေးများ  ကင်းစင်ကောင်း  ကင်းစင်နိုင်သော်လည်းနှစ်ဟောင်းမှ
ဒဏ်ရာများက ပျောက်မသွားခဲ့.....။   အနာကျက်ပြီးသော်မှ  ဒဏ်ရာက ကျန်ရစ်သေးသည်....  ဒဏ်ရာကို
မြင်တိုင်းလည်း....  ပိတောက်တွေ ဝေတိုင်းလည်း  ရွက်ဟောင်းလေးတွေ ကြွေတိုင်းလည်း... နာကျင်ခံစား
နေရဆဲ....။

                        သင်္ကြန်မှာ ကိုယ်တိုင်ခူးသော ပိတောက်တွေလဲည်း ပန်ပေးခဲ့သည်။  ရေပက်ခံလျှောက်
လည်စဉ် ပိုက်လုံးများ၏ ဒါဏ်မှ မျက်နှာသုတ်ပုဝါကလေးဖြင့်သာမက.. နားနှင့် မျက်နှာလေးကို လက်ဝါးနှစ်
ဘက်ဖြင့်ကာပေးခဲ့ဘူးသည်၊  ရင်ခွင်ထဲတွင်လည်းထွေးပွေ့ထားခဲ့ဘူးသည်၊ ရေစိုစိုတွင်ရင်တဖိုဖိုဖြင့်နွေးထွေး
နေခဲ့သည်ဟု.....။

                        သင်္ကြန်ရက်ကလေးတွင် ပျော်ရွှင်လို့မှမဆုံးခင် ထွေးပွေ့ထားသောရင်ငွေ့လေးမှမခြောက်
ခင်ချစ်သူစွန့်ခွါသွားခဲ့သည်။  မျက်နှာသုတ်ပုဝါလေးသည်လည်း သွေးများ စွန်းထင်းခဲ့ရသည်....။   ပန်ပေးခဲ့
သော ပိတောက်ပန်းလေးသည်လည်း ကတ္တရာလမ်းပေါ်တွင် နားခိုခဲ့ရသည်.....။

                        သင်္ကြန်ရေတို့နှင့် သွေးများရောယှက်သွားခဲ့သည်... သို့သော် ချစ်သူ၏မျက်လုံးများသည်
တစ်စုံတစ်ခုကို စိုးရိမ်စွာကြည့်နေခဲ့သည်ဟု မေမေပြောပြခဲ့သည်.....။ ဒီသင်္ကြန်ရက်မှာပါပဲ...။



                         သင်္ကြန်တစ္ဆေခြောက်လှန့်ခဲ့သည်... ဆေးရုံပေါ်မှ သတိရသောအချိန်တွင် သင်္ကြန်ရက်
များလည်း လွန်မြောက်ခဲ့ပြီ၊ နွေ၏ ပူလောင်ခြင်းများကို တိတိကျကျ ခံစားရတော့သည်။  ကျောက်ပတ္တီးများ၊
စတီးအကူ ပစ္စည်းများဖြင့် လချီ၍ နေခဲ့ရသည်....။  ပြန်စဉ်းစားတိုင်း  ကမူးရှူးထိုးဖြင့်  ရှေ့တည့်တည့်မှ ၀င်
လာသော ကားကြီးကိုသာ မြင်ခဲ့ရသည်..။

                         နောက်ဆုံးတွင် လက်တစ်ဘက်ဖြင့် သံတန်းကြီးကို ဆုပ်လျှက် ချစ်သူကို တင်းကျပ်စွာ
ဖက်ထားလိုက်သည်ကိုသာ အမှတ်ရနေခဲ့သည်...။ ချစ်သူ၏ သေဆုံးခြင်းများကို ကိုယ်တိုင် မမြင်မတွေ့ခဲ့ရ
ခြင်းတွေကိုပင် တော်သေးသည်ဟုခံစားခဲ့ရသည်။  နွေသည်အပြင်မှာပူစေသလို၊ ရင်ကိုလည်းလောင်မြိုက်
စေခဲ့သည်.....။ ဆေးရုံပေါ်တွင် မျက်ရည် အကြိမ်ကြိမ်ကြိတ်၍ကျခဲ့ရသည်....။  ချစ်သူအတွက် ရက်လည်
ဆွမ်းသွပ်သည်ကိုလည်း မသိခဲ့....။  အသုဘချသည်ကိုလဲ မသိခဲ့....။  (၉)ရက်ခန့် သတိလစ် မေ့မျောနေ
ခဲ့သည်ပဲ.... သတိရသောအချိန်တွင် ချစ်သူ အနားမှာ မရှိတော့.....။

