Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 9 August 2013

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှာ သုံးစွဲခွင့် ပိတ်ပင်လိုက်တဲ့ နို့ မှုန့် တွေ ပုသိမ်မှာ ဈေးကွက်မြှင့်တင်

"ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ပေါ် ကျောင်းများတွင် နယူးဇီလန်နိုင်ငံမှ ထုတ်လုပ်သော နို့မှုန့်များကို ဈေးကွက်မြှင့်တင် ရောင်းချမှုများ ပြုလုပ်ခဲ့"

ယခုအခါ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှာ တင်သွင်း သုံးစွဲခွင့် ပိတ်ပင်လိုက်တဲ့ နယူးဇီလန်နိုင်ငံထုတ် နို့မှုန့်တစ်မျိုးကို ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ပေါ်ရှိ အထက ကျောင်းများတွင် လာရောက်ပြီး ဈေးကွက်မြှင့်တင် ရောင်းချမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါ နို့မှုန့် အမျိုးအစားဟာ Anlene အမည်ရှိ အရိုးပွရောဂါ ကာကွယ်ရေးနို့မှုန့်ဆိုပြီး ရောင်းချခဲ့တယ်လို့ သိရပါတယ်။

ကျောင်းများရှိ ဆရာ/မများကို အရိုးပွရောဂါ ရှိ၊ မရှိ စစ်ဆေးပေးပြီး နို့မှုန့်တွေကို ကြော်ငြာ ရောင်းချသွားတာ ဖြစ်ပါတယ်။

အခုလတ်တလော ထွက်ပေါ်နေတဲ့ သတင်းများအရ တရုတ်နိုင်ငံမှာဆိုရင် နယူးဇီလန် နိုင်ငံထုတ် နို့နဲ့ နို့ထွက်ပစ္စည်း အားလုံးကို ပိတ်ပင်ထားပြီး ထိုင်းနိုင်ငံမှာလည်း အဆိုပါ Anlene, Anmum နှင့် Anchor^Fernleaf နို့မှုန့် အမျိုးအစားတွေကို ကျန်းမာရေး ဌာနကနေ စစ်ဆေး ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

အဆိုပါသတင်းကို မသိရှိသေးတဲ့ ပုသိမ်မြို့ပေါ် ကျောင်းများမှ ဆရာ/မတွေ အတော်များများ
Anlene နို့မှုန့်ကို ၀ယ်ယူမိခဲ့ကြတယ်လို့ သိရပါတယ်။

ဆရာမတစ်ဦးရဲ့ ပြောဆိုချက်ကတော့ "ဆရာ/မတွေကို အရိုးပွရောဂါ စစ်ပေးပြီး ရှိတယ်ဆိုတော့ ကျွန်မတို့က ကြောက်မိတာပေါ့။ အဲဒီတော့ နို့မှုန့်တွေကိုလည်း ၀ယ်လိုက်မိကြတယ်။ နောက်မှ အင်တာနက်ကြည့်နေကျဖြစ်တဲ့ အိမ်က သမီးက ဒီလိုဒီလိုဖြစ်နေတယ်လို့ ပြောမှ ဒီကိစ္စကိုအမှန်အတိုင်းသိရတာ" လို့ ထုတ်ဖော်ပြောဆိုပါတယ်။

အဲဒီဆရာမကပဲ ထပ်လောင်းပြောဆိုရာမှာ "'ဒါက တိုင်းပညာကရော၊ မြို့နယ်ပညာရေးမှူးရုံးကပါ ကျောင်းတွေကို ၀င်ရောင်းဖို့ ခွင့်ပေးထားလို့ ဖြစ်မှာပေါ့နော်။ ကျွန်မတို့တော့ အသေအချာမသိပါဘူး"လို့ ဆိုပါတယ်။

အခုအခါမှာ ပုသိမ်မြို့ပေါ်ကျောင်းတွေကို စီးပွားရေးလုပ်ငန်းရှင် ကုမ္ပဏီတချို့က ဈေးကွက်မြှင့်တင်ရေးနေရာတစ်ခုအဖြစ် သတ်မှတ်ထားသလား မသိနိုင်လောက်အောင် အချိုရည်၊ မျက်မှန်လုပ်ဖို့ စတာတွေပါ လာရောက် လုပ်ဆောင်နေကြတယ်လို့ အဆိုပါဆရာမတစ်ဦးကပဲ ပြောဆိုခဲ့ပါတယ်။

Anlene ကုမ္ပဏီဟာ ပုသိမ်မြို့ပေါ်က အထက ၁၊ ၃၊ ၅ စတဲ့ကျောင်းတွေကို ၀င်ရောက် ရောင်းချခဲ့ပြီး မြို့ပေါ်ကျောင်းအားလုံးကို ၀င်ရောက်ပြီး ဈေးကွက်မြှင့်တင်ရေးလုပ်၊ နို့မှုန့်တွေ ရောင်းချဖို့
စီစဉ်ဆောင်ရွက်နေတာပါ

 မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနကတော့ “နို့မှုန့်ထုတ်ကုန်တွေရဲ့
မှတ်တမ်းတွေကို စစ်ဆေးနေပါတယ်။ အခုချိန်ထိတော့ အထောက်အထား မတွေ့သေးပါဘူး”လို့ ပြောဆိုကြောင်း သတင်းတချို့ကို အကိုးအကားပြုပြီး သိရှိရပါတယ်။

 အဲဒါကြောင့် မြန်မာနိုင်ငံမှာတော့ တရားဝင် ပိတ်ပင်ကန့်သတ်ထားတာမျိုး မရှိသေးပေမဲ့ ၀ယ်ယူ သုံးစွဲဖြစ်အောင် ဆွဲဆောင်ခြင်း ခံခဲ့ရသူတွေအနေနဲ့တော့ စိုးရိမ်ပူပန်မှုတွေ ဖြစ်နေရပါတယ်။

နောက်ဆုံးကြားသိရတဲ့ သတင်းကတော့ ပုသိမ်မြို့နယ်၊ ပညာရေးမှူးရုံးကနေ မြို့ပေါ်ကျောင်းတွေ အားလုံးကို နို့မှုန့်အပါအ၀င် အခုလတ်တလောမှာ ကျောင်းတွေကို ဘာပဲလာရောင်းရောင်း မ၀ယ်ယူကြဖို့ ဖုန်းတွေဆက်ပြီး အကြောင်းကြားနေတယ်လို့ သိရပါတယ်။

ဧရာဒယ်လ်တာသတင်းအုပ်စု (ပုသိမ်)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့