Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 20 April 2013

မေ့လို့မရ ...အမြဲသတိရနေမယ်အစ်ကို အပိုင်း(၂)'


   ဒါပေမယ့် လှိုင်းတို့ တွေ့ပြီးတဲ့ ညမှာပဲ လှိုင်းရဲ့ဖုန်းထဲကို လှိုးမသိတဲ့ နံပါတ်တစ်ခု ဝင်လာခဲ့တယ်။ မရဲတရဲနဲ့
မျှော်နေမိတဲ့လှိုင်းတစ်ယောက် ဖုန်းကိုင်လိုက်တယ်ဆိုရင်ပဲ ချိုပြီးတည်ကြည်တဲ့ အသံတစ်ခုဟာ လှိုင်းရဲ့စိတ်ကို ဖမ်းစား
သွားခဲ့တယ်။ ''ဟဲလို လှိုင်းလား '' မေးလာတော့ လှို်င်းလဲ ''ဟုတ်ပါတယ် ဘယ်သူပါလဲရှင်''လို့ ကျိန်းသေအောင် မေးလိုက်မိတယ်။
အဲဒီတော့မှ ညီမလေး အစ်ကိုပါ မနက်ကတွေ့ခဲ့တဲ့ အစ်ကိုပါလို့ပြောလာခဲ့တယ်။ ညီမလေးမြို့ကို ဘယ်တော့ပြန်မှာလဲ။
အဲလိုမေးလာတော့ လှို်င်းလဲ မေမေ့ကိုမေးကြည့်ပြီး ပြန်မယ့်ရက်ကိုပြောလိုက်တယ်။ ညီမလေးက ပုံမှန်ဆိုညဆို
ဘယ်အချိန်အိပ်တတ်လဲ သူမေးလာတော့ လှိုင်းကြောင်သွားမိတယ်။ ဘာဖြစ်လို့လဲဟင် လှိုင်းကညဆို ၁၁ နာရီလောက်မှ
အိပ်ဖြစ်တာများတယ်ပြန်ပြောလိုက်တယ်။ အင်းအစ်ကိုနောက်ရက်တွေ ဖုန်းဆက်ချင်ရင်ဘယ်အချိန်ဆက်လို့ရမလဲ သိချင်လို့
မေးကြည့်တာပါ။ အစ်ကို ညဆို ဖုန်းဆက်မယ်နော် ညီမလေး။ ညတိုင်းမဟုတ်ရင်တောင် အရမ်းသတိရလာရင်ဆက်မယ်
လို့ပြောလာတော့ လှိုင်းတောင်အံ့သြသွားတယ်။သူဒီလို ပြောတတ်လိမ့်မယ်တောင် လှိုင်းမထင်မိဘူးလေ။ မနက်ဖြန် မနက်ေ၇ာ
ညီမလေး အားလားဟင်။ အစ်ကိုမုန့်စားရအောင် လာခေါ်မယ်။ လှိုင်းလဲ သူ့ကိုထပ်တွေ့ချင်နေမိတော့ မေမေ့ဆီမှာ ခွင့်တောင်းပြီး
သူနဲ့နက်ဖြန်တွေ့ဖို့ သဘောတူလိုက်တယ်။
               နောက်ကျမှ သူကပြောလာတယ်။ လှိုင်းရဲ့ဟန်မဆောင်တတ်တဲ့ ပွင့်ပွင့်လင်းလင်း စိတ်ထားလေးကို သူအရမ်းသဘော
ကျသွားတယ်တဲ့။ နောက်နေ့မနက် သူ့ကားနဲ့လာခေါ်တယ်။ လှိုင်းမေမေကိုလဲ အန်တီလှိုင်းကို မနက်စာမုန့်လိုက်ကျွေးချင်လို့
ခဏခေါ်သွားမယ်နော်။ ပြီးရင်ကျွန်တော်ပြန်ပို့ပေးပါ့မယ် ။ ပြောပြီး သူနဲ့လှိုင်းမနက်စာ ထွက်စားခဲ့တယ်။ ကားကိုကိုယ်တိုင်
