Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 7 August 2013

၂ဝ၁၅ ရွေးကောက်ပွဲဝင်ဖို့ ညီနောင်တိုင်းရင်းသားပါတီ မှတ်ပုံတင်တော့မည်

 ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ယူနီယံပါတီ (FUP) ကို အခုသြဂုတ်လအတွင်း မှတ်ပုံတင်သွားမယ်လို့ မနေ့က ရန်ကုန်မြို့၊ လမ်းမတော်ကွန်ဒိုမှာပြုလုပ်တဲ့ ဖက်ဒရယ်ယူနီယံပါတီ တည်ထောင်ရေးဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဖယ်ဒရယ်ယူနီယံပါတီကို အခုလအတွင်းမှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး FPUပါတီက ပြောရေးဆိုခွင့်ရသူ ဦးစောသန်းမြင့်က RFAကိုအခုလိုပြောပါတယ်။

"မကြာခင်မှာ ပါတီသစ်ကို မှတ်ပုံတင်မယ့် ကိစ္စလေးတွေ ကျနော်တို့ လျာထားတာပေါ့လေ၊ ဒါပေမယ့် ပါတီအသီးသီးက ကိုယ်စားလှယ်တွေကို အခုမှစတွေ့တယ်ဆိုတော့လေ၊ အားလုံးတော့ အမြန်ဆုံးတင်နိုင်ဖို့တော့ ကြိုးစားကြမယ်လို့ မနေ့က ဆုံးဖြတ်ထားကြတာပေါ့နော်၊ အခုလက်ရှိ သူတို့လျာထားတဲ့ဥစ္စာတွေက သူတို့ပါတီက အရင်ဆုံးထွက်ပြီးတော့ အခုဖွဲ့မည့်အထဲကို ဝင်ရတာပေါ့နော်”

လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားညီနောင်ပါတီတွေ ဝင်ရောက်မယှဉ်ပြိုင်နိုင်တဲ့ မြေပြန့်ဒေသက တိုင်းရင်းသားတွေရဲ့ မဲဆန္ဒတွေရရှိနိုင်ဖို့အတွက်လည်းရည်ရွယ်ပြီး ဖက်ဒရယ်ယူနီယံပါတီ FUP ကို တည်ထောင်ရတာဖြစ်တယ်လို့ သိရပါတယ်။

ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးအဖွဲ့ဝင်ပါတီတွေကတော့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဝ ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီစတဲ့ပါတီ ၁၅ ပါတီနဲ့ ဖွဲ့စည်းထားတာပါ။ အခုအသစ်ဖွဲ့ထားတဲ့ ဖက်ဒရယ်ယူနီယံပါတီအဖွဲ့ဝင်အဖြစ် အဲဒီ ၁၅ ပါတီက အနည်းဆုံးတစ်ပါတီကို တစ်ယောက်အဖွဲ့ဝင်ဖြစ်ရမှာဖြစ်ပြီး မိခင်ပါတီက နှုတ်ထွက်ပေးရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ဆွေးနွေးညှိနှိုင်းမှုတွေအပြီး ဖက်ဒရယ်ယူနီယံပါတီကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့