Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 17 April 2013

"ပြန်လည်ရှင်သန်နေသော အိန္ဒိယသာသနာ"


"ပြန်လည်ရှင်သန်နေသော အိန္ဒိယသာသနာ"

ဓမ္မဂီရိ တရားရိပ်သာအတွင်းရှိ ယောဂီပေါင်း (၃၀၀) ကျော် တပြိုင်နက်တရားအားထုတ်နိုင်သော cell များပါဝင်သောShanti Pathar Pagoda အမည်ရှိ ခန့်ညားထည်ဝါ ကြည်ညိုစရာကောင်းလှသော စေတီတော်ကြီးပါ၊ သီတာခုနှစ်တန်ပုံစံ ရေလှိုင်းများတခုစီ တခုစီတွင်း ယောဂီများတရားထိုင်ရန် အခန်းတခုစီ ဖွဲ့စည်းတည်ဆောက်ထားသည်ကား အံ့သြစရာ ချီးကျူးစရာများပါပေ..
လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ၀န်းကျင်က အတ္တ၀ါဒ ကြီးစိုးနေသော အိန္ဒိယနိုင်ငံမှာ ဂေါတမဗုဒ္ဓဘုရားပွင့်တော်မူလာ တော့ အနတ္တ၀ါဒ-ဘယ်အရာကိုမှကိုယ်ဖြစ်ချင်တိုင်း မဖြစ်ပါ၊ ဒါကြောင့် တလောကလုံးဟာ အနတ္တချည်းပဲ အစိုးမရနိုင်ဘူး ဆိုပြီး သတ္တ၀ါအပေါင်းကို အလင်းပြပေးနိုင်ခဲ့တယ်၊ နောက်ပိုင်း နှစ်ပေါင်း ၃၀၀ ကျော်အထိ အနတ္တ၀ါဒဟာ မဇ္ဈိမဒေသမှာ ထွန်းကားပြန့်ပွားခဲ့ပြီး တန္တရ၀ါဒ၊ မန္တရ၀ါဒ၊ ဗေဒင်၊ နက္ခတ်၊ နတ်ဗြဟ္မာကိုးကွယ်မှုများက သာသနာတော်အတွင်း ၀င်ရောက် အားကောင်းလာချိန်မှာတော့ ဗုဒ္ဓလမ်းပြပေးခဲ့တဲ့ အနတ္တ၀ါဒအခြေခံသာသနာတော်ဟာ နှစ်ပေါင်းများစွာ ကွယ်ပျောက် သွားတော့တယ်၊
အေဒီ ၁၂ ရာစု ( AD-12 ) ရာစုလောက်ကတည်းက ကွယ်ပျောက်ခဲ့ပြီဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ သာသနာတော် စည်ပင်ပြန့် ပွားမှုဟာ ယနေ့ခေတ်မှာတော့ ပြန်လည် အသက်ဝင်လှုပ်ရှားနေပါပြီ ၊ ဒီနေ့အချိန် အိန္ဒိယနိုင်ငံမှာ အနတ္တ၀ါဒကို ပြန်လည် အသက်သွင်းနေကြသူများ၊ ပြန်လည် အလင်းပြနေကြသူများ ပေါများနေပြီဖြစ်တဲ့အတွက် ဒီစကားကို ဆိုရတာပါ။
စာရေးသူဟာ 2012 ခုနှစ်၊ ဂျွန်လ 27- ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊ မဟာရဋ္ဌပြည်နယ်၊ အီဂတ်ပူရီမြို့မှာ ရှိနေတဲ့ ကမ္မဋ္ဌာန်း ဆရာကြီး ဦးဂိုအင်ကာ တည်ထောင်ဖွင့်လှစ်ထားသော ဓမ္မဂီရိ တရားရိပ်သာ Dhammagiri Vipassana Meditation Center မှာ(၁၀) ရက်တာ (၂၇. ဂျွန်လမှ ၈ ရက် ဂျူလိုင်အထိ ) အေးချမ်းမှုကို ခံစားနိုင်ဖို့ ရောက်ခဲ့တယ်။တစ်လကို ပုံမှန် နှစ်ကြိမ်ဖွင့်လှစ်နေတဲ့ ဆယ်ရက်စခန်းပွဲမှာ ထူးခြားအံ့သြစရာ အကောင်းဆုံးကတော့ သင်တန်းအပတ်စဉ်တိုင်းမှာ ဘာသာ လူမျိုးပေါင်းစုံ နိုင်ငံပေါင်းစုံကနေ ယောဂီပေါင်း ( ၆၀၀) ၀န်းကျင်ခန့် ၀ိပဿနာတရားကို ကြိုးကြိုးစားစားအားထုတ်နေကြ တာပါပဲ။