မမောင်းရဲတဲ့ အစ်ကိုက သူ့ရဲ့သူငယ်ချင်းကို ကားကူမောင်းပေးဖို့ခေါ်လာခဲ့တယ်။ မုန့်စားနေချိန်တစ်လျောက်လုံးမှာလဲ
လှိုင်းကို ဂရုတစိုက်နဲ့ဘေးထိုင်ကြည့်ပြီး လိုတာတစ်ခုချင်းစီမေးနေတဲ့ အစ်ကို့ကိုကြည့်ရင် လှိုင်းပျော်နေမိတယ်။
ညီမလေး ထမင်းကြော်နင်နေမှာစိုးလို့ ကော်ဖီသောက်မလား နွားနို့ ၊လ္ဘက်ရည် ဘာသောက်မလဲ တစ်ခုခုသောက်ပါလား။
အချဉ်ကရော ဂေါ်ဖီချဉ်ကြိုက်ရဲ့လား ၊ ကြက်သွန်ချဉ် မှာပေးရမလား။ စုံစေ့နေအောင်ဘေးက ဂရုစိုက်ပေးတဲ့အစ်ကို့ကို
လှိုင်းကျေးဇူးလဲတင်မိတယ်။ သူ့သူငယ်ချင်းကတော့ ကြည့်ပြီးရယ်နေခဲ့တယ်။လှိုင်းတို့ မုန့်စားပြီးတော့ လှိုင်းကိုပြန်ပို့ပေးပြီး
သူပြန်သွားခဲ့တယ်။
             နောက်ရက်တွေမှာ နေ့တိုင်းနီးပါးး ဖုန်းဆက်လာခဲ့တယ်။ အစကတော့ အစ်ကိုက လှိုင်းကို ညီမလေးမျှော်နေရမှာစိုးလို့
နေ့တိုင်းဖုန်းဆက်မယ်လို့ အစ်ကိုမပြောဘူးတဲ့။ အစ်ကိုလဲ အလုပ်နဲ့ဆိုတော့ အလုပ်ပြီးတဲ့နေ့နောက်ကျရင် ညီမလေးစောင့်နေရမှာ
စိုးလို့ အစ်ကို့ဖုန်းကို မမျှော်နေနဲ့နော်ပြောတော့ လှိုင်းစိတ်တောင်ကောက်မိသေးတယ်။ ဒါပေမယ့်သူက ညတိုင်း  ၈နာရီထိုးတာနဲ့
ဖုန်းဆက်ခဲ့တာ။ လှိုင်းကဖုန်းခကုန်မှာစိုးလို့ မဆက်ပါနဲ့ပြောတာတောင် ညီမလေးအသံလေးကြားချင်လို့ပါတဲ့လေ။ လှိုင်း  တစ်ယောက်
သူ့အပြောတွေ နဲ့တင် ကြည်နူးနေမိတာ လှိုင်းအပြစ်လားနော်။လှိုင်းတို့ ပြန်မဲ့နေ့မနက်ကတော့ မထင်မှတ်ပဲ မနက်စောကြီး
သူ့ဆီကဖုန်းဝင်လာတယ်။ ဒီနေ့မနက်မုန့်သွားစားရအောင်တဲ့။ သူနေ့လည်ကျမအားလို့ ကားဂိတ်ကို မလိုက်ပို့ပေးနိုင်လို့တဲ့။
အဲလိုနဲ့လှိုင်းတို့ မုန့်အတူတူ သွားစားခဲ့ကြတယ်။ အဲဒီတွေ့ဆုံမှုဟာ သူရဲ့မျက်နှာကို လှိုင်းတွေ့ရတာ နောက်ဆုံးဖြစ်လိမ့်မယ်ဆိုတာ
ကြိုသိခဲ့ရင် လှိုင်းသူ့ဓာတ်ပုံကို ဖုန်းထဲမှာရိုက်ပြီး ယူလာခဲ့ပါတယ်။ အမှတ်တရလေးတစ်ခုအနေနဲ့ပေါ့။ မုန့်စားပြီးပြန်လာတော့