                        ဆေးရုံမှ ဆင်းပြီး လေ့ကျင့်ခန်းလုပ်ရသော ရက်များတွင် လမ်းလျှောက်မည်ဟု  ဆိုကာ
ချစ်သူရှိရာ အုတ်ဂူလေးသို့... အရောက်လာခဲ့သည်၊ အကြိမ်ကြိမ်ပါပဲ..  ချစ်သူ အုတ်ဂူလေးတွင် ငွေဖလား
အတွင်း ပိတောက်ပန်းလေးများ ထည့်ထားသည့် ပုံလေးကို အင်္ဂတေဖြင့် ထုလုပ်ထားခဲ့ကြသည်...။ မေမေ့
စိတ်ကူးဟု ပြောကြသည်..။ သူ့ကို မေမေသည် သမီး အရင်းကဲ့သို့ ချစ်ခဲ့သည်...။ သူလည်း မိခင်အရင်းလို
ချစ်ခဲ့သည်....။ သူသည် ကျွန်တော့်အတွက်ဖြစ်သလို ကျွန်တော်သည်လည်း သူပဲ ဖြစ်ရမည်ဟု မေမေပြော
ခဲ့သည်။

                        မေမေ မရှိတော့သည့်နောက်ပိုင်းတွင်... သူနှင့်သာ စိတ်ချသည်ဟု မေမေ မကြာခဏ
ပြောတတ်သည်...။  အဲဒီတုန်းက သူ သဘောကျစွာ ရယ်မောနေခဲ့သည်တဲ့...။  မေမေ့ကိုလည်း ဖက်ကာ
နမ်းတတ်သည်၊ မေမေ အရမ်းကျေနပ်နေသည်ကို ကြည့်ရင်း ကျွန်တော်လည်း ပျော်ရွှင်ခဲ့ပါသည်....။

                        ကျွန်တော် မိုးဦးကျကာစအချိန်တွင် မေမေ့ကိုခွဲကာတိုင်းတစ်ပါးသို့ ထွက်ခွါလာခဲ့သည်။
မေမေ့ပါးလေးကို နမ်းနေစဉ် မေမေ မျက်ရည်ကျခဲ့သည်၊  ကျွန်တော်၏ ဆို့နင့်သော လည်ချောင်းမှ စကား
သံများထွက်မလာသော်လည်း လက်ဖ၀ါးဖြင့်မျက်ရည်များကို သုတ်ပေးခဲ့သည်....။

                        ကျွန်တော် မေမေ့ထံသို့  တစ်နှစ် တစ်ခေါက် အနည်းဆုံး ပြန်ဖြစ်ခဲ့သည်၊  နွေရက်များ
မတိုင်မီ ပြန်သည်၊ ကျွန်တော် ပိတောက်ပန်းများကို မမြင်လိုပါ....။ သင်္ကြန် သီချင်းများကို မကြားလိုပါ....
အလှပြယာဉ်များကိုလည်း မကြည့်လိုပါ..။  နောက်ပြီး သင်္ကြန်ချစ်သူများကိုလည်းမတွေ့ချင်ပါ။  ကျွန်တော်
ကြောက်လန့်မိပါသည်။  သင်္ကြန်ကာလတွင် ကားအက်ဆီးဒင့် သတင်းများ လုံးဝနားမထောင်ချင်ပါ။ တစ်စုံ
တစ်ယောက် သေဆုံးခြင်းနှင့်  တစ်စုံတစ်ယောက် ကျန်ရစ်ခြင်းများကို မဖြစ်စေချင်ပါ...။  သင်္ကြန်ရက်များ
အတွင်း အက်ဆီးဒင့် ဖြစ်၍ ကျန်ရစ်သူမှာ ကျွန်တော် တစ်ယောက်ထဲသာ ဖြစ်ချင်ခဲ့ပါသည်...။

                            တကယ်တမ်းတော့ ကျွန်တော် ဖြတ်သန်းခဲ့သည့် အချိန်များမှာ ကြာညောင်းလှပါပြီ။
အမိမြေမှ ယဉ်ကျေးသော  သင်္ကြန်ပွဲတော်ကို ကျွန်တော် လွမ်းမိပါသည်...။   သင်္ကြန်တွင် လူငယ်သဘာဝ
လွတ်လပ်စွာ ပျော်ရွှင်ပြီးနောက် နှစ်ဆန်းဆစ်ရက်နေ့တွင် မြန်မာ ၀တ်စုံဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်
ရသည်ကိုလည်း အလွန်ကျေနပ်ခဲ့ဘူးပါသည်....။ လူကြီးများကို ဂါရ၀ပြုရသော  အချိန်များတွင် ကျွန်တော်
တို့သည် ကျက်သရေ မင်္ဂလာအပေါင်း ခညောင်းသည်ဟုလည်း ခံစားခဲ့ဘူးပါသည်။ နူးညံ့သောအတွေးစိတ်
လေးများကိုလည်း ခံစားရရှိခဲ့ပါသည်။




