Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 18 April 2013

ဖြည့်ဆည်းခဲ့သောပါရမီတော်များ - ၁


ဒီနေ့ဆွေးနွေးပွဲလေးမစမှီ မနေ့ကအကြောင်းလေး ပြန်ခေါ်ကြည့်ကြမယ်။
သုမေဓာရှင်ရသေ့ ဘ၀ ဘုရားဆုပန်တော့ ဒီပင်္ကရာမြတ်စွာဘုရားက ဗျာဒိတ်ပေးတော်မူခဲ့တယ်နော်။ အဲဒီအချိန်မှာ အရမ်းကို ၀မ်းမြောက်ရွှင်လန်းပြီး ၀မ်းလျားမှောက်ရာက ထလို့ တင်ပလ္လင်ခွေထိုင်လိုက်ပြီး စဉ်းစားပါ သတဲ့။ ဘာတွေစဉ်းစားသလဲဆိုတာက ဆက်ကြရမှာပေါ့။
မေး။ ။ကဲ ပြောပါဦးဗျာ။ မြတ်ဘုရားလောင်းလျာက ဘာများစဉ်းစားပါလိမ့်ဆိုတာ ကျနော်တို့တော့ ဖြင့် ဥာဏ်မမှီတာမို့ မှန်းဆကြည့်လို့တောင် မရနိုင်ပါဗျာ။

ဖြေ။ ။အော် ခက်ပါရော။ ဘုရားဆုပန်ပြီးကာစ ဘာစဉ်းစားလဲဆိုတော့ ဘုရားဖြစ်ကြောင်းပဲ စဉ်းစား တာပေါ့။ ဘုရားဖြစ်ကြောင်း တရားကောင်းတွေက ဘာတွေပါလိမ့်ဆိုပြီး ဆင်ခြင်တော်မူလေတယ်။ အဲ..အဲဒီကျမှ ပါရမီဆယ်ပါးကို အစဉ်အတိုင်း မြင်တော်မူတယ်လေ။ အဲဒီပါရမီဆယ်ပါးကို အပြန် အလှန် ဆင်ခြင်တဲ့အချိန်မှာပဲ မြေငလျင်ပြင်းစွာ တုန်လှုပ်လေသတဲ့။
မေး။ ။အင်း…စပြီဟေ့။ ထူးခြားချက်တွေက။ ဆွေးနွေးပွဲအစကတည်း စထူးတော့တာပဲ။ ကျနော့် ထိုင်ခုံတောင် လှုပ်သွားသလားလို့။ ဆက်ပါဦး။
ဖြေ။ ။ကဲ ဒါနပါရမီကစကြတာပေါ့။
၁။ ဒါနပါရမီ
ဘုရားလောင်းတော် ဖြည့်ကျင့်ခဲ့တဲ့ ဒါနပါရမီဟာ ကျနော်တို့ ခင်ဗျားတို့လို သာမန်လူတွေလှူတဲ့ ဒါနနဲ့ တော့ မတူဘူးနော်။ ကျနော်တို့က လှူတော့လှူပါရဲ့။ လှူတဲ့အခါ နာမည်လေးကလည်း ပေါ်ချင်သေး။ လှူရတဲ့ ကုသိုလ်ကြောင့် နောင်ဘ၀တွေမှာ လူချမ်းသာ၊ နတ်ချမ်းသာ၊ လူ့စည်းစိမ်၊ နတ်စည်းစိမ် စသည်ဖြင့် စုံနေအောင် ဆုတွေတောင်းလိုက်ကြတာ။ ဆုတောင်းသမျှသာ ပြည့်မယ်ဆိုရင်လေ ရပ်တော့မှာတောင်မဟုတ်တော့ဘူးနော်။ လိုချင်တာတွေက များလွန်းလို့လေ။ ကိုယ့်အတွက်ရော သူများအတွက်ရော အပိုအဆစ်တွေပါ ထပ်ထပ်လိုချင်နေလိုက်တာ။ အဲလိုဒါနမျိုးတော့ မဟုတ်လို့ မှတ်ပါနော်။