ကားဘေးမှာပဲ သူကလှိုင်းရဲ့ပုံကို သူ့အစ်မတစ်ယောက်က မြင်ဖူးချင်လို့ ဓာတ်ပုံရိုက်သွားပါရစေလို့ ခွင့်တောင်းပြီး
လှိုင်းကိုသူ့ဖုန်းနဲ့ ဓာတ်ပုံရိုက်သွားခဲ့တယ်။
              လှိုင်းတို့ မြို့ကို ပြန်ရောက်ပြီးနောက်နေ့မှာပဲ အစ်ကို့ဆီကို မနက်ပိုင်းအံ့သြသွားရအောင် လှိုင်း message
ပို့လိုက်တယ်။ အစ်ကိုလဲ လှိုင်းဆီမက်ဆေ့ ပြန်လာခဲ့တယ်။ မင်္ဂလာနံနက်ခင်းပါညီမလေး i love u လို့ရေးထားခဲ့တယ်။
လှိုင်းအံ့သြသွားမိတယ်။ အစ်ကိုက လှိုင်းကို ချစ်တယ်လို့ပြောတောင်ပြောရဲပါ့မလားလို့ လှို်င်းမထင်မိလို့လေ။
ညကျတော့ အစ်ကိုဖုန်းဆက်လာတော့ ပြောလာတယ် ။ညီမလေးကို အစ်ကိုချစ်တယ်။ ဘယ်သူတွေဘာပြောပြော
အစ်ကိုတို့ ချစ်နေဖို့အဓိကမဟုတ်လား လို့ပြောလာခဲ့တယ်။ လှိုင်းဆီကလဲ အဖြေကို တောင်းခဲ့တယ်။လှိုင်းလဲ
ရှက်ပြီး ချက်ချင်း ပြန်မဖြေသေးပဲ မသိချင်ယောင်ဆောင်ပြီး လိုင်းမကောင်းလို့ ဆိုပြီးဖုန်းချလိုက်မိတယ်။
နောက်နေ့မှာတော့ အစ်ကို ကဖုန်းစကိုင်တည်းက အဖြေတောင်းတော့တာပါပဲ။ လှိုင်းရယ်နေမိတယ်။ လှိုင်းကိုလဲ
မနေ့က မသိချင်ယောင်ဆောင်သွားလို့ ပြောပြီးရယ်နေခဲ့တယ်။ အစ်ကိုဟာ နောက်နေ့မနက်ကစပြီး မနက်တိုင်း
လှိုင်းဖုန်းခကုန်မှာစိုးလို့ messgae မပို့နဲ့တော့ အစ်ကိုဖုန်းဆက်မယ်ဆိုပြီး မနက်အိပ်ယာနိုးတာနဲ့ဖုန်းဆက်တဲ့
အလေ့အထ စခဲ့တယ်။ နေ့လည်ခင်းမှာလဲ ထမင်းစားချိန်တစ်ခါဆက်ပြီးထမင်းစားပြီးပြီလားမေးပြန်တယ်။
ညနေရေစောစောချိုးဖို့ဖုန်းဆက်ပြောပြန်တယ်။ တစ်နေ့ကို ဖုန်း ၄ကြိမ်လောက်ပြောပြီး message တွေလဲပို့တဲ့
အစ်ကိုနဲ့လှို်င်းတို့ ချစ်သူနှစ်ဦးကို မေမေကတောင် လွန်လွန်းတယ်ပြောပြီးရယ်နေခဲ့တယ်။ စစဖုန်းပြောချင်းတုန်းက
၅မိနစ် ၁၀မိနစ်လောက်ပဲကြာပေမယ့် တဖြည်းဖြည်းနဲ့ လှိုင်းတို့ရဲ့ဖုန်းပြောချိန်ဟာ ၁နာရီ ၁နာရီခွဲလောက်ကြာခဲ့တယ်။
အစ်ကို့အိမ်ကလဲ အစ်ကို့ကိုပြောလာကြပြီ။ အလုပ်ကပြန်ရောက်တာနဲ့ မြန်မြန်ရေချိုး ထမင်းမြန်မြန်စားပြီး ဖုန်းယူပြီး
