Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 21 April 2013

"တရား ဟူသည်"


"တရား ဟူသည်"

တရားဘာဝနာဟု ခေါ်ဝေါ်ကြသဖြင့် ဘာဝနာအကြောင်း လေ့လာသောအခါ တရားအကြောင်းကို ဦးစွာသိဖို့ လိုအပ်မည်ဟု ထင်၏ ။ ထို့ကြောင့် တရားအကြောင်းကို ဦးစွာပထမ ရှင်းပြလို၏ ။
တရားဟူသည် ဓမ္မဟူသောပါဠိမှ လာ၏ ။ ဓမ္မ၏အဖွင့်ကို တိပိဋကပါဠိ မြန်မာ အဘိဓာန်ကျမ်းတွင် ကြည့်သောအခါ အနက်အဓိပ္ပါယ် တစ်ရာကျော်ကျော်မျှ ဖွင့်ပြထားသည်ကို တွေ့ရ၏ ။ ကျမ်းပြုဆရာတော်တို့က ပါဠိတော်၊ အဠကထာ၊ ဋိကာတို့၌ လာရှိသမျှ ဓမ္မ၏ အဖွင့်များကို ကူးယူ ဖွင့်ပြထားခြင်းဖြစ်သဖြင့် ထိုမျှများပြားနေ၏ ။
ဆရာတော်တို့၏ ဇွဲ၊ လုံ့လ ၀ီရိယကို ဤနေရာမှ ဦးခိုက်ပါ၏ ။ ဓမ္မ၏အဓိပ္ပါယ် ပြည့်ပြည့်စုံစုံ သိချင်လျှင် ထိုအဘိဓာန်ကျမ်းမှာ ကြည့်နိုင်၏ ။

ဤနေရာ၌ အဓိပ္ပါယ်နှစ်မျိုးမျှ ရှင်းပြလျှင် လုံလောက်မည်ဟု ထင်၏ ။ “ကုသလာ ဓမ္မာ၊ အကုသလာ ဓမ္မာ၊ အဗျာကတာ ဓမ္မာ” ဟု ဆိုရာ၌ ဓမ္မဟူသည် နိဿတ္တ - သက်ရှိသတ္တ၀ါလည်း မဟုတ်၊ နိဇ္ဇီဝ - အသက်လည်း မဟုတ်၊ သဘောတရားသက်သက်မျှသာဟု အဋ္ဌကထာဆရာက ဆို၏ ။ သဘောတရားဟူသည် လက်ဆုပ်လက်ကိုင်ပြစရာ အကောင်အထည်မရှိ၊ ဂုဏ်သတ္တိထူးမျှသာ ရှိ၏ ။
ဓမ္မ၊ အဓမ္မဟု နှစ်မျိုးခွဲခေါ်ရာ၌ ဓမ္မက တရား၊ အဓမ္မက မတရား ဖြစ်၏ ။ တရားက ကောင်း၏ ။ မတရားက ယုတ်ညံ့၏ ။ တရားက အထက်တန်းကျ၏ ၊ မတရားက အောက်တန်းကျ၏ ။ တရားက တရားမျှတ၏ ၊ မတရားက တရားမမျှတ။ ဤအဓိပ္ပါယ်အရ တရားဟူသည် ကောင်းသည်၊ မြင့်မြတ်သည်၊ အထက်တန်းကျသည်၊ တရားမျှတသည်ဟူသော အဓိပ္ပာယ်ထွက်၏ ။
ပထမနည်းအရ တရားဟူသည် သဘောပဲရှိသဖြင့် ကောင်းသောသဘောသည်လည်း တရား၊ ဆိုးသောသဘောသည်လည်း တရား ဖြစ်၏ ။ တရားအမည်သည် အကောင်း၊ အဆိုး နှစ်မျိုးစလုံးနှင့် သက်ဆိုင်၏ ။ အဖြစ်လည်း သဘော၊ အပျက်လည်း သဘောဖြစ်သဖြင့် အဖြစ်ကလည်း တရား၊ အပျက်ကလည်း တရားပင်ဖြစ်၏ ။
ဒုတိယနည်းအရ တရားဟူသည် ကောင်းသောသဘောရှိ၏ ၊ မြင့်မြတ်သောသဘောရှိ၏ ၊ အထက်တန်းကျသောသဘောရှိ၏ ၊ မှန်ကန်သော သဘောရှိ၏ ၊ အထက်တန်းကျသောသဘောရှိ၏ ၊ မှန်ကန်သောသဘောရှိ၏ ၊ မျှတသောသဘောရှိ၏ ။ ထို့ကြောင့် ကောင်းမှ၊ မြင့်မှ၊ မြတ်မှ၊ အထက်တန်းကျမှ၊ မှန်ကန်မှ၊ မျှတမှ တရားဟူ၍ မှတ်ယူအပ်၏ ။
အလုပ်တရားနှင့် အရှိတရား
မဟာစည်ဆိုင်ရာ ရိပ်သာတွေမှာ တရားစ၀င်သော ယောဂီသည် ဦးစွာပထမ အလုပ်ပေးတရားနာရ၏ ။
တရားအားထုတ်နည်းဆိုင်ရာတွေ ပြည့်ပြည့်စုံစုံ ဟောထားသောတရားဖြစ်သည်။ အလုပ်ပေးတရားဟူသည် ၀ိပဿနာတရားဖြစ်သည် ။ ၀ိပဿနာတရားသည် လုပ်ယူရသောတရားဖြစ်သဖြင့် “အလုပ်တရား” ဟု ခေါ်၏ ။
အလုပ်တရားကို လုပ်နေ၊ အားထုတ်နေသောသူကို “ယောဂီ” ဟု ခေါ်၏ ။ ယောဂီဟူသည် တရားအားထုတ်နေသူကိုသာ ခေါ်သည်။ သာမန်အချိန်မှာ ယောဂီဟုမခေါ် ။

