Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 15 May 2013

“ဇေတ၀န်မြေ၀ယ်ယူစဉ်က ..ကိစ္စ”


“ဇေတ၀န်မြေ၀ယ်ယူစဉ်က ..ကိစ္စ”

ဓမ္မမိတ်ဆွေသည် ဓမ္မစာပေများလေ့လာသောအခါတွင်“ဘဂ၀ါ=မြတ်စွာဘုရားသည်၊သာဝတ္တိယံ=သာဝတ္ထိပြည်၌…………
ဇေတ၀နေ=ဇေတဥယျာဉ်၌ (ဇေတ၀န်မင်သား၏ဥယျာဉ်၌ဆောက်လုက်အပ်သောကြောင့် ဇေတ၀န်မည်သောဥယျာဉ်
ကျောင်း၌၊၀ိဟာရတိ=နေတော်မူ၏”ဆိုသည်ကို မုချ သတိပြုပေမည်။
ထို“ဇေတ၀န်” နေရာမြေကို “သုဒတ္တ” ခေါ်“အနာထပိဏ်သူဋ္ဌေးကြီး”က မည်သူ့ထံမှ မည်၍မည်မျှပေးကမ်းဝယ်ခြမ်းပြီးမည်
သည့်ကျောင်းကိုဆောင်လုပ်၍လှူဒါန်းသည် ဆိုသည့်အခြေအနေမျိုးကိုတော့ အတော်အတန်သိပြီးဖြစ်ပါလိမ့်မည်။

သို့သော် ထိုမြေနေရာ ကိုဝယ်ယူရာဖို့စကားပြောစဉ်က ပိုင်ရှင်နှင့်အကြိတ်အနယ်ပြောကာ “အနာထပိဏ်သူဋ္ဌေးကြီး”၏ချေ
ပစကားသည် အလွန်နက်နဲပြီး အသိခက်လှသောကြောင့် မသိသေးသူများအတွက် ထုတ်ဖော်တင်ပြလိုပါသည်။

ဤသို့သူဋ္ဌေးကြီး၏ ချေပ ထုနှက်ဖျက်ဆီးပစ်နိုင်သောကြောင့်ပင်“ဇေတ၀န်ကျောင်းတော်ကြီး”ဟူ၍သာသနာ့သမိုင်း၌တံ
တိုင်းခတ်ထားနိုင်ခဲ့ခြင်းဖြစ်သည်ဟု အတိုချုပ်နားလည်ခဲ့သည် ဆိုချင်ပါသည်။

သူဋ္ဌေးကြီးသည် ရှေးဆုတောင်းကောင်းမှုကြောင့်“ရာဇဂြိုလ်ပြည်”၌“ဘုရား-ဘုရား”ဆိုသော အသံကိုကြားရကာမျှဖြင့်အ
ချိန်အခါမဲ့ကြီးတွင် “ဗုဒ္ဓမြတ်စွာဘုရား”ထံသွားရောက်ဖူးမျှော်ပြီး“သာဝတ္တိပြည်”သို့လည်းကြွရောက်တော်မူရန်ပင့်ဖိတ်
လျှောက်ထားလာခဲ့သည်။

မိမိ“သာဝတ္ထိ”သို့ပြန်ရောက်သောအခါမှာလည်းဘုရား အစရှိသော သူတော်ကောင်းတို့နှင့် သင့်တော်သောနေရာကိုရှာဖွေ
သောအခါ “မြို့နှင့်လည်းမနီးလွန်း၊မဝေးလွန်း၊သွားရောက်ဖို့လည်း လွယ်ကူ၊လူသံတို့မှလည်းတိတ်ဆိတ်”စသောအင်္ဂါရပ်တို့
နှင့် ညီညွှတ်သည့်ဤ“ဇေတ၀န်ဥယျာဉ်ကြီး”ကိုသာ မျက်စိကျခဲ့သည်။

သို့သော် ဤ“ဇေတ၀န်ဥယျာဉ်”သည်ကား-သာမညလူ ပိုင်ဆိုင်ထားသည်မဟုတ်။“သာဝတ္ထိပြည့်ရှင်ဘုရင်” “ကောသလ
မင်းကြီး”၏“ဇေတ”ခေါ် သားတော်တစ်ပါးပိုင်ဆိုင်သော နေရာကြီးဖြစ်ခဲ့သည်။