အဆိုပါယောဂီတွေထဲမှာ ခရစ်ယာန်၊ မွန်စလင်၊ ဟိန္ဒူ ၊ ဆစ်၊ အိန္ဒိယလူမျိုးများနဲ့ နိုင်ငံပေါင်းစုံက ၀ိပဿနာကို စိတ်ဝင် စားကြတဲ့ သူတွေအားလုံး ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ နေရာဒေသပေါင်းစုံ ကနေ လာရောက်ပါဝင်အား ထုတ်ကြတာဟာ ကြည်နူးပီတိ ဖြစ်စရာပါ။
ဆရာကြီးဦးဂိုအင်ကာရဲ့ လက်သုံးစကားရှိပါတယ်၊ ၀ိပဿနာတရားဆိုတာ ဗုဒ္ဓဘာသာများသာ ခံစားနိုင်တဲ့ ကိုယ်ပိုင် တရားမဟုတ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ အမှန်တရားစစ်စစ်ဖြစ်တဲ့အတွက် လူမျိုးမရွေး၊ ဘာသာမရွေး၊ နိုင်ငံသားမရွေး ဘယ်သူမဆို အားထုတ်သူမှန်သမျှ အေးချမ်းမှုရသကို ခံစားရမှာဖြစ်ကြောင်း၊ ရှင်ဘုရင်၊ သူဋ္ဌေးသူကြွယ်၊ ကုန်သည်၊ လယ်သမားမှအစ ခွက်လက်စွဲကာတောင်းစားသူများအထိ အဆင့်အတန်းမခွဲခြားပဲ တူညီသောအကျိုးကျေးဇူးကို ပေးစွမ်းနိုင်ကြောင်း၊ ခရစ်ယာန်၊ မွတ်စလင်၊ ဂျူး၊ ဟိန္ဒူ၊ ဆစ်လူမျိုးစတာတွေဟာ လူတွေအချင်းချင်းက သတ်မှတ်ခွဲခြား ထားတဲ့ labels များသာဖြစ်ပြီး အားလုံးကတော့ လူသားများအဖြစ် အသက်ရှင်နေကြတာချင်း အတူတူဖြစ်ကြောင်း စတာတွေကို အကျယ်တ၀င့် ပြောပြလေ့ရှိတယ်။
ဝိပဿနာ နည်းပညာ ဆိုသည်မှာ..
သဘာဝတရားအဖြစ် ရှိနေတဲ့ အရှိတရား (ပရမတ္ထတရား)ကို မြင်နိုင်ဖို့ ကြိုးစားခြင်းဆိုတဲ့ ၀ိပဿနာဆိုတာ အိန္ဒိယနိုင်ငံရဲ့ ရှေးအကျဆုံး တရားအားထုတ်ခြင်း နည်းတစ်မျိုးပါ၊ အဲဒီဝိပဿနာတရားကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀) ကျော်က မြတ်စွာဗုဒ္ဓက ပြန်လည်ရှာဖွေကာ ဖော်ထုတ်ခဲ့ပြီး လူနေမှုဘ၀တွေထဲမှာ မရှိမဖြစ်ပညာတရပ်လို ကမ္ဘာလုံးဆိုင်ရာ ရောဂါ များကို ကုသဖို့အတွက် လူသားအားလုံးနဲ့ သက်ဆိုင်တဲ့ နည်းလမ်းအဖြစ် ဟောကြားခဲ့တာ ဖြစ်ပါတယ်၊
ဂိုဏ်းဂဏစွဲ မရှိတဲ့ ဒီဝိပဿနာတရားဟာ လူတွေသန္တာန်မှာ ရှိနေတဲ့ စိတ်ရဲ့ မစင်ကြယ်မှုတွေကို ဖယ်ရှားပေးပြီး၊ အပြည့် အ၀ လွတ်မြောက်မှုအရသာကို ခံစားရခြင်းဆိုတဲ့ အမြင့်ဆုံး ပျော်ရွင်ကြည်နူးခြင်းတွေကို အကျိုးဆက်အဖြစ် ခံစားနိုင် စေပါတယ်၊
ဝိပဿနာတရားတော်ဟာ ခေါင်းကိုက်ရောဂါ၊ သာမာန်အပေါ်ယံ ငြိမ်းချမ်းမှုသက်သက်ကိုသာ ပျောက်ကင်းစေတာ မဟုတ် ပဲ လူအားလုံးမှာ ခံစားနေရတဲ့ ဒုက္ခမှန်သမျှကို ပျောက်ကင်းနိုင်စေဖို့ ရည်ရွယ်နိုင်လောက်အောင် ပြည့်စုံကောင်း မွန်လှ ပါတယ်၊
အရာအားလုံးကို ညီမျှစွာ မြင်စွမ်းနိုင်မှု၊ စိတ်ဖိအားတွေနဲ့ ချစ်ခြင်းမေတ္တာ၊ သနားခြင်း ကရုဏာ စတဲ့တရားတွေကို ကိုယ့်စိတ်မှာ အလိုလို ဖြစ်ပေါ်ခံစားလာစေခြင်း အကျိုးဆက်တွေကို တရားတော်က ပေးစွမ်းနိုင်ပြီး ကိုယ်တိုင် စောင့်ကြည့် ခြင်းဖြင့် ကိုယ်တိုင်ပြောင်းလဲမှုကို အလိုလို ဖြစ်ပေါ်စေ ခံစားစေတဲ့ စိတ်ကျင့်စဉ် တမျိုးလဲ ဖြစ်ပါတယ်၊