ထွက်ထွက်သွားလို့တဲ့။ ဖုန်းဘေလ်ကလည်းတစ်လတစ်လ မနည်းဘူးပေါ့။
                  လှိုင်းတို့ နှစ်ယောက်လုံး တစ်ချိန်မှာခွဲရမယ်လို့ ယောင်လို့တောင်မတွေးမိတာ လှိုင်းတို့အပြစ်လားနော်။
အစတုန်းကတော့ ကြည်ဖြူနေတဲ့ နှစ်ဘက်မိဘတွေဟာ သူတို့ချင်းတော့တစ်ခါမှမတွေ့ဖူးကြဖူးလေ။ ကြားထဲက
လှိုင်းတို့အမျိုးလင်မယားကပဲ ပြောပေးတာဆိုတော့။ ဒီလိုနဲ့လှိုင်းကိုလာတောင်းဖို့ အကြောင်းကစပြီး နှစ်ဘက်မိဘာ
သဘောထားချင်းမတိုက်ဆိုင်ကြတော့ဘူး။ လှိုင်းမေမေကလဲ မိန်းကလေးမြို့ကို လာတောင်းစေချင်တယ်။
အစ်ကိုတို့ဘက်ကကျတော့ အစ်ကို့အဖေနဲ့အမေက အသက်အရမ်းကြီးလွန်းနေပြီ။ ရန်ကုန်ကနေ လှို်င်းတို့မြို့ကို
လာတဲ့ခရီးက ဝေးပြီးကြမ်းလွန်းတော့ ဒဏ်မခံနိုင်မှာစိုးလို့ ရန်ကုန်ကလှိုင်းအစ်ကို အိမ်မှာပဲ လာတောင်းပါရစေ
ပြောလာတယ်။ ဒီလိုနဲ့ အချိန်တော်တော်ကြာ အတိုက်အခံဖြစ်ပြီး နောက်ဆုံး မေမေ ဟာအလျော့ပေးခဲ့ပါတယ်။
သမီးစိတ်ချမ်းသာဖို့အဓိကဆိုပြီးတော့ပေါ့။ တကယ်တမ်းကြားကနေ ခလောက်ဆန်နေတာ လှိုင်းတို့ကို စပ်ပေးခဲ့တဲ့
လှိုင်းတို့အမျိုးလင်မယား ဖြစ်နေမယ်မှန်း လှိုင်းတို့နှစ်ယောက်လုံးမတွေးမိခဲ့ကြတာပဲ။
                 အစကတော့ ဘာရယ်မဟုတ်စပ်ပေးပေမယ့် အစ်ကို့ရဲ့သဲသဲလှုပ်ချစ်ပုံတွေ ၊ အစ်ကို့မိဘတွေရဲ့ လှို်င်းတို့အတွက်
ဆိုပြီး ဝယ်ပေးတဲ့ သိန်းထောင်ချီတန်တဲ့ အိမ်အကြောင်း၊ အစ်ကို့ရဲ့စေ့စပ်လက်စွပ်တန်ဖိုး အားလုံးကိုသိသွားခဲ့တဲ့အချိန်မှာ
မနာလိုစိတ်ဝင်လာမယ်ဆိုတာ လှိုင်းတို့လုံးဝမတွေးမိခဲ့ကြတာပါ။ ဒီလိုနဲ့ဟိုဘက်မိဘနဲ့ ဒီဘက်မိဘကြား ခလောက်ဆန်
လာလိုက်တာ နောက်ဆုံးမှာ ဟိုဘက်ကလဲစိတ်ဆိုးပြီး စေ့စပ်ပွဲကိုဖျက်မယ်ပြောလာတဲ့အထိပဲ။ အဲဒီနေ့မတိုင်ခင်ညကအထိ
လှိုင်းအစ်ကိုနဲ့ပုံမှန်အတိုင်းဖုန်းပြောခဲ့သေးတယ်။ အစ်ကိုနဲ့လှိုင်းမင်္ဂလာဆောင်ရင် သူငယ်ချင်းလူလွတ်တွေကိုလဲ
စပ်ပေးရမယ်ပြောပြီး လှိုင်းတို့ကြည်နူးစွာရယ်ခဲ့ကြသေးတယ်နော်။ ခေတ်ကာလသားသမီးတွေပီပီ လှိုင်းက မယူခင်