                          ဒီနှစ် သင်္ကြန်ရက်တွင် ကျွန်တော်အမိမြေမှ မိခင်၏ရင်ခွင်သို့ ပြန်ပါမည်...။ မပျော်နိုင်
သည့်တိုင် ကျေနပ်စွာ၊ သတိရလွမ်းဆွတ်စွာ သင်္ကြန်ကို ရင်ဆိုင်ပါမည်....။  ပိတောက်နှင့် အတူ လှပသော
နေ့ရက်များကို နူးညံ့ သိမ်မွေ့စွာ ကျော်ဖြတ်ပါမည်...။ အရွယ်အားဖြင့်လည်း ရင့်ကျက်ခဲ့ပြီလေ.. နှလုံးသား
လေးလည်းတည်ငြိမ်ခဲ့ပြီ.....ဟု။

                         ဒီနှစ် သင်္ကြန်ကာလတွင် ဘုန်းကြီး ကျောင်းသို့  မေမေ့ကို ကျွန်တော် ကိုယ်တိုင် လိုက်
ပို့ပါမည်...။ ကျွန်တော် ပြန်သွားခဲ့လျှင် မေမေသည်လည်း  ပိတောက်ပန်းများအား မြတ်ဘုရားထံ ပူဇော်၍ 
သွားလေသူ... မွေးစားသမီးလေးနှင့်   ဝေးနေသော  သားဖြစ်သူတို့အတွက်ဆုတောင်းပေးရသော  အလုပ်
သက်သာသွားမည်ဖြစ်ပါသည်။

                        နောက်ပြီး သူ့ အုတ်ဂူလေးမှာလဲလှလှပပ ပိတောက်ပန်းလက်ဆောင်လေးကို ကိုယ်တိုင် ခူးပြီး ပို့ဆောင်ပေးပါမည်...။ ပိတောက်ပန်းလေးဖြင့် ရောက်လာသူ ကျွန်တော့်အတွက် ချစ်သူ ပျော်နေမည်
ဟု တွေးဖြစ်ပါသည်။

                        ကျွန်တော်  ကြည်လင်နေသော ကောင်းကင်ကြီးကို မော့ကြည့်ရင်း... အတွေး တစ်ခုကို
တွေးဖြစ်လိုက်သည် ကျွန်တော်၏  စိတ်ခံစားမှုများအတွက် မေမေ့ကို စွန့်ခွါခဲ့သည်။  ကျွန်တော် ဝေဒနာများ
သက်သာလာသော အချိန်များကို မေမေ ဘယ်လို ကျော်ဖြတ်ခဲ့မလဲလို့...။

                       ကျွန်တော့်ကို လွမ်းရင်း၊ သူ့ကို လွမ်းရင်း မေမေဘယ်လောက်အထိများမြိုသိပ်ခဲ့ရမလဲလို့။


                      ကျွန်တော်၏ သတိရခြင်းများ  နောက်မကျသေးသဖြင့်တော့ ကျေနပ်ရသေးသည်....။
ဒီနှစ်သင်္ကြန်၊ ဒီနှစ်တန်ခူးတွင် ရွာချမည့် သင်္ကြန်မိုးသည် မေမေ့အတွက် ဘယ်လောက် အေးမြနေမည်ကို
ကျွန်တော် မခန့်မှန်းတတ်...။ နောက်ပြီး ဒီနှစ်  သင်္ကြန်အမီပွင့်မည့် ပိတောက်ပန်းလေးတွေလည်း ချစ်သူ
အတွက် ဘယ်လောက် လှနေမည်ကို ကျွန်တော် မသိ၊ ကျွန်တော် သိလိုက်သည်ကတော့..... သင်္ကြန်ဆို
တာလည်း ရောက်လာဦးမည်...။ ပိတောက်တွေကလည်း ပွင့်ဦးမည်...။ ကျွန်တော် ဒဏ်ရာတွေ ပျောက်
လုပြီဖြစ်ကြောင်း သိခဲ့လျှင် မေမေလည်း ကျေနပ်နေမည်ဟု....။

                      တကယ်တော့ ချစ်သူရေ...  နွေရောက်မှ...၊ ပိတောက်ပွင့်မှ...သတိရနေတာ မဟုတ်
ပါဘူး...၊ ဘယ်လို အချိန်မှာပဲဖြစ်ဖြစ် ကိုယ် ဘယ်တော့မှ မမေ့ဘူးဆိုတာတော့ ယုံကြည်ပေးပါ... နော်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့