Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 9 August 2013

ကုမ္ပဏီနဲ့ ကန်ထရိုက် ချထားပေးသူတွေ ရိုက်စားလုပ်သွားတဲ့ ရေဆင်း စိုက်တက္ကသိုလ်က ကတ္တရာလမ်း

ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အတွင်းရှိ လမ်းများကို ကတ္တရာလမ်းများခင်းရာတွင် ကန်ထရိုက်ရရှိသူကုမ္ပဏီအနေဖြင့် အမှန်တကယ်သုံးစွဲရမည့်လမ်းကြိတ်စက်ယန္တရားကိုမသုံးစွဲဘဲ ရာဘာရိုလာလမ်းကြိတ်စက်ငယ်ကလေးကိုသာသုံးစွဲပြီး အပေါ်ယံအမြင်လှရုံ  ပြီးစလွယ်ခင်းသွားခဲ့ကြောင်းနှင့် လမ်းအောက်ခြေပိုင်း ၆×၉ ကျောက်များကြားတွင်ဂလိုင်များဖြစ်နေပြီး မိုးများချိန်တွင်ရေများစိမ့်ဝင်ကာ နှစ်အနည်းငယ်အတွင်း ပျက်စီးသွားဖွယ်ရှိ ကြောင်း လမ်းလုပ်ငန်းကျွမ်းကျင်သူများကပြောကြားခဲ့သည်။

ရေဆင်းဒေသတွင် နှစ်ရှည်တာဝန်ထမ်းဆောင်ဖူးသူ အငြိမ်းစားဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ဦးက `` လမ်းအောက်ခံ ၆×၉ကျောက်ကို အခုလို ရာဘာရိုလာကြိတ်စက်နဲ့ကြိတ်တာ နည်းလမ်းမကျပါဘူး၊သံဘီးလမ်းကြိတ် စက်ကြီးနဲ့ကြိတ်ရပါတယ်၊ဟိုခေတ် ဆောင်လုပ်ရေးအင်ဂျင်နီယာကြီးတွေဆိုရင် သံဘီးကြိတ်စက် ဘီးတွေထဲမှာ ရေအပြည့်ထည့်ပြီးမှကိုကြိတ်လေ့ရှိတာဗျ၊ဒါမှ ကျောက်ကြီးတွေက လေဟာနယ်မရှိ စေ့သွားနိုင်တာ၊အခုလိုမျိုး လုပ်နေတာ ကို ဘယ်သူကမှ စောင့်ကြည့်စစ်ဆေးတာမရှိဘူးထင်တယ်၊ဘယ်လိုအင်ဂျင်နီယာမှလည်းမပါဘဲ ဒီလမ်းတွေကိုခင်းသွားတာ၊တက္ကသိုလ်ကလည်း မစစ်ဆေးဘဲလက်ခံလိုက်သလားမသိဘူး၊ကုမ္ပဏီက ရိုက်စားလုပ်သွားတာပဲ၊သံဘီးလမ်း ကြိတ်စက် အကြီးတောင်မရှိတဲ့ ကုမ္ပဏီကို ကန်ထရိုက်ချပေးလိုက်တာလည်း အံ့သြစရာပဲ၊ဒီလမ်းက အလွန်ဆုံးခံရင် သုံးနှစ်ပါပဲ၊အပေါ်ယံ ကတ္တရာကုတ်အားနည်းသွားချိန် အချပ်လိုက်လန်ထွက်သွားမှာသေချာတယ်``ဟု ပြောပြခဲ့၏။
       
ရေဆင်းတက္ကသိုလ်ဒေသခံတစ်ဦးကလည်း ``လမ်းခင်းပြီးစ မိုးတွေတအားသည်းခဲ့ပြီးနောက်မှာ လမ်းအောက်ကရေတွေဆက်တိုက်စီးထွက်နေတာသတိပြုမိတယ်၊ဒီလိုရေတွေစီးထွက်နေတော့မှ ကုမ္ပဏီကအလုပ်သမား တွေခေါ်လာပြီး လမ်းပုခုံးမှာ ကြပ်တီးမြေနဲ့ရိစာတွေ အမောတကောလာဖို့ခဲ့ကြတယ်၊လမ်းခင်းနေတဲ့ကာလတစ်လျှောက်လုံး တက္ကသိုလ်က အင်ဂျင်နီယာတွေဆရာတွေဘယ်သူမှ စောင့်ပြီး မကြီးကြပ်လေတော့ ဖြစ်သလိုလုပ်သွားကြတာ၊ လမ်းမျက်နှာပြင်က အခုကတည်းကလှိုင်းတွေဖြစ်နေသလို တစ်ချို့နေရာတွေက ခွက်ဝင်နေတာတွေ့ရတယ်၊ ကုမ္ပဏီနဲ့ဌာနဆိုင်ရာက တာဝန်ရှိသူတွေပေါင်းပြီး စားသွားကြတာနေမှာပေါ့ဗျာ၊ဒီလမ်းကို ပြန်ပြီးစစ်ဆေးပေးဖို့နဲ့နောက်ကွယ် မှာ အဂတိလိုက်စားမှုတွေရှိမရှိ သေချာစိစစ်ဖော်ထုတ်အရေးယူပေးဖို့ကောင်းတယ်`ဟုဆို၏။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့