မေး။ ။ ဒါဆို ဘယ်လို ဒါနမျိုးလဲဗျ။
ဖြေ။ ။ ဘုရားလောင်းဟာ မိမိအလှူကို ခံယူသူများ ချမ်းသာစေလိုသော မေတ္တာ၊ ဂရုဏာကိုသာ အရင်းခံထားပြီး စွန့်ကြဲပေးကမ်း လှူဒါန်းတော်မူပါတယ်တဲ့။ အဲ တစ်ခုတော့ သူ့စိတ်မှာ ရည်သန်တာ လေးက သဗ္ဗညုတဥာဏ်တော် (အလုံးစုံကိုသိသောဥာဏ်) ရဖို့ကိုလည်း ရည်သန်တောင့်တတော်မူ တယ်လို့ ကျနော်ဖတ်ရတယ်။
ဒီနေရာမှာ ကျနော် တစ်ခုသတိထားမိတာလေး။ ဘုရားအလောင်းတော်ဟာ ဘ၀ပေါင်းများစွာမှာ ဒါနပါရမီကို ဖြည့်ကျင့်တော်မူခဲ့တယ်နော်။ အဲဒီဘ၀တွေထဲကမှ ခုဆုပန်စဉ် သုမေဓာရှင်ရသေ့ ဘ၀ အစမှာ ခန္ဓာကိုယ်ကို လမ်းခင်းပြီး လှူခဲ့တဲ့ဒါနသည် အသက်ကိုစွန့်ပြီး လှူတဲ့ ဒါနမို့ ဒါသည်ပင် ပရမတ္ထဒါနပါရမီပဲလို့ စိတ်ထဲ တန်းပြီးချိတ်ကြည့်မိလိုက်တယ်။ နောက်ပြီး လေးအသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ပါရမီဖြည့်တော်မူပြီး နောက်ဆုံးပါရမီဖြည့်ရတဲ့ဘ၀က ဝေဿ န္တရာမင်းကြီး ဘ၀မှာနော်။ အဲ..အဲဒီမှာလည်း သူ့ရဲ့ ဒါနပါရမီဟာ အလွန်သိသာ ထင်ရှားလွန်းလို့ မသိသူ မရှိအောင် ထူးကဲလှတဲ့ ဒါနပါရမီဖြည့်ခြင်းပဲလို့ ကျနော်တော့ ပါရမီဖြည့်စဉ် အစနဲ့ အဆုံး နှစ်ခုကို လှမ်းချိတ်မိနေတယ်။
မေး။ ။ ကျနော်နားလည်ပြီ။ ပါရမီဖြည့်တဲ့ကာလရဲ့ အစဖြစ်တဲ့ သုမေဓာရှင်ရသေ့ဘ၀မှာလည်း ဒါနပါရမီနဲ့ စခဲ့သလို ပါရမီဖြည့်တဲ့ကာလ ပြည့်မြောက်ပြီဖြစ်တဲ့ နောက်ဆုံး ဝေဿန္တရာမင်းကြီးဘ၀ မှာလည်း ဒါနပါရမီနဲ့ပဲ နိဂုံးချုပ်ခဲ့တာကို ပြောချင်တာမလား။
ဖြေ။ ။ ဟုတ်ပါတယ်။ ကျနော်က အဲဒီအချက်လေးအစနဲ့ အဆုံးကို ပြောရင်း ချိတ်မိသွားလို့။ ကဲ..ဒါဆို ကျနော်တို့တွေ ဒါနတွေလုပ်တဲ့အခါ ဘုရားလောင်းရဲ့ ပါရမီမြောက်အောင် ဒါနလုပ်ပုံကို နမူနာယူပြီး လုပ်ကြဖို့ တော့လိုမယ် ထင်တယ်နော်။
