Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 8 September 2013

သတ်မှတ်အချိန်ပိုထက် ပိုဆင်းခိုင်းသည့် စက်ရုံများကို တရားစွဲမည်



ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များမှ အလုပ်သမားဥပဒေတွင် သတ်မှတ်ထားသည့် အချိန်ပိုထက်ပို ဆင်းခိုင်းသဖြင့် နောက်ဆုံးအကြိမ် သတိပေးခံရသော စက်ရုံ ၂၀ ကျော်ကို ခံဝန်ကတိ ထိုးခိုင်းထားပြီး နောက်ထပ်ကျူးလွန်ပါက တရားစွဲမည် ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမား စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။

လှိုင်သာယာမြို့နယ် ကနောင်ခန်းမတွင် စက်တင်ဘာ ၇ ရက်နေ့က ပြုလုပ်သည့် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အလုပ်ရှင်၊ အလုပ်သမား တွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး စက်ရုံ၊ အလုပ်ရုံများအတွက် တစ်ပတ်လျှင် နာရီ ၂၀ စီ အချိန်ပို လုပ်ကိုင်ခွင့်ရရန် ခွင့်ပြုပေးထားကြောင်း ၎င်းက ထပ်မံပြောကြားသည်။

အထည်ချုပ် စက်ရုံများအနေနှင့် အော်ဒါများ လက်ခံရာတွင် စက်ရုံရှိ အလုပ်သမားများ စွမ်းရည်နှင့် လုပ်ဆောင်နိုင်သလောက်ကိုသာ မှာယူသင့်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။

အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားသော အလုပ်ချိန်ထက် အလုပ်သမားများကို အလုပ်ဆင်းခိုင်းလိုပါက အလုပ်သမား၊ အလုပ်ရှင် သဘောတူညီမှုနှင့် ဝန်ကြီးဌာနကို တင်ပြနိုင်ပြီး စစ်ဆေး၍ အမှန်တကယ် လိုအပ်ပါက ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

နိုင်ငံခြားက မှာယူထားသည်များ ပေးပို့ရမည့် အချိန်ကပ်၍ အလုပ်မပြီးသော အခါတွင် ညလုံးပေါက် အချိန်ပိုခေါ်ယူခြင်းများ ပြုလုပ်ရပြီး အတင်းအကျပ် ခေါ်ယူခြင်း မရှိကြောင်း ငွေကံ့ကော် အထည်ချုပ်စက်ရုံ မန်နေဂျင်းဒါရိုက်တာ ဦးစိုးဝင်းက ပြောသည်။

“နိုင်ငံခြားက မှာတာတွေ အချိန်မီမပြီးရင် percentage အလိုက်ဖြတ်တယ်။ ချူပ်ခမပေးတဲ့ အပိုင်းတွေလည်း ရှိတယ်။ ကြာရင် လျော်ကြေးတွေပါ ပေးရနိုင်တယ်။ ဒါကြောင့် ဖြေလျှော့ပေးစေချင်တယ်” ဟု ၎င်းကဆိုသည်။
၂၀၁၂ ခုနှစ် သြဂုတ်လ အတွင်းကလည်း တနင်္ဂနွေ အလုပ်ပိတ်ရက်များတွင် အလုပ်ချိန် ပိုမိုခိုင်းစေသော စက်ရုံ၊ အလုပ်ရုံ ၁၀၀ ကျော်ကို အလုပ်ရုံနှင့် အလုပ်သမား စစ်ဆေးရေးဦးစီးဌာနက သတိပေးခဲ့သည်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့