တစုံတရာကို စဉ်းစားနေတာတွေ၊ ခံစားမှုတွေ၊ အယူအဆတွေ၊ ဆင်ခြင်တုံတရားတွေနဲ့ အာရုံများကို တွေ့ထိ ခံစားမှု ဖောဋ္ဌဗ္ဗာရုံအဆုံး အားလုံးကို ပြောင်းလဲပေးနိုင် ကုသပေးနိုင်စွမ်းရှိတဲ့ ၀ိပဿနာတရားဟာ အပူအပင်အားလုံးကို ရှင်းလင်း သွားစေနိုင်တာကြောင့် သိပ္ပံနည်းကျ နိယာမတရား( သိပ္ပံပညာနဲ့ တထပ်ထဲကျတဲ့တရား )တွေ လို့လဲ ပြောနိုင်ပါတယ်၊
ဝိပဿနာတရားတော်ကို ပုံမှန်လေး လေ့ကျင့်ပေးခြင်းအားဖြင့် လူတယောက်ရဲ့ဘ၀ကို ပြောင်းလဲစေနိုင်ခြင်း၊ အမြဲမပြတ် သတိထားကာ နှလုံးသွင်းနေခြင်းဖြင့် တကယ့်အမှန်တရားနဲ့ ကိုယ်ကိုယ်တိုင် ထိမ်းချုပ်နိုင်မှု စွမ်းအားတွေ၊ အေးချမ်း တည်ငြိမ်မှုတွေ ရရှိလာတာကြောင့် ကိုယ်တိုင် ဒုက္ခတွေ များအောင် ဘယ်လောက်အတိုင်းအတာအထိ ကြိုးစားနေတယ်၊ အဲဒီ ဒုက္ခတွေကနေ ဘယ်လောက်လွန်မြောက်နိုင်ပြီလဲ ဆိုတာကို နားလည်ဖို့ တိုက်ရိုက်အတွေ့အကြုံ ယူတဲ့ နည်းလမ်းလို့လဲ ဆိုနိုင်ပါတယ်၊
အမှန်စင်စစ်အားဖြင့် ဘုရားသာသနာတော်မှာ ရုပ်ဝတ္ထုပစ္စည်းတွေတိုးတက်များပြားနေရုံနဲ့၊ စေတီပုထိုး ကျောင်းကန်တွေ ပေါများနေရုံနဲ့ သာသနာဆိုင်ရာအဆောက်အဦးတွေ တိုးတက်များပြားနေရုံနဲ့ သာသနာတည်တံ့နေတယ်လို့ မဆိုနိုင်ပဲ တရားတော်အတိုင်းလိုက်နာ ကျင့်ကြံနိုင်မှသာ သာသနာ တည်တံ့ထွန်းကားနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
တချိန်က ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်မှာပေါ့၊ ဒီနေ့မှစပြီး နောက် ၄ လကျော်လွန်လျင် ငါဘုရား ပရိနိဗ္ဗာန်စံတော် မူမည် လို့ ဗျာဒိတ်စကားမိန့်ကြားလိုက်တော့ ပုထုဇဉ်ရဟန်းတော်ပေါင်း (၇၀၀) လောက်ဟာ ဘုရားရှင် အပါးမှ မခွာ တော့ပဲ နေ့ညမပြတ် ပြုစုစောင့်ရှောက်နေကြတယ်၊ အဲဒီအထဲက မထေရ်တပါးကတော့ ဘုရားရှင်က ပရိနိဗ္ဗာန်စံတော့မယ်၊ ငါကလဲ ကိလေသာတွေ မကုန်သေးဘူး၊ မြတ်စွာဗုဒ္ဓ လွန်တော်မမူခင် ငါရဟန္တာဖြစ်အောင် ကျင့်တော့မယ် ဆိုပြီး ဗုဒ္ဓရဲ့ အနားကိုမသွားပဲ တပါးထဲ ကြိုးစားအားထုတ်နေသတဲ့။ ဒီအကြောင်းတွေကို အခြားရဟန်းတွေက မသိပဲ အပြစ်တင်ကြ တော့ အဲဒီမထေရ်ကို ဘုရားရှင်ရှေ့တော်မှောက် ခေါ်သွားကြတယ်၊ အကျိုးအကြောင်း သိတော်မူပြီးတဲ့ ဘုရားရှင်ကိုယ် တော်မြတ်ကြီးဟာ-
ဘိက္ခဝေ ယဿ မယိ သိနေဟော အတ္ထိ၊ တေန အတ္တဒတ္ထေန ၀ိယ ဘ၀ိတုံ ၀ဋတိ၊ န ဟိ ဂန္ဓာဒီဟိ ပူဇေန္တာ မံ ပူဇေန္တိ၊ ဓမ္မာနုဓမ္မပဋိပတ္တိယာ ပန မံ ပူဇေန္တိ၊ တသ္မာ အညေနပိ အတ္တဒတ္ထသဒိသေနေ၀ ဘ၀ိတဗ္ဗံ။( အတ္တဒတ္ထထေရ၀တ္ထု၊ အတ္တ၀ဂ်၊ ဓမ္မပဒအဋ္ဌကထာ)