သွေးစစ်ဖို့ပြောတော့လဲ အစ်ကိုကတော့စစ်မယ်ပြောပေမယ့် အစ်ကို့မိဘတွေကတော့ လှိုင်းကိုအမြင်မကြည်ခဲ့ဘူးနော်။
သူများတွေလို မင်္ဂလာဓာတ်ပုံအလှပုံတွေ ရိုက်ချင်လို့ အစ်ကို့ကိုပြောတော့ အစ်ကိုကတော့ အစ်ကို့မိဘတွေကိုပြောကြည့်
ဦးမယ် ညီမလေးရယ်ပြောလာခဲ့တယ်။ လှိုင်းလဲ စိတ်ပေါက်ပေါက်ရှိလာတာနဲ့ အစ်ကို့မိဘတွေက ဓာတ်ပုံရိုက်ဖို့
ပိုက်ဆံထုတ်မပေးရင် လှိုင်းတို့ပိုက်ဆံနဲ့ ကိုယ့်ဟာကိုယ်ရိုက်မယ်ကွာ။ အဲဒါမှ သဘောမတူဘူးဆိုရင်တော့ လှိုင်းတော့
တခြားတစ်ယောက်နဲ့ ရိုက်လိုက်တော့မယ်ပြောတော့ အစ်ကိုစိတ်ညစ်နေတဲ့ကြားက ရယ်ပြီး လှိုင်းနော် အစ်ကို့စိတ်ကို
လာဆွနေတာလားဆိုပြီး သဝန်တိုခဲ့သေးတယ်နော်။ဒါပေမယ့်  သူ့မိဘတွေကိုပြောကြည့်တော့ ရှေးရိုးဆန်လှတဲ့
အစ်ကို့အဖေနဲ့အမေက မင်္ဂလာအဆောင်မှာ ရိုးရိုးဓာတ်ပုံရိုက်ရင်ရပြီ အလှဓာတ်ပုံသတ်သတ်ရိုက်စရာမလိုဘူး
ပြောလာခဲ့တယ်။ လှိုင်းတော်တော်စိတ်ညစ်သွားတယ်။ အဲဒီနေ့မနက်ပိုင်းတည်းက အစ်ကိုလဲလှိုင်းဆီဖုန်းဆက်ရော
လှိုင်းစိတ်တိုတိုနဲ့ အစ်ကို့ကို လှိုင်းကိုအဲဒီလောက်မှ မလိုက်လျောပေးရကောင်းလား ရန်လုပ်နေမိတယ်။ သားလိမ္မာ
အစ်ကိုကတော့ သူ့မိဘစကားကိုအစတည်းကနားထောင်လာတာ ခေါက်ရိုးကျိုးနေလို့ လှို်င်းဘက်ကလိုက်လျော
ပေးလို့မရဘူးလားလို့ အသံတုန်တုန်နဲ့မေးခဲ့တယ်။ လှိုင်းလဲငိုရင်းနဲ့ လှိုင်းစဉ်းစားလိုက်ဦးမယ်ပြောပြီးဖုန်းချလိုက်တယ်။
နေ့ခင်း အစ်ကိုဖုန်းဆက်တော့လဲ လှိုင်းမကိုင်ခဲ့ပဲ လှို်င်းအစ်မကိုပဲပြောခိုင်းခဲ့တယ်။
             အဲဒီနေ့ကပေါ့ လှိုင်းငိုနေခဲ့မိတာ။ လှိုင်းမေမေကလဲ ကြားကစပ်ပေးတဲ့ အမျိုးလင်မယားကိုဖုန်းဆက်ပြောတာပေါ့။
ဘယ်လိုလုပ်ကြမလဲပေါ့။ ဓာတ်ပုံလေးရိုက်ဖို့ပြောတာကို ဘာလို့ကန့်ကွက်ကြတာလဲပေါ့။ဟိုလင်မယားက စိတ်မပူပါနဲ့၊
သူတို့ဖြေရှင်းပေးမယ်ပြောလို့ စိတ်အေးရုံရှိသေး ။နေ့ခင်းကျသူတို့လင်မယားဆီက ဖုန်းဝင်လာတယ်။ ပွဲကို