သာမန်အချိန်တွေမှာလည်း တရားရှိ သင့်သည် ။ ထိုတရားကို “အရှိတရား” ဟု ခေါ်၏ ။
သို့ဖြစ်သဖြင့် တရားက အလုပ်တရားနှင့် အရှိတရားဟု နှစ်မျိုးရှိလေသည်။
လူသည် တရားအလုပ် အားထုတ်နေမှ တရားရှိရမည် မဟုတ်။ သာမန်အချိန်တွေမှာလည်း ရှိသင့်ရှိထိုက်သော တရားတွေ ရှိရမည်။ စင်စစ် အလုပ်တရားထက် အရှိတရားက ပိုအရေးကြီး၏ ။
ဘယ်သူက တရား ရှိတယ် ၊ ဘယ်သူက တရားမရှိဘူးဆိုတာ အရှိတရားကို ရည်ရွယ်ပြောခြင်း ဖြစ်သည်။ အရှိတရားရှိပြီးမှသာ အလုပ်တရားလုပ်တာက ပို၍ ထိရောက်၏ ။ အရှိတရား မရှိဘဲ အလုပ်တရားလုပ်တာက သိပ်သဘာဝမကျ။ တရားမရှိလျှင် တရားမလုပ်ရဟူ၍တော့ မဆိုလိုပါ။ လုပ်လို့တော့ ရပါသည်။
လူတိုင်းသည် ကိုယ်ကျင့်တရား ရှိရမည်၊ ကိုယ်ကျင့်တရားဟူသည် အဓိက ငါးပါးသီလသာဖြစ်၏။ ငါးပါးသီလဟူသည် ကိုယ်ချင်းစာတရား အခြေခံသည်။ လူမှာ အရေးအကြီးဆုံးက ကိုယ်ချင်းစာတရား ဖြစ်၏ ။ ကိုယ်ချင်းစာတရားရှိလျှင် မဟုတ်၊ မမှန်၊ မတော်၊ မတရား၊ မမျှတတာတွေ ကင်းသွားလိမ့်မည်၊ မဟုတ်၊ မမှန်၊ မတော်၊ မလျော်၊ မတရား၊ မမျှတတာတွေ ကင်းသွားလျှင် လူ့ဘ၀၊ လူ့ပတ်ဝန်းကျင်က အတော်အေးချမ်းသာယာ သွားပါပြီ၊ နေလို့ ထိုင်လို့ အတော်ကောင်းသွားပါပြီ။