ရဟန်းတို့- ငါဘုရားကို ကြည်ညိုကြတဲ့သူတွေဟာ အတ္တဒတ္ထမထေရ်လို ကျင့်ကြရမယ်၊ ငါဘုရားကို ကြည်ညိုလို့ ပန်းနံ့သာ စတဲ့ ရုပ်ဝတ္ထု လှူဖွယ်ရာတွေနဲ့ များပြားစွာ ပူဇော်သော်လည်း ကောင်းစွာပူဇော်ရာ မရောက်ဘူး၊ ငါဘုရား ဟောကြားတော် မူခဲ့တဲ့လမ်းစဉ်အတိုင်း ကျင့်စဉ် အတိုင်း ကျင့်သုံးသူမှသာ ကောင်းစွာ ပူဇော်ရာရောက်တယ်၊ အဲဒီလိုကျင့်ကြံအား ထုတ်နေသူကိုသာ ငါဘုရား ချီးမွမ်းတော်မူတယ်၊ ဒါကြောင့် ငါဘုရားသဘောကျ နေလိုသူဟာ အတ္တဒတ္ထမထေရ်လိုပဲ ကျင့်ကြံအားထုတ်ကြပါ..လို့ မိန့်ကြားတော်မူပြီး အဆိုပါမထေရ်ကို ချီးမွမ်းထောပနာပြုတော်မူခဲ့တယ်။
အထက်ပါဗုဒ္ဓမြတ်စွာ စကားတော်ကိုသုံးသပ်ရလျင် ဒီနေ့ ၂၁ ရာစုခေတ်မှာ အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသမှာ သာသနာပြန်လည် ရှင်သန် အသက်ဝင်နေပြီလို့ ဆိုရမှာပါ။ ၀ိပဿနာတရားစစ်စစ်ကို ပြန်လည်နည်းပြရင်း နှစ်ပေါင်း ၄၀ ကျော်သက်တမ်း ရှိလာပြီဖြစ်တဲ့ ဆရာကြီး ဦးဂိုအင်ကာရဲ့ ဓမ္မဂီရိ တရားရိပ်သာကြီးမှာ လူပေါင်းများစွာဟာ ဘုရားပွဲ ပျော်ပွဲ ရွှင်ပွဲ ကျင်းပနေ သလို ငြိမ်းချမ်းမှုကို ရှာလိုသူများနဲ့ အမြဲတမ်း စည်ကားနေပါတယ်၊ ၀ိပဿနာတရားကို အားထုတ်သူ လေ့လာလိုသူ ကျင့်ကြံနေသူများ ပေါများနေသော်လည်း သင်္ကန်းအရောင်လွှမ်းတဲ့ သာသနာပြု ရဟန်းတော်များကို နေရာတိုင်းမှာ ဖူးမြင်ခွင့်မရနိုင်သေးတာပါပဲ။
သင်္ကန်းအရောင်ကို မြင်နိုင်ခွင့် သမဏာနဉ္စ ဒဿနံ- မင်္ဂလာနဲ့ပက်သက်လို့ သတိရမိတာလေး ရှိသေးရဲ့၊ စာရေးသူ တို့သွားတော့ ကုလားဒကာတယောက်က အားရပါးရရှိခိုးပြီး ဒီလို သင်္ကန်းဝတ်မျိုး မမြင်ရတာ ၁၅ နှစ်လောက် ရှိပါပြီ တဲ့၊ အခုလို ဖူးမြင်ရတာ အင်မတန်မှ ၀မ်းသာပီတိဖြစ်မိကြောင်း လျောက်ထားလာတယ်၊ နောက်တခါ သူငယ်ချင်းတွေ Global Vipassana Pagoda လို့ ခေါ်တဲ့ မွန်ဘိုင်းမြို့ပေါ်က ရွှေတိဂုံပုံစံတူဘုရားကို သွားကြတော့ ကုလားလူမျိုး ဗုဒ္ဓဘာသာဖြစ်တဲ့ အမေနဲ့ သမီးတို့ဟာ ရဟန်းတွေဆီ ပြေးလာကြပြီး လာလာ သမီး၊ နင် ဒီဘန္တေကြီးတွေကို ရှိခိုးပြီး အိမ်ထောင်ကျအောင် ဆုတောင်းလိုက်၊ သူတို့ဆီ ဆုတောင်းရင် သမီးဆန္ဒပြည့်ဝမှာ သေချာတယ် ဆိုပြီး အတင်းရှိခိုးဆုတောင်းခိုင်းပါတယ်၊ သူကိုယ်တိုင်ကလဲ သူ့သမီး အိမ်ထောင်မကျသေးတဲ့အတွက် ပူပန်သောက ရောက်နေကြောင်း၊ အရင်က ဆုတောင်းသော် လည်း မပြည့်ဝကြောင်း၊ အခုတော့ ဆုတောင်းပြည့်ဝ မည်ဟု ယုံကြည်ကြောင်း လဲ လျောက်ထားသေးတယ်၊

