Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 12 May 2013

လွမ်းမိပါတယ် ... ချစ်သော ... မေမေ ...


၁၂ - ၅ - ၂၀၁၃ ဆိုတာ ... ( အမေများနေ့တဲ့လား )
ကျွန်မ အတွက်တော့ သူတကာတွေ ပြောတဲ့
အမေများနေ့ဆိုတာမှာ တ စရာ အမေ မရှိ ၊
သူများ တကာတွေလို အမေ မွေးနေ့တွေမှာလည်း ...
ပူဇော်ကန်တော့ ဦးချစရာ အမေ မရှိ ...
သူများထက် ထူးခြားတဲ့ နေ့... ရှိတော့ ရှိ၏ ...
ထိုတစ်နေ့ဆိုတာ အမေ ထာဝရ ခွဲခွာသွားတဲ့
တစ်သက် မမေ့နိုင်စရာ အကြေကွဲဆုံးနေ့တစ်နေ့
( ၂၅ - ၉ - ၂၀၀၀ ) တနလာင်္နေ့ မနက် ၉ နာရီ မိနစ် ၂၀

ကျွန်မ ဆိုင် က ၀န်ထမ်း ကလေးတွေဆီ
အလုပ် ပိတ်ရက်တွေ မှာ သက်ဆိုင်ရာ အမေတွေ
အလျှဉ်းသင့်သလို လာတွေ့သောအချိန် ...
တစ်ချို့သော ကလေး က အမေ နှင့် ရန်ဖြစ်၏
တစ်ချို့ သော ကလေး က အမေ နှင့် စိတ်ကောက်၏ ။
တစ်ချို့ သော ကလေး က အမေ နှင့် ငြူစူ၏ ။
ထိုအခါ အမေ မရှိတဲ့ ကျွန်မ မနေနိုင်စွာ ပြောထွက်မိတဲ့
စကားတစ်ခွန်းက ... လုပ်ကြ ၊ လုပ်ကြ ...
အမေ ရှိတုန်း တန်ဖိုး နားမလည် ... ရန်ဖြစ်ထားကြ ...
မရှိတော့ မှ ကိုယ်လို တန်ဖိုးသိပြီး မတမ်းတကြနဲ့ ... လို့ပါ ...

သွေးထွက်အောင် မှန်တဲ့ ဤစကား
အမေ ရှိခိုက် ဒီ အလုပ် မလုပ်ပါနဲ့ ဆို .. လုပ်၏
ဒီခရီး မသွားပါနဲ့ဆို သွား၏ ၊ ဒီလမ်း မလျှောက်ပါ နဲ့ဆို လျှောက်ကြည့်၏ ...
ဒီလူ နဲ့ မပေါင်းနဲ့ ဆို ဘာလဲ သိရအောင် စမ်းပေါင်းကြည့်၏ ။
တကယ်တမ်းမှာ အမေ ဆိုတာ ... သူလို မမှားရအောင် / သူလို မခံစားရအောင်
ဦးဆောင် ဦးရွက် လမ်းပြစွာ နဲ့ မှားစရာ ရှိလျှင် သူအရင်မှား ၊
ခံစရာရှိ သူသာလျှင် အရင်ဆုံး ရင်ဆီး ခံသွားပေးမယ့် သားသမီးတွေ အတွက်
တစ်ဦးတည်းသော အသက်စွန့်ပေးမယ့် သူရဲကောင်းပါလား ... ဆိုတာ
ထိုစဉ် အချိန် က အမေ တန်ဖိုး နားမလည်နိုင်ခဲ့ပါ ....

တကယ့် တကယ်တမ်း အမေ မရှိတာ ...
တစ်ပတ် မှ တစ်လ ၊ တစ်လ မှ တစ်နှစ် ၊ တစ်နှစ် မှ ဆယ်နှစ်တိုင်လာရမှ
နှစ်ကာလ ဘယ်လောက်ဘဲ ကြာကြာ ၊ သားသမီးတွေ ဘ၀မှာ
အမေ ဆိုတာ ... ဘယ်သောအခါ မှ တန်ဖိုး မဖြတ်နိုင်တဲ့ ...
အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးပါဘဲလား ... ဆိုတာကို
အစားပြန်မရနိုင်တဲ့ ဆုံးရှုံးမှုများစွာ ရင်းနှီးပြီးမှ နောင်တတရားများစွာ နဲ့
စတေး ပေးဆပ်ပြီး သိခွင့်ရခဲ့ပါတယ် ...
အစိုးမရနိုင်တဲ့ မရဏ ခရီးကြမ်းကို စိတ်မဖြောင့်ခြင်းများစွာ နဲ့
မသွားချင်ဘဲ ရုတ်တရက်ကြီး နှုတ်မဆက်နိုင်စွာ ခွဲခွာသွားတဲ့
အမေ တစ်ယောက် သူ မရှိမှ တန်ဖိုး သိနားလည်စွာ တမ်းတနေတာ သိများသိလျှင် ...

အမေ ....
အမေ့ ကို သာ ဒီဘ၀ ဒီတစ်သက် ပြန်ရနိုင်မယ် ဆိုပါလျှင် ...
ဆင်းရဲချင် ဆင်းရဲနေပါစေ ...
နွမ်းပါး နိမ့်ကျလျှင် နိမ့်ကျနေပါစေ ...
ဂုဏ်မရှိစွာ သေးနုတ်လျှင် သေးနုတ်နေပါစေ ...
ခြေလက် မစွမ်းမသန် ... ဖြစ်ကောင်း ဖြစ်နေခဲ့ပါစေ ...
အမေ ... ဆိုတဲ့ ရင်ခွင် တစ်ခု ... ခုံလှုံခွင့်များ ပြန်ရခဲ့ရင် ...
ဤကမ္ဘာလောကကြီးမှာ ကျွန်မ လောက် ကံကောင်းနိုင်သူ
မည်သူမှ ရှိနိုင်တော့မည် မထင်ပါချေ ...
အို လွမ်းမိပါတယ် ... ချစ်သော ... မေမေ ...

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့