Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 7 September 2013

စပါးအုံးမြွေ အိမ်ပေါ်တက် လူမျိုရန် ကြိုပမ်း

ဒဂုံမြို့သစ်တောင်ပိုင်းရှိ ကိုသန့်ဇော်ဦး နှင့် မစမ်းစမ်းသူတို့ နေထိုင်ရာအိမ်။ ဓာတ်ပုံများ - အေးသိဂီသန်း။ Yangon Media Group ရန်ကုန် ၊ စက်တင်ဘာ ၆ ။        ။ အိမ် တွင် တက်ရောက်ခိုအောင်းနေ သည့် ကြီးမားသည့်စပါးအုံးမြွေ တစ်ကောင်က အိမ်ရှင်အမျိုးသား တစ်ဦးကို ဖျစ်ညှစ်သတ်ပြီး ဝါးမျို ရန်ကြိုးပမ်းမှုတစ်ခု ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၌ စက်တင်ဘာ ၅ရက်က ဖြစ်ပေါ်ခဲ့ကြောင်း စုံစမ်း သိရသည်။ သို့သော် အဆိုပါမြွေကို အိမ် ရှင်အမျိုးသားက ပြန်လည်သတ် ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။ ဒဂုံမြို့သစ်တောင်ပိုင်းမြို့ နယ်ရှိ လူနေထူထပ်သောရပ်ကွက် ဖြစ်သည့် အမှတ်(၇၀)ရပ်ကွက်၊ စိတ္တကျော်သူ လမ်း၊ အိမ်အမှတ် ၁၅၉၆ တွင် စက်တင်ဘာ၅ရက် မွန်းလွဲ၂နာရီခွဲဝန်းကျင်က ဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး အိမ်ခန်းအတွင်း ဝင်အိပ်သည့် အိမ်ရှင်အမျိုးသား ကို နေအိမ်တွင် တက်ရောက်ခို အောင်းနေသည့် လုံးပတ်တစ်ပေ၊ အရှည် ကိုးပေသုံးလက်မအရွယ် ရှိစပါးအုံးမြွေက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မြွေတိုက်ခိုက်ခြင်းခံ ခဲ့ရသည့် မိသားစုဝင်များနှင့်အိမ် နီးနားချင်းများ၏ ပြောကြားမှု အရ သိရသည်။

''သူက အိပ်မယ်ဆိုပြီး အိမ် ထဲကို ဝင်သွားတဲ့အချိန်မှာ မြွေက သူ့ကိုလက်ကနေစပြီး ခန္ဒာကိုယ်၊ လည်ပင်းတွေကို ပတ်ထားလိုက် တာ။ သူက မြွေခေါင်းကိုမိအောင် ညှစ်ပြီး ထရံမှာထိုးထားတဲ့ ကြက် သွန်လှီးဓားနဲ့ ထိုးသတ်လိုက်တာ။ အချက်ပေါင်းများစွာ ထိုးထား တာ''ဟု မြွေဝါးမျိုရန်ကြိုးပမ်းမှုဖြစ် ခဲ့ပုံကို ဇနီးဖြစ်သူက ပြောသည်။  အဆိုပါနေအိမ်၏ အလုပ် အကိုင်သည် အငှားကားမောင်း ခြင်းဖြစ်ပြီး လေးနှစ်အရွယ်ကလေး ငယ်တစ်ဦးအပါအဝင် ကိုသန့်ဇော် ဦးနှင့် မစမ်းစမ်းသူတို့ မိသားစု သုံးဦး နေထိုင်ကာ အခင်းဖြစ်သည့် အချိန်တွင် ကလေးအား မူကြို ကျောင်းကို ပို့ထားချိန်ဖြစ်ပြီး လူနှင့်မြွေတို့ ၁၅မိနစ်ခန့် တိုက် ခိုက်ခဲ့ရကြောင်း သိရသည်။ မြွေတိုက်ခိုက်မှုခံခဲ့ရသည့် အမျိုးသား၏ဇနီး မစမ်းစမ်းသူ က ''အမျိုးသားက ကားခဏနား ပြီးပြန်လာတာ။ သူက အိပ်ချင်လို့ အရင်ဝင်သွားပြီး အစ်မက ဈေး ဝယ်ဖို့ကျန်ခဲ့တာ။ ပြန်လာတော့ သူနဲ့ မြွေနဲ့ နပန်းလုံးနေတာပဲ''ဟု ဖြစ်ပျက်ပုံကိုပြောသည်။