သို့ပါသော်လည်း သူဋ္ဌေးကြီးသည် ရလိုရငြားသဘောဖြင့်(အမှန်က မုချရမည်သာ)ထို မင်းသားထံ အခေါက်ခေါက်အခါအခါ
သွားရောက်ပြီး ဤသို့လျှောက်ထားခဲ့လေသည်။

“အရှင့်သား-ကျွန်ုပ်သည် ဗုဒ္ဓမြတ်စွာဘုရားရှင်အတွက်ကျောင်းတိုက်အရာမ် ဆောက်လုပ်လှူဒါန်းလိုပါသည်။ထို့ကြောင့်
အရှင့်သား၏ဥယျာဉ်ကြီးကို ကျွန်ုပ်အား (အဖိုးဖြတ်၍)..ရောင်းစေချင်ပါသည်”ဟု မကြာခဏပြောဆိုနေခဲ့ပါသော်လည်းမင်း
သားက မရောင်းလို။

သို့သော် ပြဿနာကို တိုတိုဖြင့်ပြီးသွားစေရန် တန်-မတန်၊တော်-မတော် မစဉ်းစားတော့ဘဲ-
“သူဋ္ဌေးကြီး-ကျွှန်ုပ်၏ဥယျာဉ်ကို အသပြာချင်းအစွန်းချင်းထိအောင်ခင်းပေးသဖြင့်လည်း(ဥယျာဉ်မြေပေါ်၌အသပြာအပြည့်
ဖြန့်ခင်းပေးပါသော်လည်း)ကျွန်ုပ် မပေးနိုင်၊မရောင်းနိုင်ပါ”ဟု နောက်ဆုံးပိတ်စကားပြောဆိုလိုက်တော့သည်။

ထိုအခါသူဋ္ဌေးကြီးသည် မင်းသား၏စကားကျ ကို ကောက်ယူဖမ်းကိုင်လိုက်ပြီးလျှင် -
“အရှင့်သားသည် ဇေတ၀န်ကျောင်းတော်ကြီးကိုရောင်းဝယ်ရန် စကားကမ်းလှမ်း ပြောကြားမိချေပြီ”ဟုမင်းသား၏စကားကို
ကိုင်ငင်တုပ်ချည်ပြီးတစ်ဆင့်တက်ကာပြန်လည်လျှောက်ထားလိုက်လေသည်။

ထိုအခါ မင်းသား က-
“သူဋ္ဌေးကြီး-ငါသည် ငါ၏ဥယျာဉ်ရောင်းဝယ်ရန်ကမ်းလှမ်းသည့်စကားမပြောခဲ့ပါတကား”ဟုပြန်လည်၍ငြင်းဆိုခုခံချေပလေ
တော့သည်။

သို့သော်ဤပြဿနာသည်ဤမျှဖြင့် ရပ်ဆိုင်းမသွားခဲ့ပါ။တစ်ဦးနှင့်တစ်ဦးငြင်းခုံပြီးနောက်ဆုံး၌ရုံးတော်သို့ ထိုအမှုရောက်
သွားတော့သည်။

ထိုခေတ်ကာလအလျောက်အလွန်တရားစောင့်သည့် အမတ်ကြီးများက အောက်ပါအတိုင်းဆုံးဖြတ်ပေးလိုက်ကြသည်။

“အရှင့်သားသည် အသပြာချင်းထိအောင်ခင်းသဖြင့်လည်း-ဟူ၍မတန်မရာ၊မထိုက်သည့်စကားပြောဆိုမိရကား(ပြောဆိုမိ
လိုက်သောကြောင့်)ရောင်းဝယ်ရန်ပြောဆိုသည့်စကားပြောမိပေပြီ”ဟူ၍ အဓိကအချက်ကိုကိုင်သုံးပြီင်္းမင်းသားအားအရှုံးပေး
လိုက်လေသည်။ထို့ကြောင့်သာ “ဇေတ၀န်ကျောင်းတော်ကြီး”ဟူ၍ဖြစ်ထွန်းပေါ်ပေါက်လာနိုင်ခြင်းဖြစ်သည်။လွယ်လွယ်ကူ
ကူဖြင့် ဖြစ်ပေါ်လာခဲ့သည် မဟုတ်ပေ။