မေး။ ။ ဒါပေါ့ဗျာ။ ကျနော်တို့တွေ ခုလိုတွေ ပြောဆို ဆွေးနွေးနေကြတာကိုက အတုယူသင့်တာကို အတုယူဖို့၊ မလုပ်သင့်တာကို ပြင်ဖို့ ဆိုတာတွေက အဓိကပဲပေါ့။ ခုလို ဘုရားလောင်းဘ၀ရဲ့ ပါရမီဖြည့် ပုံကို သိလိုက်ရတော့ ကိုယ်လုပ်နေတဲ့ ဒါနကုသိုလ်အပေါ် ဆင်ခြင်သုံးသပ်လို့ ရသွားသလို လိုက်နာ အတုယူသင့်တာကို လိုက်နာနိုင်သွားတယ်လေ။ နောက်ပြီးတော့ ကိုယ်မလိုက်နိုင်တဲ့ အပိုင်းကျတော့ လည်း ကြည်ညိုရတာပေါ့။ အကျိုးများပါပေ့ဗျာ။
ဖြေ။ ။ အင်း ဒါဆို နောက်ထပ် ပါရမီဖြည့်ပုံလေးတွေကို အကျဉ်းချုပ်လေး ပြောပြပါ့မယ်။
၂။ သီလပါရမီ
သီလအရာမှာတော့ ငါးပါးသီလက ကိုယ်ကျင့်ကောင်းရုံဖြည့်ရတဲ့ သီလလို့ ဆိုထားတယ်။
နောက် ရှစ်ပါးသီလ၊ ကိုးပါးသီလတို့ကျ ကိုယ်ကျင့်ကောင်းရုံတင်မက စိတ်စင်ကြယ်အောင်ထိ စောင့်ထိန်းရမယ့် သီလတွေဖြစ်သွားပြီနော်။ ဘုရားလောင်းတော်ဟာ ဘ၀ပေါင်းများစွာ သီလပါရမီကို ဖြည့်ကျင့်လာခဲ့ပါတယ်။
မေး။ ။ အင်း။ ကျနော်တို့တော့ ငါးပါးလုံဖို့တောင် မနည်းပါဗျာ။ ဘာလို့လည်းဆိုတော့ မုသားမပါ လင်္ကာမချောဆိုတာကို အကာအကွယ်ယူပြီး တစ်နေ့တစ်နေ့ မုသာဝါဒကံတွေ ထိုက်လိုက်သမှ မပြော ပါနဲ့တော့။
ဖြေ။ ။ ဟုတ်ပါတယ်။ ဒါပေမယ့် ခုကစပြီးတော့ အထူးစင်ကြယ်အောင် စောင့်ထိန်းကြမယ်ဆိုလည်း အချိန်မနှောင်းသေးပါဘူးလေ။ ဒါကြောင့် ကျနော်တို့ ဘုရားလောင်းရဲ့ သီလစောင့်ထိန်းပုံလေးတွေ ကို အတုယူလို့ ကြိုးစားစောင့်ကြရအောင်လား။
မေး။ ။ ကောင်းတာပေါ့ဗျာ။ ဒါဆိုရင်တော့ ဘုရားလောင်းဘယ်လိုများ သီလကို စောင့်ထိန်းခဲ့သလဲ ဆိုတာလေး နမူနာနဲ့တော့ ပြပေးသင့်တယ်ဗျ။ ဒါမှ အော် ဒီလိုတောင် စောင့်ထိန်းခဲ့တယ်ဆိုတော့ ကျနော်တို့ အနေနဲ့လည်း သီလပျက်စေမယ့်အရာတွေနဲ့ ကြုံတိုင်း အဲဒီ ဇာတ်တော်လေးကို ပြန်သတိရ လို့ရသွားတော့ မကောင်းလားဗျာ။