အိန္ဒိယမှာ သာသနာမကွယ်သေးပါ



လယ်တီဆရာတော်ဘုရားကြီး

ဆရာကြီးဦးဂိုအင်ကာ ရဲ့ ဆရာရင်းဖြစ်တဲ့ ဆရာကြီး ဦးဘခင်မှာ ပြင်းပြတဲ့ ဆန္ဒတစ်ခုရှိခဲ့တယ်၊ အိန္ဒိယကနေကူးစက် လာတဲ့ ၀ိပဿနာတရားဟာ အိန္ဒိယမှာ ကွယ်ပျောက်ပြီး အခြားနေရာဒေသတွေမှာ စည်ပင်နေသော်လည်း မူရင်းဒေသမှာ ပျောက်ကွယ်တိမ်မြုပ်နေတာကို အားမလိုအားမရဖြစ်နေပါတယ်၊ မူရင်းဒေသဆီကိုUniversal True,Nature Phenomena ဖြစ်တဲ့ ၀ိပဿနာကို ပြန်လည်ရှင်သန်စေချင်တယ်၊ ဒီဆန္ဒကို ဦးဂိုအင်ကာစွမ်းနိုင်မယ် ဆိုတာသိလို့ ဆန္ဒရှိခဲ့တာ ဖြစ်မှာပါ။
ဆရာကြီးဦးဂိုအင်ကာဟာ ဆရာရင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းလိုတာကြောင့် ၁၉၆၉ ခုနှစ်ကနေစပြီး မြန်မာနိုင်ငံကနေ အိန္ဒိယကို ပြောင်းရွှေ့ခဲ့တယ်၊ အစဦးဆုံး မိသားစုအသိုင်းအ၀ိုင်း၊ ဆွေမျိုးအသိုင်း အ၀ိုင်းတွေကနေ ဆယ်ရက်စခန်းပွဲတွေ ဖွင့်လှစ်ခဲ့တာ ဒီနေ့အချိန်မှာတော့ တကမ္ဘာလုံးက အသိအမှတ်ပြု လေးစားရတဲ့ ကမ္မဋ္ဌာန်းဆရာကြီး ဖြစ်နေပါပြီ၊ တကမ္ဘာလုံးမှာ မွတ်စလင်လူမျိုးတို့၏ ဗလီများ၊ ခရစ်ယာန် Church ကျောင်းများ၊ ဟိန္ဒူတို့၏ ဘုရားကျောင်းများ၊ စသည် တို့မှာပါ ဖိတ်မာန်ပြီး စခန်းပွဲဖွင့်ကာ လိုက်လံပြသပေးရတဲ့အထိ အောင်မြင်ခဲ့တယ်၊
ဒါပါဘဲ၊ လူမျိုးမရွေး ဘာသာမရွေး၊ နိုင်ငံမရွေး ဘယ်သူမဆို ကျင့်ကြံကြသူမှန်သမျှကို လက်တွေ့အကျိုးကျေးဇူးခံစားစေ ရမယ် ဆိုတဲ့ သန္ဒိဋ္ဌိကတရား စစ်စစ်လို့တရားဂုဏ်တော်ခြောက်ပါးမှာ ဟောကြားတော်မူခဲ့တယ် မဟုတ်ပါလား…
သွာက္ခာတ- လူသာမာန်အားလုံးပင် နားလည်ကျင့်သုံးနိုင်အောင် ဟောကြား ထားခြင်း၊
သန္ဒိဋ္ဌိက - ကျင့်ကြံသူမှန်သမျှ လက်တွေ့အကျိုးကျေးဇူးကို ခံစားနိုင်ခြင်း၊
အကာလိက- အချိန်အခါမရွေးပဲ ဘယ်အချိန်ဘယ်ကာလမှာ မဆို အေးငြိမ်းမှုကိုခံစားနိုင်ခြင်း၊
ဧဟိပဿိက- လာပါ အားထုတ်ကြည့်ပါ အကျိုးထူးခံစားရပါစေမယ် လို့ အာမခံပေးနိုင်ခြင်း၊
သြပနေယိက- အစစ်အမှန်တရားဖြစ်သောကြောင့် ကိုယ်နှင့်မကွာ ဆောင်ထားကျင့်သုံးထိုက်ခြင်း၊
ပစ္စတ္တံ ဝေဒိတဗ္ဗ- မျက်နှာကြီးငယ်မရွေး၊ လူမျိုးဘာသာ ခွဲခြားမှုမရှိပဲ အားထုတ်သူမှန်သမျှ အကျိုးတရားခံစား နိုင်ခြင်း၊
စတဲ့ဂုဏ်တွေဟာ တရားတော်ရဲ့ ထူးခြားချက်များ ဖြစ်ပါတယ်၊ အဲဒီလို ထူးခြားနေလို့လဲ ဆရာကြီး ဦးဂိုအင်ကာရဲ့ တရားရိပ်သာများဟာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ နိုင်ငံပေါင်း ( 90 )ကျော်အတွင်း Vipassana Meditation Center ပေါင်း( 170 ) အထိ ပြန့်ပွားသာသနာပြုနေပါပြီ၊ ကမ္ဘာမှာ သိပ္ပံပညာရှင်များ၊ ရူပဗေဒပညာရှင်များ၊ ဂီတပညာရှင်များ၊ စီးပွားရေး ပညာရှင်များ၊ နောက်ဆုံး ဟောလိဝုဒ်မင်းသားမင်းသမီးများအပါအ၀င် ကမ္ဘာကျော်ဘောလုံးသမားများမှစပြီး အနုမြူလက် နက်၊ လေယာဉ်စသည်ကို ထုတ်လုပ်နိုင်စွမ်းရှိတဲ့ ပညာရှင်များက တောင် ၀ိပဿနာတရားကို စိတ်ဝင်တစားနဲ့ လိုက်နာ ကျင့်ကြံခဲ့ကြတယ် လို့ မှတ်တမ်းများက ဆိုပါတယ်၊