အစ်ကို့အဖေကဖျက်လိုက်ပြီတဲ့။ လှိုင်းလေအဲဒီအသံကိုကြားကြားချင်း တော်တော်လေးလဲစိတ်ဆိုးသွားမိတယ်။
ဝမ်းလဲဝမ်းနည်းသွားမိတယ်။သူတို့ကို ယုံကြည်ခဲ့တာ ပွဲဖျက်ဖို့မဟုတ်ဘူးလေ။အစ်ကို လှိုင်းကိုတကယ်ချစ်ခဲ့တာမှ ဟုတ်ရဲ့လားလို့ 
လှို်င်းသံသယတွေ ဝင်နေမိတယ်။ အဲဒီနောက်ပိုင်းလှိုင်းဆီအစ်ကို ခိုးပြီးဆက်သွယ်နေမိသေးပေမယ့် ၊
လှိုင်းလေကြိုမတွေးရဲပဲ ကြောက်နေမိခဲ့တယ်။လှိုင်းတို့ ဝေးကြရတော့မှာကိုပေါ့။အစ်ကိုကြိုးစားပြီး
အစ်ကို့ဖေဖေကိုပြောကြည့်ပါဦးမယ်လှိုင်းရယ်လို့ အစ်ကိုပြောလာတော့ လှိုင်းလေ မမျှော်ရဲမျှော်ရဲနဲ့ မျှော်လင့်နေခဲ့မိသေးတယ်။
အစ်ကို့ပြောစကားတွေကြားမှ လှိုင်းအမျိုးလင်မယားဘက်ကစပြီး ပွဲဖျက်ဖို့ပြောတာမှန်းသိလိုက်ရတယ်။အစက
လှိုင်းကယောင်္ကျားလေးဘက်ကစဖျက်တယ်ထင်ပြီး တော်တော်လေး စိတ်ဆိုးနေခဲ့တာ။ ဒါပေမယ့် အစ်ကိုရယ်လှိုင်းတို့က
ရေစက်ပဲပါပြီး ဖူးစာမပါကြဘူးထင်ပါရဲ့နော်။ ဘာတွေကိုခါးသီးနေမှန်းမသိတဲ့ အစ်ကို့ရဲ့မိဘတွေ ၊ စိတ်နာနေတဲ့လှိုင်းရဲ့
မေမေ အားလုံးအားလုံးဟာ ပြန်ပြီးပြင်လို့မရလောက်အောင် ကွဲအက်သွားတဲ့မှန်တစ်ချပ်လို တစ်စစီဖြစ်သွားခဲ့ပြီနော်။
မဆုံနိုင်တော့မဲ့အတူတူ နှစ်ယောက်လုံးပိုခံစားရမှာစိုးလို့ လှိုင်းဘက်ကနေပဲ အစ်ကို့ကို စပြီးမဆက်သွယ်တော့ဖို့
လှိုင်းစိတ်ကိုတင်းပြီး ပြောခဲ့မိတယ်။ အဲဒီနောက်ပိုင်းထဲက ခုချိန်ထိ လှိုင်းရဲ့အဖော်က မျက်ရည်တွေနဲ့ အလွမ်းတွေပဲဆိုတာ
အစ်ကို သိနိုင်မှာမဟုတ်တော့ပါဘူး။ တစ်သက်လုံးလှိုင်းသဘောပါလို့ပြောလာတဲ့ အစ်ကိုတစ်ယောက်လည်း
လှိုင်းရဲ့မဆက်သွယ်နဲ့တော့ဆိုတဲ့ message ဝင်ပြီးတည်းက လှိုင်းရဲ့စကားကို နာခံတာလား တကယ်ပဲမချစ်ခဲ့လို့လား။
ဒီနေ့ထိလှိုင်း ကတော့အစ်ကို့ကိုတစ်ရက်မှ မမေ့နိုင်ဘူးဆိုတာ အစ်ကိုသိရင်ပဲ လှိုင်းကျေနပ်ပါပြီ။ နောင်ဘဝသာရှိခဲ့မယ်ဆိုရင်
အစ်ကိုနဲ့လှိုင်း ဆုံဆည်းခွင့်ရပါစေလို့ဆုတောင်းနေမိရင်း...............

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့