ဖြေ။ ။ ဟုတ်ကဲ့။ ကောင်းပါ့။ ဒါဆို ကျနော် ဘုရားလောင်းဘ၀တစ်ခု အကြောင်းလေး ပြန်ဖော်ရပေ မပေါ့။ ကဲ..ကဲ နားထောင်ပေတော့။
ဘုရားအလောင်းတော်သည် “အလီနသတ္တု” မင်းသားဘ၀၌ ခမည်းတော်မင်း၏ ကိုယ်စား ဘီလူးအထံသို့ အစားခံဖို့ရန် သွားခွင့်ကြုံလာ၏။ ထိုအခါ တစ်စုံတစ်ခု လက်နက်ယူသွားလျှင် ဘီလူးကို ခြိမ်းခြောက်ရာရောက်မည် ဖြစ်၍ ငါ၏သီလ ညှိုးနွမ်းလိမ့်မည်ဟု စဉ်းစားမိ၏။ ထို့ကြောင့် ဓား လှံ၊ သေနတ် လက်နက်များကို မယူဘဲ သီလကိုသာ လက်နက်လို သဘောထား၍ သွားလေသည်။ ဘီလူးလည်း သူ၏ ရဲဝံ့သော အမူအရာကို မြင်၍ မစားဝံ့တာကြောင့် အသက်ဘေးမှ လွတ်မြောက်ရ လေ၏။
ကဲ ဒီဇာတ်ဝတ္တုအရ သီလသည် လက်နက်သဖွယ် အစွမ်းထက်တယ်လို့ သဘောပေါက်ပြီး လုံအောင် စောင့်ထိန်းကြမယ်ဆိုရင် သွားလေ လာလေရာမှာ အန္တရာယ်တွေက ကင်းစေမယ်လို့ ကျနော်တော့ ယုံကြည်မိတယ်။
မေး။ ။ ကျေးဇူးပဲဗျို့။ ကျနော်တို့ အထူး အတုယူသင့်တဲ့ အလီနသတ္တုမင်းသားကိုတော့ မမေ့တော့ ဘူးနော်။ နောက်ထပ် ပါရမီလေးလည်း ထပ်သိချင်ပါတယ်။
ဖြေ။ ။ ဟုတ်ကဲ့။ ဆက်ပြောပါ့မယ်။ နောက်ထပ်လာမယ့် ပါရမီကတော့
၃။ နေက္ခမ္မပါရမီ
နေက္ခမ္မပါရမီကတော့ လောကီအာရုံကာမဂုဏ်တွေကို မစုံမက်တော့ဘဲ စွန့်ခွာပြီး အိမ်ကနေထွက်လို့ သာသနာပ ကာလတွင် ရသေ့ပြုလုပ်ခြင်း၊ ယခုလိုသာသနာတွင်းမှာတော့ ရဟန်းပြုလုပ်ခြင်းကိုပဲ “တောထွက်ခြင်း-နေက္ခမ္မပါရမီဖြည့်ခြင်း”လို့ ခေါ်ပါတယ်။ ကျနော်က ဒီမှာ သဘောပေါက်မိတာက တော့ တောထွက်တယ်ဆိုတာ အဓိကကတော့ ကိလေသာတောက ထွက်ဖို့ပေါ့နော်။ အဲလိုထွက်နိုင်ဖို့ လောကီအာရုံတွေကို စွန့်ခွာနိုင်ရမယ်။ ကိလေသာတောကထွက်နိုင်လို့ ရဟန်း၊ သီလရှင် ပြုနိုင်ရင် တော့ အတိုင်းထက် အလွန်ပဲပေါ့။

မေး။ ။ (အတန်ငယ်စဉ်းစားကြည့်ပြီးမှ) လောကီအာရုံ ကာမဂုဏ်တွေကို စွန့်နိုင်ရမယ်ဆိုတော့…… အင်း …လောကီအာရုံ ကာမဂုဏ်ဆိုတာလေး အသေးစိတ်သိချင်တယ်။ ပြောပြပေးပါဦး။