အထက်ပါ ဗုဒ္ဓဘုရားရှင်ခေတ်ကအသုံး(ပါဠိဂတိ)စကားကို ယခုခေတ်ကျွန်ုပ်တို့ဉာဏ်၌ပေါ့ တော့တော့၊ပေါ့ရွှတ်ရွှတ်ဟုထင်
မြင်သူရှိကောင်းရှိပါလိမ့်မည်ဖြစ်သော်လည်း“မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး”ကပင်-

“ထိုစကားသည် အလွန်သိမ်မွေ့သောစကားဖြစ်သည်။ဉာဏ်ပညာကြီးရင့်စွာဖြင့်စဉ်းစားဆင်ခြင်နိုင်မှနားလည်ကျေနပ်နိုင်
မည်ဖြစ်သည်”
ဟု သီးသန့် မှာထားချက်“မဟာဗုဒ္ဓ၀င်ကြီး”၌ဖော်ပြခဲ့ဖူးပါသည်။ထို့ကြောင့်ခေတ်ကာလ ဥပဒေကြောင်းမျှလောက်တို့ဖြင့်
မစဉ်းစားသင့်ပါ။

“ဗုဒ္ဓ”၏“ပဋိစ္စသမုပ္ပါဒ်”နည်းဖြင့်ကြည့်ပါက ပြုလုပ်ပြီးခဲ့သည့်“ကံ”(စေတနာ)၊ထို“ကံ”၏အသီးအပွင့်ဖြစ်သည့်အကျိုးအာနိ
သင်တို့ကိုမလွဲမသွေထည့်သွင်းစဉ်းစားရမည်။

ထိုသို့ဖြစ်လျှင် ဘုရားရှင်ပြုကျင့်ခဲ့သည့် “ပါရမီ”များနှင့် သူဋ္ဌေးကြီး၏ရှေးဘ၀ဆုတောင်းများကြောင့် ထိုမြေကိုတစ်နည်း
မဟုတ်တစ်နည်းဖြင့်ပိုင်ဆိုင်လာရမည်မှာဧကန် ဖြစ်ပေသည်။

“ဇေတ၀န”ခေါ်“ဇေတ၀န်ဥယျာဉ်(ဇေတ၀န်ကျောင်း)”နေရာကား ရှေးရှေးက မရေမတွက်နိုင်သော ဘုရားရှင်များနှင့်နှစ်
ကျိတ်ရှစ်ဆူဘုရားရှင်တိုင်း၏ ကျောင်းတော် နေရာကြီး မဟုတ်ခဲ့ပါသော်လည်း

(၁) “၀ိပဿီဘုရား”လက်ထက်က တစ်ယူဇနာကျယ်သော
(၂) “သိခီဘုရား”လက်ထက်က သုံးဂါဝုတ်ကျယ်သော
(၃) “ဝေဿဘူဘုရား”လက်ထက်က ယူဇနာဝက်ကျယ်သော
(၄) “ကကုသန်ဘုရား”လက်ထက်က တစ်ဂါဝုတ်ကျယ်သော
(၅) “ကောဏာဂမဏဘုရား”လက်ထက်က ဂါဝုတ်ဝက်ကျယ်သော
(၆) “ကဿပဘုရား”လက်ထက်က ဥသဘ(၂၀)-(၀ိနည်း-ဋ္ဌ အလို) ကျယ်သော

ကြီးမားလှသည့် “သံဃာ့အရာမ်ကြီးများ” ဖြစ်ခဲ့ဖူးသည်။ဟူ၍“မဟာဗုဒ္ဓ၀င်ကျမ်းကြီး”၌ဖော်ပြထားသဖြင့်ကျွန်ုပ်တို့ “ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင်”တစ်ဆူတည်းသာသီတင်းသုံးခဲ့သည်မဟုတ် ။ရှေးရှေးဘုရားရှင်တို့၏လမ်းကြောင်းဓမ္မတာအ
တိုင်းဖြစ်ခွင့်ရှိနေသောကြောင့်ဤဇေတ၀န်ကျောင်းတော်နေရာကိုပိုင်လာရခြင်းဟု ဆိုရပေလိမ့်မည်။

(၁၉၉၆၊မတ်လ၊ ဓမ္မရံသီဓမ္မမဂ္ဂဇင်း၊အမှတ်စဉ်(၇၅)၊ မှ ဆရာသာကီဆွေ၏“ဇေတ၀န်မြေ”အမည်ရဆောင်းပါးကို မှီငြမ်း၍ ,ပြန်လည်,မျှဝေ,ဓမ္မဒါနပြုခြင်းဖြစ်ပါသည်)
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့