စာရေးသူ စဉ်းစားနေမိတာတခုက ဆယ်ရက်စခန်းအသုတ်တိုင်း ပုံမှန် လူပေါင်း ၆၀၀ ၀န်းကျင်ခန့် စခန်းဝင်နေကြ တာဆိုတော့ ၁၉၇၀ နောက်ပိုင်းကတည်းက စတင်ခဲ့တာ ယနေ့ခေတ်မှာ ဘယ်လောက်များပြားနေပြီလဲ ဆိုတာပါပဲ၊ စခန်းပွဲပြီးချိန်မှာ တစ်ချို့လဲ ဗုဒ္ဓဘာသာခံယူကြသလို တစ်ချို့လဲ ပတ်ဝန်းကျင်ကြောင့်၊ စီးပွားရေးကြောင့်၊ လူမှုရေးအသိုင်း အ၀ိုင်းတွေကြောင့် လက်ရှိ ဘာသာကို ဆက်လက်ကိုးကွယ်နေကြဆဲဖြစ်ပေမယ့် သူတို့ရင်ထဲမှာတော့ အနတ္တကို လက်ခံ ထားကြပါပြီ။
ဆယ်ရက်စခန်းနှင့် သိသင့်ဖွယ်များ
နေရာ = ဓမ္မဂီရိ တရားရိပ်သာတည်ရှိသော အီဂတ်ပူရီမြို့ Igatpuri,မြို့သည် မဟာရပ်ရှရပြည် နယ်အတွင်းပါဝင်ကာ မွန်ဘိုင်းမြို့၏ အရှေ့မြောက်အရပ်တွင် တည်ရှိပြီး ရထားဖြင့် ၂ နာရီ၊ ကားဖြင့် ၁ နာရီ အားလုံး ၃ နာရီမျှ ကြာမြင့်စွာ သွားရသည်၊ မိုးများရပ်ဝန်း တောင်ပေါ်ဒေသဖြစ်ပြီး ၁၂-ရာသီပတ်လုံး မိုးရွာလေ့ရှိတတ်သည်။
စခန်းဖွင့်ချိန် = လစဉ်ဗုဒ္ဓဟူးနေ့မှာ စတင်ပြီး ဆယ်ရက်ပြည့်သည့်နေ့ စနေနေ့မှာ သိမ်းသည်၊ စခန်းသိမ်းကြားရက်များတွင် ယောဂီဆောင်များ၊ ဆွမ်းစားဆောင်များ၊ ဓမ္မာရုံများကို သန့်ရှင်းရေးလုပ်ဆောင်ပြီး ဗုဒ္ဓဟူးနေ့တွင် ပြန်လည်လက်ခံသည်။
စားစရာ= ယောဂီအားလုံး သက်သက်လွတ်သာ စားကြရသည်။
ယောဂီများအတွက် Male, Female Area များသီးသန့်ခွဲ ထားရှိပြီး dinning Hall , Dhamma Hall များကိုလဲ သီးသန့် နေရာခွဲထားပေးသည်၊ စကားပြောဆိုခြင်းသည် ယောဂီအား သမာဓိပျက်ပြား စေနိုင်သောကြောင့် ဆယ်ရက်တာ အတွင်း ၀စီပိတ်အနေဖြင့် မည်သို့သောအကြောင်းနှင့်မျှ စကား မပြောရပါ၊
ထူးခြားအခြေအနေများ
စခန်းမစတင်ခင်တွင် အများစုသော ယောဂီများသည် ဗုဒ္ဓဘာသာရဟန်းများကို သူလဲ လူပဲ၊ ငါလဲ လူပဲ ဟူသော စိတ်ဖြင့် လမ်းသွားရင်တောင် ၀င်တိုက်တော့မယောင် ဖယ်မပေးကြပဲ အလေးပေးခြင်း၊ အရိုအသေပြုခြင်း မရှိကြပဲ စခန်းပွဲရက် ပြီးဆုံးခါနီးတွင် ရဟန်းတော်များကို အရိုအသေပေးခြင်း၊ ဦးညွတ်ခြင်း၊ လက်အုပ်ချီခြင်း၊ လမ်းဘေးသို့ ဖယ်ပေးခြင်း စသော ဂရုဂါရ၀ သက္ကစ္စပြုကြသည်ကား တရားတော်၏ သန္ဒိဋ္ဌိကဂုဏ်တော်၊ အနုတ္တရော ပုရိသဒမ္မသာရထိ- မယဉ်ကျေးသူတို့ကို ယဉ်ကျေးလာအောင် ဆုံးမပေးနိုင်သော တရားတော်၏ ကျေးဇူးများပင်၊ ထို results များကို အဆိုပါယောဂီတို့ ခံစားနေရပြီ ဆိုတာ တွေးမိကာ တရားတော်၏ လေးနက်ထူးခြား ဆန်းကြယ်မှု များကို ကြည်ညို မိရတော့သည်။
ဓမ္မဂီရိမှ ၀ိပဿနာ လမ်းစဉ်


