Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 12 September 2013

ပလက်ဝတွင် ရခိုင်လွတ်မြောက်ရေးပါတီ ဆက်ကြေးတောင်းဟုဆို

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်စပ်တွင် အခြေစိုက် နေထိုင်သော ငြိမ်းချမ်းရေး ဆွေးနွေးဆဲ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) က ချင်းပြည်နယ်ရှိ ပလက်ဝမြို့ ဒေသခံများကို ဆက်ကြေးတောင်းခဲ့ကြောင်း အဆိုပါမြို့ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့က အဆိုပါ ပါတီမှ ဗိုလ်ကြီးအဆင့်ရှိ ဦးခိုင်လင်း ရောက်ရှိလာပြီး ပလက်ဝမြို့ရှိ အိမ်ထောင်စု တစ်စုလျှင် ၆၀၀၀ကျပ်၊ ဈေးဆိုင်ကြီး တစ်ဆိုင်လျှင် ၁၅,၀၀၀ ကျပ်၊ ဈေးဆိုင်ငယ် တစ်ဆိုင်လျှင် ၆၀၀၀ကျပ်ကို တောင်းခံခဲ့ပြီး သြဂုတ်လအကုန်တွင် အိန္ဒိယနိုင်ငံဘက်မှ ချမ်းရွာသစ်ရှိ ဦးအောင်သာဦး ဆိုသူထံသို့ ပေးရမည် ဖြစ်ကြောင်း၊ မပေးနိုင်၊ မပေးလိုပါက အသက်အန္တရာယ် ထိခိုက်စေမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ပလက်ဝအခြေစိုက် ခူးမီး မီဒီယာတွင် ဖော်ပြထားသည်။

"အဲဒီသတင်းကို ကြားပါတယ်။ အရင်ကတည်းက မြို့ပေါ် လာတောင်းတာတွေ ရှိခဲ့ဖူးတယ်။ အခုနောက်ပိုင်းမှာတော့ သိပ်မရှိတော့ဘူး" ဟု အဆိုပါ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းအောင်က ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူးက ပြည်နယ်အစိုးရသို့ သြဂုတ်လ ၂၁ ရက်နေ့က အကြောင်း ကြားခဲ့ရာ ဆက်ကြေးပေးဆောင်ခြင်း မပြုရန်နှင့် ပေးဆောင်သူကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဖမ်းဆီးအရေးယူမည်ဟု အကြောင်း ပြန်ခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ဒေသခံတို့မှာ ဆက်ကြေးတောင်းသူ များကို ကြောက်ရကြောင်း၊ ယခင်က တောင်းလျှင် ပေးရကြောင်း၊ မပေးလျှင် လူသတ်သည်အထိ ရှိခဲ့ဖူးကြောင်း၊ ယခုအခါ ပြည်နယ် အစိုးရဘက်မှ ပေးဆောင်ခြင်းမပြုရန် ထုတ်ပြန်ခဲ့သည့်အတွက် ပေးရမည်၊ မပေးရမည်ကို ဆုံးဖြတ်မရကြောင်း ပလက်ဝမြို့ ဒေသခံ ဦးပီတာက ပြောကြားသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်း က အဆိုပါ ငြိမ်းချမ်းရေးနှင့် သောင်းကျန်းသူ အဖွဲ့များက ဆက်ကြေးကောက်ခံမှု ရှိပါက ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ကျေးရွာမှ လူတစ်ဦးဦးက လုံးဝပေးဆောင်ခြင်း မပြုရန်၊ ပေးဆောင်သူကို ထိရောက်စွာ အရေးယူမည်ဟု ဇွန်လ ၅ ရက်နေ့က ပလက်ဝမြို့ ကီမိုခန်းမတွင် ပြုလုပ်သော ဒေသခံများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ၄ ရက်နေ့ ကလည်း အိန္ဒိယနယ်စပ် တမူးမြို့တွင် ကသည်းလက်နက်ကိုင် တစ်ဦးက ကုန်သည် တစ်ဦးကို ဆက်ကြေးတောင်းခံမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါမြို့ ဒေသခံများထံမှ သိရသည်။
ထိုင်းနိုင်ငံရှိ ချင်းမိုင်မြို့တွင် စက်တင်ဘာလ ၉ရက်နေ့က ရခိုင်လွတ်မြောက်ရေးပါတီ နှင့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် သဘောတူညီမှု တစ်စုံတစ်ရာ မရခဲ့ကြောင်း ပြည်တွင်းပြည်ပ သတင်းများတွင် ဖော်ပြထားသည်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့