လူတိုင်းမှာ ရှိသင့်ရှိထိုက်သော လူမှုအခြေခံတရားတွေ ရှိသည်။ ကိုယ်ချင်းစာတရား ရှိရမည်၊ သူ့ဖို့ကိုယ့်ဖို့ မျှတမှုရှိရမည်။ တရားမျှတဟုဆိုသည့်အတိုင်း မျှတမှသာ တရားဖြစ်သည်။ မမျှတလျှင် တရားမဟုတ်။ မတရားသာ ဖြစ်သည်၊ မတရားလျှင် မတော်တော့။ ထို့ကြောင့် မတော်မတရားဟု တွဲသုံးကြသည်။ လူသည် ဆင်ခြင်တုံတရားရှိရမည်၊ ဆင်ခြင်တုံတရားရှိလျှင် အမှားအယွင်း တော်တော်ကင်းလိမ့်မည်။ အတိုင်းအတာတစ်ခုအထိ သည်းခံတတ်ရမည်၊ ခွင့်လွှတ်တတ်ရမည်၊ အကောင်းမြင်တတ်ရမည်၊ ရိုးသားဖြောင့်မတ်ရမည်၊ တည်တည်ကြည်ကြည် ရှိရမည်၊ ကူညီတတ်ရမည်၊ ရိုင်းပင်းတတ်ရမည်၊ အများကောင်းကျိုးကို သယ်ပိုးဆောင်ရွက်ရမည်။
လူ၏ အခြေခံ ကိုယ်ကျင့်တရားက ငါးပါးသီလဖြစ်၏။ ငါးပါးသီလက ကိုယ့်ကိုယ်လည်း ထိန်းသိမ်းစောင့်ရှောက်သလို ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းစောင့်ရှောက်သည်။ လူသည် မိမိကိုယ်ကျိုးကို ဆောင်ရွက်ရသလို ပတ်ဝန်းကျင်ကလူတွေ အကျိုးကိုလည်း ဆောင်ရွက်ရမည်။ လူအများကောင်းကျိုးကို ဆောင်ဖို့အတွက် မေတ္တာကရုဏာ စသော ဗြဟ္မစိုရ်တရားတွေ ရှိရမည်။ မေတ္တာဟူသည် အများအကျိုးဆောင်ခြင်း ဖြစ်၏။ ကရုဏာက အများဒုက္ခရောက်မှာကို မလိုလားခြင်း ဖြစ်၏။ အများ၏ဒုက္ခကို ဖယ်ရှားပေးခြင်းဖြစ်၏။ ဒုက္ခရောက်နေလျှင် ထိုဒုက္ခမှ လွတ်မြောက်အောင် ကူညီခြင်း၊ ကယ်တင်ခြင်း၊ စောင့်ရှောက်ခြင်းဖြစ်၏။ ကရုဏာဖြစ်လျှင် မေတ္တာကလည်း ပါလာတော့၏ ။
ဓမ္မကြောင့် လူ့ဘ၀ဟု ဖြစ်လာရ၏။ အဓမ္မကြောင့်ဆိုလျှင် လူရယ်လို့ကို ဖြစ်လာစရာအကြောင်း မရှိ။ ဓမ္မကြောင့်ဖြစ်ရသော လူ့ဘ၀မှာလည်း ဘ၀နှင့်ဓမ္မ နှစ်ပိုင်းရှိ၏။ နှစ်ပိုင်းလုံး မြင်တတ်ရမည်၊ နှစ်ပိုင်းလုံး တူတူတန်တန် ဖြစ်အောင် ထူထောင်ရမည်၊ တည်ဆောက်ရမည်၊ ဘ၀ပေး တာဝန်ရှိသကဲ့သို့ ဓမ္မပေးတာဝန်လည်း ရှိသည်ဟု နားလည်ရမည်။
လူသည် ဘ၀ကိုသာ မြင်ပြီး ဓမ္မကို မမြင်လျှင် တစ်ဖက်မြင် တစ်ဖက်ကန်း ဗာလဖြစ်၏။ ဘ၀နှင့်ဓမ္မပါ နှစ်ခုလုံးမြင်ပါမှ စုံလုံးမြင်သူ ပဏ္ဍိတ ဖြစ်သည်။ သူတော်ကောင်း၊ သူမြတ်လောင်းကြီးတို့သည် ဘ၀ထက် ဓမ္မကို ဦးစားပေး တည်ဆောက်သွားကြသည်။ ကျွဲကူးတော့ ရေပါဆိုသကဲ့သို့ ဓမ္မကို ဦးစားပေးတော့ ထိုဓမ္မကပဲ ဘ၀ကို တာဝန်ယူသွားလေသည်။
ဘ၀နှင့် ဓမ္မ မခွဲခြားကောင်း၊ ဘ၀နှင့် ဓမ္မက တစ်ထပ်တည်း၊ တစ်သားတည်းကျနေမှ ကောင်းသည်။ ဘ၀ကို ဓမ္မမပါဘဲ တည်ဆောက်ခဲ့လျှင် ဆည်းဆာအရောင် တိမ်တောင်အလှကဲ့သို့ မကြာခင် ပျက်သုဉ်း ပျောက်ကွယ် သွားလိမ့်မည်။ နို့နှင့်ရေ ရောထားသကဲ့သို့ ဘ၀နှင့် ဓမ္မက တစ်ရောင်တည်း၊ တစ်သွေးတည်း ရှိနေစေရမည်။