အနာဂါမ် ဆရာသက်ကြီး

ဂုရုကြီး ဦးဂိုအင်ကာ၏ လမ်းစဉ်သည် မြန်မာနိုင်ငံမှ ရဟန္တာဟု ထင်ရှားကျော်ကြားခဲ့သော ဒီပနီကျမ်းပြုအကျော် လယ်တီ ဆရာတော်ဘုရားကြီး၏ ဥပနိဿယအတိုင်း ကျင့်ကြံသောနည်းဟု ဆိုရပါမည်၊ နောက်တွင် အနာဂါမ်ဆရာသက်ကြီး၊ ဆရာကြီး ဦးဘခင်၊ ဆရာကြီး ဦးဂိုအင်ကာ စသည်ဖြင့် လက်ဆင့်ကမ်း သယ်ဆောင်ခဲ့သော တရားနည်းဖြစ်သည်။
အစပထမလေးရက်အထိ အာနာပါနကျင့်စဉ်ကို ရှုမှတ်ပွားများစေပြီး ၅ ရက်မြောက်နေ့တွင် ရှုမှတ်မှု အာနာပါနသမထမှ ၀ိပဿနာသို့ ကူးကာ ရှုမှတ်စေသည်၊ ဆိုပါစို့ ခန္ဓာကိုယ်၏ ဦးခေါင်း ငယ်ထိပ်နေရာမှ စကာ လက်၂သစ်၊ လက်၃ သစ် ပမာဏ ဧရိယာကို သေချာစူးစိုက်ရှုမှတ်စေပြီး ၄င်းဧရိယာအတွင်း ဖြစ်ပျက်လာသမျှ နာတာ၊ကျင်တာ အောင့်တာ ကိုက်တာ ခဲတာ၊ ပူတာ အေးတာ၊ တွန်းကန်နေတာ၊ ရွေ့လျား လှုပ်ရှားနေတာ စတာတွေကို စူးစိုက်ကာ ရှုမြင်သုံးသပ် နေရန် ဖြစ်သည်။
ထိုမှနောက်တွင် နည်းနည်းချင်း ဧရိယာကို ရွေ့ပြောင်းကာ တိုးတိုးပြီး တကိုယ်လုံးကို ဖြန့်ကြက် ရှုမြင်စေသည်၊ သမာဓိ အားကောင်းနေလျင် ရှုမှတ်ဧရိယာကို ကျဉ်းနိုင်သမျှကျဉ်းကာ ရှုစေပြီး သမာဓိအားနည်းနေပါက ဧရိယာကျယ်ကျယ်ကို ရှုမှတ်ခိုင်းသည်။
နောက်ဆုံးတွင် ခန္ဓာကိုယ်တွင် ပေါ်လာသမျှ ဝေဒနာအကြမ်း၊အနုများကို လုံးဝသည်းမခံနိုင်ပဲ မကျေမနပ်စိတ်များ၊ ဒေါသများ၊ ကောင်းသော ဝေဒနာခံစားချက်များကြောင့် သာယာစိတ်များကို သာယာမနေပဲ ဥပေက္ခာစိတ်ဖြင့် လစ်လျူရှု နေနိုင်ရန် ညွန်ကြားသည်၊ ဥပမာသော်ကား မြစ်ချောင်းကမ်းနံဘေးတွင် ထိုင်နေသော လူတယောက်သည် ချောင်းအတွင်း စီးဆင်းနေသော ရေလှိုင်းကလေးများကို ရေစီးသဘာဝအတိုင်း တခါတရံ ရေလှိုင်းထန်မည်၊ တခါတရံ ရေလှိုင်းမရှိပဲ ငြိမ်သက်နေမည်ကို ဘေးမှ အသာအယာရှုကြည့်နေသကဲ့သို့ပင် စိတ်ထားရမည် ဟု ဥပမာပေးကာ ရှုမှတ်ခိုင်းသည်။