ဖြေ။ ။ သားသမီးနှင့် ဇနီးစသော် သက်ရှိပစ္စည်း ရွှေ၊ ငွေ၊ ဥစ္စာစတဲ့ သက်မဲ့ပစ္စည်း တွေကို “ကာမဂုဏ်”လို့ ခေါ်တယ်။ အဲဒါတွေသည်ပင် မခွါနိုင်အောင် နှောင်ဖွဲ့တတ်သော အရာဝတ္တုများမို့ လောက၌ မွေ့လျော်ပျော်စရာ အာရုံဖြစ်၍ “လောကီအာရုံ”လို့ ခေါ်ကြတယ်လေ။
မေး။ ။ အော် ဟုတ်ပါပြီ။ ခုလိုဆိုတော့ ပိုရှင်းသွားတာပေါ့။ ပါရမီဆယ်ပါးထဲမှာတော့ ဒါနနဲ့ သီလကတော့ ကျနော်တို့နဲ့ ရင်းနှီးပြီးသားဆိုပါစေ ခုလို ဘုရားလောင်းရဲ့ စိတ်ထားမျိုးနဲ့ ပါရမီ မြောက်အောင် လုပ်နိုင်ရင်တော့ ပိုလို့တောင် မြတ်တာပေါ့ဗျာ။ ခုလို ရှင်းပြပေးလို့လည်း ကျေးဇူး တင်မိပါတယ်။
ဖြေ။ ။ ဒီနေက္ခမ္မပါရမီကတော့ဖြင့် ကျနော်တို့အနေနဲ့ တောထွက်ဖို့ဆိုတာလည်း ခုလက်ရှိ အခြေအနေအရ မဖြစ်နိုင်သေးပါဘူး။ ဒါကြောင့် အိမ်မှာ နေရင်းထိုင်ရင်းက ကြုံလာဆုံလာရတဲ့ ကိလေသာတောကနေပဲ အရင်ထွက်နိုင်အောင် ကြိုးစားရတော့မယ်နော်။ တို့ ဘုရားအလောင်းတော် ရဲ့ နေက္ခမ္မပါရမီဖြည့်ကျင့်ရာ ဘ၀တွေကတော့ အများသားပဲ။ ဒါပေမယ့် ကျနော်တို့တွေနဲ့ မတူညီပဲ ထူးခြားလွန်းတာမို့ ဒီပါရမီနဲ့ ပတ်သက်တဲ့ ယုဓဉ္စယ မင်းသားဘ၀ အကြောင်းလေးတော့ သိစေချင် လိုက်တာ။
မေး။ ။ ဟာ ပြောပြပါဦးဗျ။ သိစေချင်တယ်ဆို ရပ်ထားလို့တော့ မဖြစ်ဘူး။ ကျနော်တို့အတွက်က တော့ သိရလေ အဖိုးတန်လေပဲလေ။
ဖြေ။ ။အင်း ဒါဆိုလည်း ပြောရတာပေါ့။
“ယုဓဉ္စယ” မည်သော အိမ်ရှေ့မင်းသားကလေးသည် ဆောင်းအခါ နံနက်စောစော ဥယျာဉ်တော်သို့ ထွက်သွား၏။ မြက်ဖျားပေါ် သစ်ပင်ဖျားပေါ်တို့၌ နှင်းတွေကို မြင်ရတယ်လေ။ နေထွက်လာသောအခါ အဲဒီ နှင်းတွေ အရည်ပျော်ပြီး မြေပေါ်ကျကုန်တာပေါ့။ နှင်းတွေ အရည်ပျော်ပြီး ကျကုန်သလို စိတ်တွင်းမှာ တည်ရှိသော အသက်ဇီဝိန်လည်း အချိန်ရှိသမျှ ခဏတိုင်း ပျက်နေကြသည်လို့ တွေးမိ ပြီး လွန်စွာမှ ငြီးငွေ့လာတယ်တဲ့။ အဲဒါကြောင့် အိမ်ရှေ့မင်းစည်းစိမ်နှင့် နောင်ခါရမည်း ထီးနန်းစည်းစိမ်တို့ ကို စွန့်ခွါပြီး ရသေ့ပြုလုပ်သွားလေ၏။ တဲ့။