သတိတရားနှင့် အသိတရား
ဓမ္မဟူသည် ဘ၀ကို အောက်တန်းမကျအောင်၊ အောက်ကျနောက်ကျ မဖြစ်အောင် အဆင့်မနိမ့်အောင် အမြင့်ကို မြှင့်တင်ပေးတတ်သည်။ ဆွဲတင်၊ မ တင်ပေးတတ်သည်၊ မ ချီ ထမ်းပိုးထားတတ်သည်။ သို့ဖြစ်၍ ဘ၀မြင့်လိုလျှင် ဘ၀ထဲမှာ ဓမ္မရှိမှ ဖြစ်မည်။ ဘ၀နှင့် ဓမ္မတွင် ဘ၀ဟူသည် အကာသာဖြစ်၏။ ဓမ္မကမှ အနှစ်ဖြစ်၏။ အကာက ကြာလျှင် ကွာကျလိမ့်မည်။ အနှစ်ကသာ ရေရှည်ခံ၏။
ဘ၀မှာ ဓမ္မရှိဖို့၊ ဘ၀နှင့် ဓမ္မ ထပ်တူမျှနေဖို့ အသိတရားနှင့် သတိတရားတော့ ရှိရမည်။ အသိတရားနှင့် သတိတရားရှိမှသာ ဘ၀နှင့် ဓမ္မက တစ်ထပ်တည်း တစ်သားတည်းကျလိမ့်မည်။ သတိမမူ ဂူမမြင်၊ သတိမူတော့ မြူတောင်မြင်သည်ဟု ဆိုသဖြင့် သတိတရားကတော့ အချုပ်ပဓာန ဖြစ်သည်။ သတိရှိမှ အသိရှိမည်၊ သတိမရှိလျှင် အသိလည်းမရှိနိုင်။ သတိလစ်နေသူတစ်ဦးသည် ဘာမှမသိတော့။ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်၊ သို့မဟုတ် ဓမ္မ၏အနှစ်ချုပ်ကလည်း အပ္ပမာဒ ခေါ် သတိတရား သာ ဖြစ်သည်။
ဘုရားရှင်သည် ဆွမ်းခံပြန်သည့်အခါ ကျောက်ဖြာထက် ခြေထောက်ရေဆေးခိုက် အနီးအနားရှိ ရဟန်းတော်တို့ကို ဒုလ္လဘတရားငါးပါး နေ့စဉ်မိန့်ကြားဆုံးမတော်မူ၏။ ဒုလ္လဘတရားငါးပါး၏ ရှေ့ပိုင်း၌ “အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ” ဟု အမြဲထည့်ပြီး မိန့်သည်။ ထို့ကြောင့် အပ္ပမာဒတရားက ဘုရားရှင် နေ့စဉ်ဆုံးမခဲ့သော တရားတော်ဖြစ်၏။
ပစ္ဆိမဗုဒ္ဓ၀စနခေါ် ဘုရားရှင်၏ နောက်ဆုံးမှာတမ်းစကားတော်၊ မှာတမ်းတရားတော်ကလည်း “အပ္ပမာဒေန သမ္ပာဒေထ” သာဖြစ်၏။ ကွယ်လွန်ခါနီး မိဘတို့သည် သားသမီးတွေကို စိတ်မချလို့ နောက်ဆုံးမှာသကဲ့သို့ ဘုရားရှင်ကလည်း သူ၏ သားတော်၊ သမီးတော်တို့ကို စိတ်မချလို့ နောက်ဆုံး မှာကြားချက်အနေနှင့် မှာကြားတော်မူ၏။ မိဘတို့သည် အရေးအကြီးဆုံး စကားကို တစ်ခွန်းတည်းနှင့် နောက်ဆုံးမှာကြားသကဲ့သို့ ဘုရားကလည်း အရေးအကြီးဆုံး စကားတစ်ခွန်း နောက်ဆုံးမှာကြားခဲ့လေသည်။ ထိုစကားတစ်ခွန်းက အပ္ပမာဒေန သမ္ပာဒေထ - အပ္ပမာဒ ခေါ်ငြား သတိတရားနှင့် ပြည့်စုံကြပါစေဟူ၍ ဖြစ်၏။