ဆရာကြီးဦးဘခင်

ဒါကတော့ ပထမအဆင့်အနေဖြင့် ကာယာနုပဿနာကို အဓိကရှုမြင်စေခြင်းဖြစ်ပြီး ရက် ၂၀၊ ရက် ၄၀ စသည်ဝင် သူများ ကိုကား ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာများကို အသေးစိတ် ရှုမှတ်နိုင်ရန် လမ်းညွန်ပေးသည်။ တချို့ ယောဂီများကို အင်တာဗျူးကြည့်တော့ ဒီရိပ်သာမှာ အကြိမ်ပေါင်း ၁၀ ကြိမ်ဝင်ပြီးသူ၊ အကြိမ် ၂၀၊ ၂၅ ကြိမ်ဝင်ပြီးသူ စသည်ဖြင့် အံ့သြစရာများချည်း ကြားနေရတော့သည်။
ဂုရုကြီး၏ နောက်ဆုံးစကားတွင် ၀ိပဿနာတရားများကို အားထုတ်ကြိုးစားနေသူများသည် နည်းတခုခုကို စိတ်ရှည် ရှည်ဖြင့်အချိန်ပေးပြီး အဆုံးစွန်ပန်းတိုင်အထိ အားထုတ်သင့်ကြောင်း၊ စာပေသဘောအရ အခြားနည်းများကို လေ့လာ လိုက လေ့လာနိုင်သော်လည်း တနည်းနည်းကို ဇွဲလုလ္လဖြင့် အားမထုတ်ပဲ ဟိုနည်းကောင်းနိုးနိုး၊ ဒီနည်းကောင်းနိုးနိုးဖြင့် နည်းနည်းစီ အားထုတ်နေပါက စာသိ၊ သညာသိမျှဖြင့် လမ်းဆုံးနေပြီး ပန်းတိုင်ရောက်ရန် အချိန်ကြာ နေတတ်ကြောင်း သတိပေးစကားပြောသွားခဲ့တယ်။
ယနေ့အချိန် ၂၀၁၂ ခုနှစ် လူဦးရေစာရင်းအရ သန်းပေါင်း၁၂၀၀(1.22 billion)ကျော်ရှိသော အိန္ဒိယနိုင်ငံတွင် တိုးပွားလာ သော ဗုဒ္ဓဘာသာဦးရေ မည်မျှရှိပြီနည်း.. ဤမျှများပြားလှသော လူဦးရေကြားတွင် အနည်းစုသော ဗုဒ္ဓဘာသာဝင်များ ပျောက်ကွယ်နေကြလေသလား.. မည်သို့ပင်ဆိုစေကာမူ ၀ိပဿနာနည်းလမ်းဖြင့် လူတို့၏ အပူများ၊ ဒုက္ခများ၊သောကများ၊ ပရိဒေ၀များကို စွမ်းနိုင်သမျှ ထွန်းညှိကာ အလင်းရောင်ပေးနေသော ဂုရုကြီးဦးဂိုအင်ကာ၏ သာသနာပြုခြေလှမ်း များကို လေးစားအတုယူရင်း တခါတရံ သင်္ကန်းဝတ်ရဟန်းတော် များကို မြင်ပါက ၀န္ဒာမိ ဘန္တေ- ရှိခိုးပါတယ်။


ဆရာကြီး ဦးဂိုအင်ကာ ၏ "ဓမ္မနိုင်ငံမှာ ၁၃၅ နှစ်ကြာ "အထိမ်းအမှတ် ခရီးစဉ်(၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့ နံနက်၊ရွှေတိဂုံဘုရားအောင်မြေ )စူပေါင်းတရားထိုင်ပွဲ မှတ်တမ်းဓါတ်ပုံ

အရှင်ဘုရား.. နာမ စကာရေ- ဆိုသော မပီကလာ ပီကလာ ကုလားစကားများကို ကြားရတိုင်း မြတ်စွာဗုဒ္ဓ၏ မဟာသတိပဋ္ဌာနသုတ်တော် မှာလာတဲ့..
စိတ်အညစ်ကြေးကို ကင်းစေလို၊ သတိပဌာန်လမ်းကို လိုက်ရမယ်။ ( သတ္တာနံ ၀ိသုဒ္ဓိယာ )
ပူဆွေးမူကို လွန်မြောက်လို၊ သတိပဌာန်လမ်းကို လိုက်ရမယ်။ ( သောကာနံ သမတိက္ကမာယ )

ငိုကြွေးမှုကို လွန်မြောက်လို၊ သတိပဌာန်လမ်းကို လိုက်ရမယ်။ ( ပရိဒေ၀ါနံ သမတိက္ကမာယ )
ကိုယ်ဆင်းရဲကို ချုပ်ငြိမ်းလို၊ သတိပဌာန်လမ်းကို လိုက်ရမယ်။ ( ဒုက္ခာနံ အတ္ထင်္ဂမာယ )

စိတ်ဆင်းရဲကို ချုပ်ငြိမ်းလို၊ သတိပဌာန်လမ်းကို လိုက်ရမယ်။ ( ဒေါမနဿာနံ အတ္ထင်္ဂမာယ )
အရိယာမဂ်ကို ရချင်လို၊ သတိပဌာန်လမ်းကို လိုက်ရမယ်။ ( ဥာယဿ အဓိဂမာယ )
နိဗ္ဗာန်နန်းကို ရောက်ချင်လို၊ သတိပဌာန်လမ်းကို လိုက်ရမယ်။ ( နိဗ္ဗာနဿ သစ္ဆိကရိယာယ )

ဆိုတဲ့ အားပေးစကားများ အဆုံးအမများကို သတိတရရွတ်ဆိုပွားများမိရင်း အိန္ဒိယမှာ သာသနာ ပြန်လည်ရှင်သန် နေပြီ၊ မကွယ်ပျောက်သေးပါလား.. ဟူသောအသိဖြင့် ၀မ်းမြောက်ဝမ်းသာ ဆက်လက်လျောက်လှမ်းနေမိတော့သည်။
မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ)
("ဆရာတော် အရှင်သုနန္ဒာလင်္ကာရ” ၏သီလဂုဏ်,သမာဓိဂုဏ်,ပညာဂုဏ် ,တို့ကို ပူဇော်ကြည်ညိုသောအားဖြင့်,ဆရာတော်ရေးသားသည့်တရားတော်တစ်ပုဒ်ကိုပြန်လည်မျှဝေဓမ္မဒါနပြု
ခြင်းဖြစ်ပါသည်)

ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလာ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့