ကဲ ကြည့်ပါဦး။ သူ့ဘာသူ မြက်ဖျားက နှင်းကို မြင်တာနဲ့ကိုပဲ ဥာဏ်ပေါက်ပြီး ငြီးငွေ့လာတယ်ဆိုတော့ ကျနော်နဲ့တော့ ကွာပါ့။ ကျနော်သာဆို သိပ်လှတဲ့ရှုခင်းလေးပဲဆိုပြီး တွယ်ငြိနေမယ်ထင်ပါရဲ့နော်။ အဲလို အတွေးချင်းကိုက ကွာခြားလိုက်တာနော်။ တကယ့်ကို မြတ်ဘုရားလောင်းကို ချီးကျူးလေးစား မိပါရဲ့။ အဲလောက်နဲ့ကိုပဲ ဒီထီးနန်းစည်းစိမ်ကို စွန့်နိုင်တဲ့ နေက္ခမ္မပါရမီဖြည့်ကျင့်ပုံကတော့ ကျနော်တို့ အတွက် အားကျလေးစားစရာကောင်းလှပါတယ်နော်။ ကျန်တဲ့ ပါရမီဖြည့်ကျင့်ပုံလေးတွေကိုလည်း ခုလို သက်သေ သာဓကလေးတွေနဲ့ ကျနော် အတတ်နိုင်ဆုံး ရှင်းပြပါဦးမယ်။ ဒီနေ့တော့ဖြင့် အချိန် လည်း တော်တော်လင့်ပြီမို့ တော်ကြပါစို့လား။
မေး။ ။ ဘာပဲဖြစ်ဖြစ် ဒီနေ့သိလိုက်ရတဲ့ ပါရမီ သုံးချက်နဲ့ကိုပဲ စိတ်ထဲ ကျေနပ်ကြည်နူး ပီတိထူးတွေ ဖြစ်လာရပါတယ်။ ဒါကြောင့်ကျနော်တို့တွေလည်း ခုကစလို့ ဒါနပဲဖြစ်စေ၊ သီလပဲဖြစ်စေ။ ပါရမီမြောက် ကုသိုလ်ဖြစ်ဖို့ ကြိုးစားရတော့မယ်လို့ ဒီနေရာမှာပဲ သံဓိဋ္ဌါန်ချလိုက်ရပါပြီ။
ကဲ ဒီနေ့ဆွေးနွေးပွဲလေးလည်း ဒီမှာပဲ ပြီးဆုံးသွားရပါပြီ။ ကျနော့်ရဲ့ စာအလွန်ရှည်သွားလို့ ဖတ်ရတာ စိတ်အနှောက်အယှက်ဖြစ်ခဲ့ရင် အားလုံးကို ခွင့်လွှတ်သည်းခံပေးကြပါလို့။ တကယ်တော့ ကျနော် ဒီ့ထက်မက ပြောချင်ပါသေးတယ်။ ကျန်ရှိသော ပါရမီဖြည့်ပုံ အကြောင်းလေးများကိုလည်း ဆက်လက်ဖော်ပြပေးသွားပါမည်။
အားလုံး ဗုဒ္ဓပါရမီတော်တို့ စိတ်ဝယ်လွှမ်းခြုံနိုင်ကြလို့ ရွှင်လန်းချမ်းမြေ့ကြပါစေ။


မှတ်ချက်။   ။ အရှင်ဇနကာဘိဝံသစာအုပ်မှ ကိုးကားရေးသားပူဇော်ပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့