မစမ်းစမ်းသူက ''အစ်မနဲ့ ကလေးပဲ ရှိချိန်မှာဖြစ်ရင်မလွယ် ဘူး။ အခု မြွေခွေတဲ့နေရာမှာ ကလေးက အမြဲဆော့နေကြ။ အ ရုပ်ပုံးက အဲဒီမှာထားတာ။ အခု ချက်ချင်း အိမ်ပြောင်းတော့မှာ မနေရဲတော့ဘူး''ဟု စက်တင်ဘာ ၆ရက် နေ့လယ် ပိုင်းက ပြောသည်။ ပုံမှန်အားဖြင့် နေအိမ်၏ နောက်ဖေးအပေါက်ကို ပိတ်ထား သော်လည်း ယင်းနေ့တွင်ရာသီ ဥတုသာယာသည့်အတွက် ဖွင့် ထားချိန်တွင် တက်ရောက်လာ ခြင်းဖြစ်ကြောင်း အိမ်ရှင်မိသားစု က ပြောသည်။

ဘေးချင်း ကပ်နေအိမ်မှ အိမ် နီးချင်းဒေါ်မူက ''အစ်မက အိပ် နေတာ။ သူက မမူရေ၊ မမူရေနဲ့ လှမ်းအော်တယ်။ ထွက်ကြည့်တော့ မြွေနဲ့ သူနဲ့လုံးနေတာ။ ပြီးတော့ မြွေက အပုံလိုက်ကြီး။ ဟဲ့ ဘယ် က ဖမ်းလာတာလဲလို့ သူ့ကိုမေး တော့ မောနေ တဲ့ အတွက် ချက် ချင်းမဖြေနိုင်ဘူး။ မေးကြည့်တော့ သူအိပ်နေတာ လည်ပင်းကို မြွေ ကလာရစ်တာ။ သူနဲ့မြွေ သတ် နေတဲ့အချိန်မှာ လှမ်းခေါ်နေတာ လို့ပြောတယ်။ အစ်မက ချက်ချင်း ထွက်မကြည့်မိဘူး''ဟု ဖြစ်ပျက် ခဲ့ပုံကို ပြောသည်။

အဆိုပါမြွေသေကို (၇၀) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ လာ ရောက်ယူငင်သွားကြောင်း၊ နောက် ထပ်မြွေနှင့်ပတ်သက်ပြီး မည်သည့် အကြောင်းမှ မကြားရတော့ကြောင်း မြွေနှင့်တိုက်ခိုက်ခဲ့သည့် မိသားစု များက ပြောသည်။ မျက်နှာချင်းဆိုင်နေအိမ်မှ ရပ်ကွက်သားတစ်ဦးက ''ဒီမြွေတွေ က မွေးမြူထားတာဖြစ်မယ်။ အဲဒီ ကနေ လွတ်ပြီးထွက်လာတာလဲ ဖြစ်နိုင်တယ်။ အဲဒီမြွေက နည်း နည်းနောနော အကောင်ကြီးမ ဟုတ်ဘူး။ သူ့ရဲ့သည်းခြေအိတ်၊ ညှို့အိတ်၊ အရေခွံတွေက တန်ဖိုး ရှိတယ်။ အသေကို ရောင်းရင် တောင် သိန်းချီရနိုင်တယ်''ဟု သုံး သပ်ပြောသည်။

ယခုအဖြစ်အပျက်နှင့်ပတ် သက်ပြီး မြွေအသေကောင်ကိုယူ သွားသည့် (၇၀)ရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးမောင်သန့်က ''ရပ်ကွက် အထောက်အကူပြုအဖွဲ့တွေရဲ့ အရှေ့မှာပဲ ပီနံအိတ်နဲ့ထည့်ပြီး မြေမြှုပ်လိုက်တယ်။ အထက်အဖွဲ့ အစည်း အဆင့်ဆင့် ကိုလဲ ပြောပြ ထားပြီးပါပြီ''ဟု ပြောသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့