အပ္ပမာဒေန သမ္ပာဒေထဆိုတာ အမှန်တော့ သတိပေးခြင်း ဖြစ်သည်။ လောကမှာ မရှိသူကို ရှိသူက ပေးကြ၏၊ မရှိလို့ကို ပေးရခြင်း ဖြစ်၏။ ဘုရားရှင်ကလည်း နေ့စဉ် သတိပေးသည်၊ နောက်ဆုံးထွက်သက်အထိ သတိပေးသည်။ အဓိပ္ပာယ်က သတိမရှိသူတွေမို့၊ သတိမရှိကြလို့ အထပ်ထပ်အခါခါ သတိပေးနေရခြင်း ဖြစ်၏။ မေ့တတ်လွန်းသူတွေမို့ မမေ့နှင့်၊ မမေ့နှင့်ဟု ထပ်ကာထပ်ကာ မှာနေရခြင်းဖြစ်၏။
သံသရာ၏ ရေသောက်မြစ်နှစ်ပါးက အ၀ိဇ္ဇာနှင့် တဏှာဖြစ်၏။ ထို့ကြောင့် သတ္တ၀ါ၏အစ၊ လူသား၏ အစကလည်း ဤအ၀ိဇ္ဇာနှင့် တဏှာ သာဖြစ်၏။ အရကောက်လျှင် မောဟနှင့်လောဘ ဖြစ်၏။ ကိလေသာမာရ်မင်းသည် လူသားကို မောဟမေ့ဆေးတစ်လုံး ထိုးပေးပြီး လောဘတည်းဟူသော တပ်မက်မှု၊ သာယာစွဲလမ်းမှု ဆေးတစ်လုံး တိုက်လွှတ်လိုက်တာ သံသရာတစ်လျှောက်လုံး မေ့လျော့ပြီးတော့ လိုချင်မှု၊ တပ်မက်မှု၊ သာယာစွဲလမ်းမှုတွေနှင့်သာ အချိန်ကုန်ခဲ့တော့၏။
ထိုးဆေးတစ်လုံးနှင့် သောက်ဆေးတစ်လုံး၏ အစွမ်းကတော်တော်ထက်သည်။ သံသရာတစ်လျှောက်လုံး ဟိုဟာလိုချင်၊ သည်ဟာလိုချင်၊ ဟိုဟာတပ်မက်၊ သည်ဟာတပ်မက်၊ ဟိုဟာသာယာ၊ သည်ဟာ သာယာ၊ ဟိုဟာစွဲလမ်း၊ သည်ဟာစွဲလမ်းနှင့် မေ့ချင်တိုင်းမေ့၊ မျောချင်တိုင်း မျောခဲ့လေတော့၏။

သတ္တ၀ါတွေက မေ့ဆေးလွန်ပြီး မေ့ချင်တိုင်း မေ့၊ မျောချင်တိုင်းမျောနေပြီး သတိကင်းပျောက်၊ သတိလက်လွတ်၊ သတိမရှိဘဲ ဖြစ်နေကြလို့ လေးဆယ့်ငါးဝါတိုင်တိုင် နေ့စဉ် သတိပေးသည်။ နောက်ဆုံးအမွေအဖြစ်လည်း သတိကိုပဲ ပေးသွားတော်မူသည်။ ထို့ကြောင့် ဘုရားရှင် ပေးသွားသော အမွေတော်သတိကို ရအောင်ယူရမည်။ နှလုံးသားထဲမှာ ကောင်းကောင်းမွန်မွန် သိမ်းဆည်းထားရမည်။ စားသတိ၊ သွားသတိ၊ လာသတိ၊ နေသတိ၊ လုပ်တာကိုင်တာ သတိ၊ ပြောတာဆိုတာ သတိ အမြဲသတိရှိကြရမည်။ သတိတစ်လုံး အစဉ်သုံးက နောက်ဆုံး နိဗ္ဗာန်ရောက်ပါလိမ့်မည်။
(မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်အတွင်း ကိလေသာတော မှ အမောတကော ထွက်ခွာ၍ တရားရိပ်သာတွင်တရားအားထုတ်ကြသော ဓမ္မမိတ်ဆွေသူတော်ကောင်းများသို့..)
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) ၏
ဘာဝနာကထာ မှ ကောက်နှုတ်ဖော်ပြအပ်ပါသည်။
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
သင့်
ကလျာဏ မိတ္တ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့